သက်ကယ်ရိတ်စကားများ(၅)
"ကံအကြောင်းဆက်ရအောင် ညီညီရေ"
"ဟုတ်ကဲ့ ကိုကို"
"မေးခွန်းလာမယ်ညီညီ..အိပ်ပျော်နေစဉ်ကာလမှာ ဘယ်လိုစိတ်တွေအများဆုံး ဖြစ်သလဲ။ ဖြေပါဦး။"
"ဘ၀င် စိတ်တွေပါကိုကို"
"အင်း အဲဒီ ဘ၀င်စိတ်တွေဟာ ကံဖြစ်နိုင်တဲ့ စိတ်တွေမဟုတ်ကြဘူး။"
"၀ီထိစိတ်တွေကျန်သေးတယ်ကိုကို၊ ကံစိတ်တွေဟာ ၀ီထိစိတ်အစဉ်အတန်းထဲမှာ ရှိရမယ်။ ဟုတ်လားကိုကို"
"၀ီထိစိတ်အစဉ်အတန်း တစ်ခုမှာ စိတ်အလုံးရေ ၁၇ လုံးပါတာ ညီညီသိခဲ့ပြီ၊ အဲဒီစိတ်အလုံးရေထဲမှာ အားကောင်းတဲ့ စိတ်တွေဟာ ကံမြောက်တဲ့ စိတ်တွေဖြစ်ရမယ်။ အချို့စိတ်တွေကတော့ အတိတ်ရဲ့အကျိုး ၀ိပါက်စိတ်တွေ ဖြစ်တဲ့ အတွက် ကံမြောက်တဲ့ စိတ်တွေမဖြစ်နိုင်ဘူး။ ဒီတော့ အားအကောင်းဆုံး စိတ်က ဘာသွားကျန်မလဲ။ ညီညီဘယ်လိုထင်လဲ"
"ဇောစိတ်တွေပဲနဲ့ တူတယ် ကိုကို"
"ဟုတ်တယ်။ ၀ီထိတစ်ခုမှာ ရှိတဲ့ ဇောစိတ်ဟာ ကံမြောက်တဲ့စိတ်ပဲ။ ဒါကြောင့် ၀ီထိတစ်ခု ဖြစ်တိုင်းဖြစ်တိုင်းမှာ ကံမြောက်တဲ့ ဇောစိတ်တွေ ဖြစ်တတ်တယ်။ အတိအကျဆိုရရင် ဇောစိတ်တွေနဲ့ယှဉ်တဲ့ စေတနာ စေတသိက်ဟာ ကံပဲ ညီညီ။"
"စေတသိက်ဆိုတာကဘာလဲ ကိုကို"
"စေတသိက်ဆိုတာဟာ နာမ်တရားပဲ ညီညီ။ စိတ်ဖြစ်တိုင်းဖြစ်တိုင်း စေတသိက်က အမြဲပါရတယ်။ စိတ်ဟာရေနဲ့တူတယ်လို့ ဆိုရင် စေတသိက်ဟာ ရေကိုအရောင်ဆိုးနေတဲ့ နာမ်တရားပဲ။"
"မှတ်မိပြီကိုကို စိတ်နဲ့အတူတူဖြစ် အတူတူပျက်။ အာရုံပြုတာလည်း တူတဲ့ ငါးဆယ့်နှစ်ပါး မဟုတ်လား။"
"ဟုတ်ပါလေရဲ့ ညီညီ။ ဒါနဲ့ သူတို့နှစ်ခုကို ခွဲခြားလို့ မဖြစ်နိုင်ဘူးဆိုတာပါ တစ်လက်စတည်း မှတ်ထားသင့်တယ်။ ဘာကြောင့်လည်းဆိုတော့ စိတ်တစ်လုံးဖြစ်တိုင်ဖြစ်တိုင်း စေတသိက်တွေ အများကြီး အတူတကွ ဖြစ်ရတယ်။ စိတ်ဖြစ်ရင် စေတသိက်ဟာ ဖြစ်ပြီးသားပဲ။ မဖြစ်ဘဲမနေဘူး။"
"ဒါဖြင့် စေတသိက်ကို ဖယ်ထားပြီး စိတ်အတိုင်းထားလိုက်ရင် စေတသိက်အရောင် ဆိုးခံရတာကနေ လွတ်မြောက်နိုင်တယ် လို့ ယူဆကြတာကရော"
"ဒါကတော့ တိုင်းပြည်အချို့က ထေရ၀ါဒမဟုတ်တဲ့ ဗုဒ္ဓဘာသာအချို့ ရဲ့  အလိုဖြစ်ဟန်တူတယ်။ တကယ့်လက်တွေ့ မှာတော့ စိတ်ဖြစ်ရင် စေတသိက်က ပါပြီးသားပဲ ဖြစ်ရမှာပဲ။ ခွဲခြားလို့ မရနိုင်ဘူး။ ဒါကြောင့် စိတ်ကို သီးသန့်ခွဲပြီး ထားလို့ရနိုင်မယ်လို့ တော့ မရှိဘူး။"
"ကံဆိုတာဟာ စေတနာစေတသိက်လို့ ပြောရင် ဖြစ်နိုင်မလား ကိုကို"
"မှန်ပါတယ်။ စေတနာ စေတသိက်ဟာ တိုက်တွန်းစေ့ဆော်တဲ့ သဘောလေးပဲ။ ကောင်းမှု လုပ်ဖို့ပဲဖြစ်ဖြစ် မကောင်းမှုလုပ်ဖို့ပဲ ဖြစ်ဖြစ် စေ့ဆော်တိုက်တွန်းတဲ့ သဘောလေးရှိတယ်။
"ဒါဖြင့်ရင် ကံတွေဟာ လူ့မနောမှာပဲ ဖြစ်လေ့ရှိတာလို့ ဆိုလိုတာလား ကိုကို။"
"ပါဏာတိပါတ စတဲ့ သီလပိုင်းနဲ့ မရောယှက်ပါဘူးလို့ ၀န်ခံရင်တော့ အဲဒီအတိုင်းပဲ ပြောရတယ်။"
"ဒါဖြင့်ရင် စိတ်ထဲကပဲ သူတစ်ထူးကို ချမ်းသာစေချင်တဲ့ သဘောရှိပြီး ကိုယ်ထိလက်ရောက် မလုပ်ပေးဘူးဆိုရင်ရော ကုသိုလ်ကံမြောက်သလား ကိုကို"
"သူတစ်ထူးကို ချမ်းသာစေချင်တဲ့ စိတ်ကလေးဆိုတာမျိုးက အမြဲတမ်းတောင် ထုံမွှမ်းနေအပ်သေးတာကပဲ ညီညီရ။ ခဏခဏ လည်း အဲဒီလိုချမ်းသာစေချင်တဲ့ စိတ်ကလေး ရအောင် ပွားများပေးရတယ်။ အဲဒီလို ပွားများတာဟာ မေတ္တာဘာဝနာပဲ။ ပွားများတာ ကြာတော့ စကားပြောတော့လည်း သူတစ်ပါးကို ချမ်းသာစေချင်တဲ့ စိတ်ကလေးနဲ့ပဲ ပြောတော့တယ်။ ထောင်လွှားတဲ့ သဘောနဲ့ မပြောဘူး။ မကောင်းတာတွေလည်း မပြောတော့ဘူး။ ဒီ့ထက်အားကောင်းလာတော့ အလုပ်လုပ်ရင်လည်း သူတစ်ပါး ချမ်းသာမဲ့ အလုပ်ကိုပဲ လုပ်တယ်။ မဟုတ်တာတွေ မလုပ်ဘူး။ စိတ်ကြောင့် ရုပ်ပိုင်းဆိုင်ရာတွေ အလုပ်ပိုင်းဆိုင်ရာတွေ ပြောင်းလဲ လာတာပါပဲ။"
"တစ်ချို့အများအကျိုး ဆောင်နေကြတဲ့ ပုဂ္ဂိုလ်တွေ ဒေါသတွေ ဘာတွေကြီးကြတာပဲကိုကို သူတို့ကတော့ မေတ္တာမထားကြလို့လား"
"ဒေါသထွက်နေတဲ့ကာလမှာ ထွက်ပေမဲ့ အကြားအကြားမှာ အများကို ချမ်းသာစေချင်တဲ့ မေတ္တာအရင်းခံ ကာလလည်း ရှိကြတယ် ညီညီ။ အဲဒီကာလက စေတနာ ရဲ့  တွန်းအားကြောင့် အများကောင်းကျိုးကို ဆောင်ရွက်ကြတာပဲ။"
"ဒါဖြင့် စိတ်ထဲမှာ ပွားများတာဟာလည်း ကုသိုလ်ကံ အကုသိုလ်ကံ ဖြစ်နိုင်တယ်ပေါ့ နော် ကိုကို။"
"ရုပ်အမူအယာတွေဟာလည်း စိတ်ကနေတစ်ဆင့်ဖြစ်ရတာပဲ ညီညီ။ လူတစ်ဦးကို သတ်တယ်ဆိုတာဟာ လူတစ်ဦးကို သတ်နိုင်လောက်အောင် အင်အားပြင်းထန်တဲ့ ဇောစိတ်တွေ အကြိမ်ကြိမ်အဖန်ဖန် ဖြစ်ပြီးမှ သတ်နိုင်လောက်အောင် အင်အားကောင်းတဲ့ ရုပ်လှုပ်ရှားမှုတွေ ဖြစ်လာရတာပဲ။ ဇောက ပြင်းထန်းအားကောင်းမှပဲ သတ်ဖို့ ဖြစ်နိုင်တယ်။ အဲဒီလို သတ်လိုက်မိရင်တော့ လူသတ်မှု ဖြစ်တယ်။ ရုပ်လှုပ်ရှားနိုင်လောက်တဲ့ အထိ ဇောတွေက အင်အားမကောင်းရင်တော့ စိတ်ထဲကပဲ သတ်ချင်စိတ် ဖြတ်ချင်စိတ်တွေ ဖြစ်လာတယ်။ လက်တွေ့တော့ မသတ်မိဘူး။ မသတ်မိပေမဲ့ အကုသိုလ်ကံတွေတော့ စိတ်ထဲမှာ ဖြစ်သွားရတယ်။"
"ဒါဖြင့်ရင် အဲဒီ အကုသိုလ်ကံတွေဟာလည်း အကျိုးပေးနိုင်တယ်ပေါ့ နော် ကိုကို။"
"ဘယ်ကံမဆို အကျိုးပေးနိုင်တယ် ညီညီရ။ ဒါပေမဲ့ အကျိုးပေးတဲ့ နေရာမှာတော့ သူ့ဦးစားပေးအဆင့်အတိုင်း အကျိုးပေးကြတယ်။ အားကောင်းတာ အားမကောင်းတာတွေရှိတယ်။ သီလကို ဖောက်ဖျက်မိအောင် ပြင်းထန်တဲ့ စိတ်ဇောကံတွေကတော့ အားကောင်းတဲ့ အကုသိုလ်ကံတွေပေါ့။ သီလမဖောက်မိဘဲ စိတ်ထဲတင် ဖြစ်တဲ့ ကံမျိုးကတော့ ဒီလောက်အားမကောင်းလှဘူး။
အချို့ကံတွေကတော့ အကြောင်းကြောင်းကြောင့် ချုပ်ပျောက်ကုန်တာတွေရှိတယ်။ မှေးမှိန်ကုန်တာတွေရှိတယ်။ အချို့ကတော့ ပိုမိုထိန်လင်းလာတာတွေရှိတယ်။ ပိုမိုအားကောင်းလာတာတွေ ရှိတယ်။ ဘ၀တစ်ခုလုံးကို ဘယ်ကံက ဘယ်လိုအကျိုးပေးတယ် စသည်ဖြင့် ပြောနေရင် ပြီးနိုင်ပါ့မလား ညီညီရေ"
"ဟုတ်တယ် ကိုကို ဒီအတိုင်းဆိုရင် မပြီးနိုင်ဘူး။"
"အထင်ရှားဆုံး ကာလအားဖြင့်တော့ ပဋိသန္ဓေ ယူတဲ့ အခိုက်မှာ အကျိုးပေးတဲ့ ကံတွေကို ခွဲခြားပြီး ပြောကြဆိုကြတာ ကြားဖူးတယ်။ ကျန်တာတွေဟာလည်း ဒီအတိုင်းပဲ ယူဆရင် သဘောပေါက်သွားလိမ့်မယ်။"
"ဟုတ်ကဲ့ပါကိုကို။ အသေးစိတ်ရင်လည်း အချိန်ကုန်ရုံပါပဲ။ ဒီလောက်ဆို ညီညီသဘောကျပါပြီ။"
"အရေးကြီးတာတစ်ခုက ဗုဒ္ဓဘာသာမှာ ရှိတဲ့ ကမ္မကို အင်္ဂလိပ်ဘာသာက fate တို့ destiny တိုနဲ့ မရောထွေးဖို့ပဲ။ fate တို့ destiny တို့ကတော့ မလွှဲသာ မရှောင်သာတဲ့ ကံကြမ္မာမျိုးကို ဆိုလိုတာပဲ။ လူ့ဘ၀ကို ကြိုတင်စီရင်ချက်ချထားတဲ့ ကံကြမ္မာမျိုးပဲ။
ဒါကတော့ တော်တော်လေး အဓိပ္ပါယ်ကင်းမဲ့ပါတယ်။ လူတစ်ဦးက ကိုယ့်ပါးကို ရိုက်လို့ ပါးနာသွားရင်တောင် ကံဇာတ်ဆရာရဲ့ အလိုကျလို့ ပြောကြတယ်။ အမှန်ကတော့ ရိုက်တဲ့ လက်ဖ၀ါးကို ရှောင်ဖို့ အားမထုတ်လို့သာလျှင် အရိုက်ခံရတာပဲ။ ပါးရိုက်တာကို မရှောင်မိလို့ နာရတာကို ဒီလောက်အထိ ဆွဲငင်ပြီး ယူဆကြတာကတော့ ကံကိုပုံချတတ်တဲ့ ပြဋ္ဌာန်းခံဝါဒီတွေ လုပ်လေ့ရှိတာပဲ။
တို့ဗုဒ္ဓဘာသာဝင် တွေကတော့ နှုတ်ကသာ ကံမကောင်းဘူးလို့ မကြာခဏ ညည်းကြတယ်။ ဥာဏ်နဲ့ဝီရိယကို ပစ်ပယ်ပြီး ကံကိုချည်းသက်သက် တတမ်းတတ လုပ်နေတာမျိုးတော့ မရှိပါဘူး။ နှုတ်ကကံမကောင်းဘူး ပြောပေမဲ့လည်း လုပ်စရာရှိတာတော့ လုပ်ကြတာပါပဲ။ အချို့တော့ ရှိကောင်းရှိမယ်။ ဒီလို ပြဋ္ဌာန်းခံဝါဒ ဘက်ရောက်သွားတာ။ ဗုဒ္ဓဘာသာ ကိုယ်နှိုက်ကတော့ ဒီလို ကံကိုပုံချတဲ့ ပြဋ္ဌာန်းခံဝါဒမျိုး မဟုတ်ပါဘူး။ ကံကို ပြုပြင်တဲ့ လူသားဝါဒ တစ်မျိုးပါ။
နောက်တစ်ချက်ကလည်း အကြောင်းအကျိုးကို သမုတိနယ်ပယ်မှာ ပြောရင် သတိကြီးကြီးထားပြီး ပြောဖို့လိုတယ်။ သိပ္ပံပညာမှာ ဆိုရင် A ကြောင့် B ဖြစ်တယ်လို့ ပြောမဲ့ဆိုမဲ့ အစား A နဲ့ B ဟာ တိုက်ရိုက် ပြောင်းလဲ နေတယ် ဒါမှမဟုတ် ပြောင်းပြန် ပြောင်းလဲနေတယ်လို့ ပိုပြီးပြောတတ်ကြတယ်။"
"ဒါက အဆန်းပါလား ကိုကို"
"မဆန်းဘူး ညီညီ။ P=F/A ဆိုတဲ့ ညီမျှခြင်းမှာ P က pressure, F က Force A က area လို့ထား။ ညီညီက Area (A) ကို ထည့်မစဉ်းစားဘဲ ချန်ထားလိုရင် P(Pressure) ဟာ F (Force) နဲ့ တိုက်ရိုက်ပြောင်းလဲနေတယ် လို့ ပြောခွင့်ရှိတယ်။ ဆိုလိုတာက Force လို့ ခေါ်တဲ့ အားသက်ရောက်မှုများရင် Pressure လည်းများနိုင်တယ်။ ဒါပေမဲ့ ပြည့်စုံပြီလား ဆိုတော့ကား မပြည့်စုံသေးဘူး။ ဘာလိုနေသေးလို့လဲ။"
"Area လိုနေသေးလို့ ကိုကို။"
"ဟုတ်တယ်။ အားသက်ရောက်မှု များပေမဲ့ သက်ရောက်ရတဲ့ ဧရိယာ ကျယ်နေရင်တော့ ဖိအားဟာ များလာနိုင်စရာ အကြောင်းမရှိဘူး။ ဒါကြောင့် Force ကြောင့် Pressure များရတယ်လို့ တည့်တည့် မပြောဘဲ Pressure ဟာ Force ကိုမူတည်ပြီး ပြောင်းလဲနေတယ်လို့ ပြောတာကို ညီညီ ဘယ်လိုသဘောရလဲ။"
"သိမ်မွေ့ ပြီးအပြစ်ကင်းတဲ့ စကားလို့ သဘောရပါတယ် ကိုကို။"
"အတိအကျ မပြောရကောင်းလားလို့ အပြစ်တင်သင့်ပါ့မလား ညီညီ။"
"ဘယ်အပြစ်တင်သင့်ပါ့မလဲ ကိုကို။ Pressure ကို ပြောင်းလဲစေတာက Force အပြင် Area ပါ ရှိနေသေးတာပဲ။ Force ကြောင့် Pressure များရပါတယ်လို့ ပြောရင် ဖြစ်ပေမဲ့ အပြစ်မကင်းတဲ့ စကားဖြစ်မှာပေါ့။ Force များရဲ့သားနဲ့ Area ကျယ်တဲ့ အတွက် Pressure လိုက်မများတဲ့ အခါမျိုးမှာ ဒီစကားဟာ လုံးလုံးမှားတဲ့ စကားဖြစ်သွားမှာပေါ့ ကိုကိုရဲ့"
"အစစ်ပဲ ညီညီ။ လူတစ်ဦးရဲ့ ချမ်းသာခြင်း ဆင်းရဲခြင်းတွေမှာလည်း ဒီအတိုင်းပဲ။ အပြတ်ပြောဖို့ မဖြစ်နိုင်ဘူး။ အတိတ်ကံ လည်းပါမယ်။ ပစ္စုပ္ပန်ကံ လည်းပါမယ်.။ ဥာဏ်နဲ့ဝီရိယ လည်းပါမယ်။ ခေတ်ကာလ အခြေအနေလည်း ပါမယ်။ ဒီအရာတွေထဲမှာ ဦးစားပေး အဆင့်အတန်းကလည်း ရှိသေးတယ်။ ကံကိုဖယ်ပြီး ဥာဏ်နဲ့ဝီရိယကိုပဲ အားကိုးပြီး ပြောနေရင်လည်း အပြစ်မကင်းနိုင်ဘူး။ ဥာဏ်နဲ့ဝီရိယကို ဖယ်ပြီးကံကိုချည်း အားကိုးပြီး ပြောနေရင်လည်း မမှန်သေးဘူး။ ကံဥာဏ်ဝီရိယကိုပဲ ပြောဆိုပြီး ခေတ်ကာလကို နားမလည်ရင်လည်း မမှန်နိုင်သေးဘူး။ ဒါကြောင့် ဒါတွေကို အပြတ်ပြောဖို့ မဖြစ်နိုင်တာပဲ။"
"၂ နဲ့ ၂ ပေါင်းရင် လေး ရတယ် ဆိုတဲ့ သေချာလွန် ဆင်ခြင်သိမျိုးကိုတော့ လူ့လောကမှာ သုံးလို့ မဖြစ်ဘူးထင်တယ်နော် ကိုကို။"
"၂+၂= ၄ ဆိုတဲ့ သချာင်္ရဲ့ အကြွင်းမဲ့ သေချာမှု သဘောဟာ ရှေးရိုးသိပ္ပံရဲ့ ဟောင်းမျဉ်းတဲ့ ပြတိုက်ထဲမှာ လဲလျောင်းနေပါသတဲ့ ညီညီ။ ခေတ်ပေါ် မော်ဒန်သိပ္ပံဟာ ဖြစ်တန်စွမ်း သိပ္ပံသီဝရီသဘောတရားပါ။ ဒါကြောင့် လူ့လောကမှာ အကြွင်းမဲ့သေချာမှုနဲ့ ကိုင်ဆွဲပြောဆိုလို့ မရတော့သလိုပဲ သိပ္ပံပညာမှာလည်း အကြွင်းမဲ့သေချာမှု သဘောနဲ့ ကိုင်ဆွဲပြောဆိုလို့ မရတော့ပါဘူး။ လောကအနေနဲ့ ကြည့်ရင် အရာရာဟာ ဖြစ်နိုင်ချေတွေပါပဲ.. ညီညီ"

0 comments:
Post a Comment