ဆင်းရဲသားပပျောက်ရေးတရားတော်.......(၁၃)
မဖြုန်းတီးပါနှင့်
၁။ ပစ္စည်းဥစ္စာ
၂။ မိမိ၏ခွန်အား
၃။ ၀န်ထမ်းတို့၏လုပ်အားကို မဖြုန်းတီးပါနှင့်၊
၁။ ပစ္စည်းဥစ္စာကို မဖြုန်းတီးပါနှင့်၊
ရေသဖန်းသီးစားသူများ။ ။ ဘုန်းကြီးတို့ ဗုဒ္ဓစာပေတွေထဲမှာ ပစ္စည်းဥစ္စာဖြုန်းတီးသူကို ရေသဖန်းသီး စားသူတွေနှင့် တူတယ်လို့ ပြထားပါတယ်။ ရေသဖန်းသီး စားသူများဟာ ကိုယ်စားချင်တဲ့ သစ်သီးကို ကိုယ်စားချင်သလောက်သာ ဆွတ်ခူးစားကြတာ မဟုတ်ပါဘူး။ ပေါပေါများများနေရာတိုင်းမှာ ရှိတဲ့ သစ်သီးဖြစ်နေတော့ တန်ဖိုးလည်း မထားကြပါဘူး။ ရေသဖန်းသီး မှည့်တွေ ရှိတဲ့ အကိုင်းကို လှုပ်ချပြီး၊ တချို့ဆို ပင်စည်ကနေတောင် လှုပ်ချပြီး ကြွေကျလာတဲ့ အသီးတွေထဲက ကြိုက်နှက်သက်ရာကို ရွေး၍ ကြိုက်သလောက်စားပြီး ကျန်တာတွေ ဒီအတိုင်း ပစ်ထားခဲ့ကြတာပါ။ စားတာက နည်းနည်း၊ ချွေချလို့ လှုပ်ချလို့ အလကားဖြစ်တဲ့ သစ်သီးတွေက အများကြီးဆိုပါတော့ ။ ပစ္စည်းဥစ္စာဓန သုံးစွဲတဲ့နေရာမှာ အဲဒီလို မလုပ်ကြဖို့ မြတ်စွာဘုရားက ဆုံးမတော်မူပါတယ်။
၂။ မိမိခွန်အား ကို မဖြုန်းတီးပါနှင့် ၊
တစ်ခါတုန်းက ဘုရားအလောင်းတော်က ရွှေသမင် မင်းဘ၀ပေါ့။ ရန်သူဘုရင်က နောက်ကနေ လက်နက်အပြည့်အစုံ နှင့် သတ်ဖို့ လိုက်တယ်။ ရွှေသမင်မင်းက ရှေ့က ပြေးရရှာ တာပေါ့။
ရွှေသမင်က စဉ်းစားတယ်။ နောက်က လိုက်နေတဲ့ ဘုရင်က အလွန်ခွန်အားကြီးတဲ့ ဘုရင်ဖြစ်နေတယ်။ အဝေးကြီးထိ မမောတမ်း ပြေးလိုက်နိုင်စွမ်းရှိတယ်။ ငါက တစ်ဟုတ်ထိုး သုံးယူဇနာ လောက်ပဲ ပြေးနိုင်တာ။ ခွန်အား ဖြုန်းလို့ မဖြစ်ဘူးလို့ တွေးပြီး ရှင်ဘုရင်ပြေးလိုက်လျှင် ရွှေသမင်ကလည်းပြေးတယ်။ ဘုရင့်လက်နက် လွတ်ရုံလောက်ပေါ့။ ဘုရင်မမီရုံကလေး။ ရှင်ဘုရင်က ဖြေးဖြေးလိုက်လျှင် ရွှေသမင်က လည်း ဖြည်းဖြည်းပြေးတယ်။ အဲဒီလို နောက်ကလိုက်တဲ့ ခြေသံကို နားစွင့်ပြီး ပြေးတာ လွတ်ရုံပဲ။ ခွန်အားကို မဖြုန်းဘူး။ ဒီတော့ ခွန်အားမကုန်တော့ဘူးပေါ့။ ခွန်အားမလျော့ဘူး။ ခွန်အားပြည့်မြဲ ပြည့်နေတယ်။
အဲဒါကြောင့် မိမိရဲ့ ခွန်အား၊ မိမိရဲ့ အရှိန်အ၀ါ၊ မိမိရဲ့ အခွင့်အာဏာ၊ မိမိရဲ့ စကား စတာတွေကို မဖြုန်းတီးသင့် ပါဘူး။ သူ့နေရာနှင့် သူ သင့်လျော်လောက်ရုံသာ အသုံးပြုသင့်ပါတယ်။
၃။ ၀န်ထမ်းတို့၏ လုပ်အားကို မဖြုန်းတီးပါနှင့်၊
အလုပ်သမားတွေရဲ့ လုပ်အားကို မဖြုန်းတီးပါနှင့်။ စောစောက ပြောခဲ့တဲ့ မဟောဗောဓိ ဇာတ်တော်ထဲမှာ ဘုရားလောင်းရသေ့က ဆုံးမတယ်။
အလုပ်မှာ ကျွမ်းကျင်ထက်မြက်တဲ့ သေချာပေါက် လုပ်နိုင်ကိုင်နိုင်သူတွေကို (ပစ်မလွဲ လက်ဖြောင့်တပ်သား၊ လက်ဖြောင့် လုပ်သားတွေမျိုးကို ဆိုလိုတာပေါ့)၊ အရာဌာနမဟုတ်သည်၌ စေခိုင်းခြင်းအားဖြင့် မဖြုန်းတီးပါနှင့်။ ၀န်ထမ်းတွေနှင့် မဆန့်ကျင်ပါနှင့်။ အလုပ်သမားတွေနှင့် မဆန့်ကျင်ပါနှင့်၊ အရာဌာနမဟုတ်တဲ့နေရာတွေမှာ ခိုင်းစေခြင်းဟာ ၀န်ထမ်းတွေရဲ့လုပ်အားကို ဖြုန်းတီးရာရောက်သလို ဆန့်ကျင်ရာလည်းရောက်ပါတယ်။
ဒါကြောင့် ပစ္စည်းဥစ္စာ၊ မိမိ၏ခွန်အား၊ ၀န်ထမ်းတွေ၏ လုပ်အား ကို မဖြုန်းတီးပါနှင့်။

0 comments:
Post a Comment