နက်ဖြန် ဆွမ်းလှူမယ်
နက်ဖြန် ဆွမ်းလှူမယ်
အရင်အပတ်က လောင်းတဲ့ ပဲနီချက်၊ ဒကာ ကိုဖြိုးနဲ့ ကိုထက်တို့က ပဲတစ်အိတ် လာလှူတဲ့အတွက် အကုန်မချင်း အပတ်စဉ် ပဲချက်ကပ်နိုင်ပါပြီ။မနက်ဖြန် တနင်္လာနေ့ မနက် ၅ နာရီက စပြီး စစ်ကိုင်းတောင် သာသနာ့ဝေပုလ္လကျောင်းတိုက်ရှေ့မှာ သံဃာတော်များကို ဆွမ်းလောင်းလှူပါမယ်။ ကျောင်းတိုက်တွင်းမှာ အရုဏ်ဆွမ်း ကျွေးပြီး အပြင်မှာ အသင့်စောင့်နေတဲ့ ဝေယျာဝစ္စ ဒါနရှင်များက ပြည်တွင်းနဲ့ ပြည်ပက အလှူရှင်များကိုယ်စား ဆွမ်းနဲ့ ဝက်သားနဲ့ ရွှေဖရုံသီးဟင်း၊ ပဲနီချက်၊ ချဉ်ပေါင်ကြော်များ နေ့ဆွမ်းလောင်းလှူကြပါမယ်။
အရုဏ်ဆွမ်းက ဒီတစ်ပတ် အပြောင်းအလဲအဖြစ် အကြော်စုံ၊ စားတော်ပဲနဲ့ ဆွမ်းဆီဆမ်း ဖြစ်ပါတယ်။
စင်ကာပူမှ မမေသူခိုင်က စာသင်စာချ သံဃာများအတွက် ဗလာစာအုပ်များ ဆက်ကပ်ရန် စင်ကာပူဒေါ်လာ ၁၀၀ မြင်းမိုရ်ဦးမိသားစုမှတစ်ဆင့် (http://myin-mo-oo.blogspot.com/, http://warwarkhaingmin.blogspot.com/) လှူဒါန်းပါတယ်။ ငွေရောက်တာနဲ့ စာအုပ်များ ဝယ်ယူ ဆက်ကပ်ပါ့မယ်။ အပတ်စဉ် ဆွမ်းခံကြွ သံဃာများကို လှူဒါန်းလို့ ရသလို မန္တလေး မင်းထင်တိုက်မှာ စာဝါလိုက်နေတဲ့ သံဃာ အပါး ၃၀၀ ခန့် စာလိုက်ဖို့ ဗလာစာအုပ်နဲ့ ဘောပင်များ လိုအပ်နေတယ်လို့လဲ သိရတဲ့အတွက် နှစ်သက်ရာ နေရာကို အလှူရှင် ဆန္ဒရှိသလို ရွေးချယ်နိုင်ပါတယ်။
အရုဏ်ဆွမ်း ဘုဉ်းပေးရာမှာ ရာနဲ့ချီတဲ့ သံဃာများကို အလှည့်ကျ ဆက်ကပ်နေရတဲ့အတွက် စားပွဲ ကုလားထိုင်များ အခက်အခဲ ဖြစ်နေပါတယ်။ မိမိတို့ နေအိမ်က ဖြစ်စေ စားပွဲကုလားထိုင်များ သံဃာများ ဆွမ်းဘုဉ်းပေးဖို့ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ကို လာရောက်လှူဒါန်းမယ်ဆိုရင် ဝမ်းမြောက်စွာ လက်ခံပါတယ်။
အရုဏ်ဆွမ်းကို အလှူငွေနဲ့ လုံလောက်အောင် အပါးရေများများ အဝ ကပ်နိုင်ဖို့ အဓိက ရည်ရွယ်ပါတယ်။ လူမမယ်နဲ့ လူပျိုပေါက် ကိုရင်လေးများဆိုရင် တစ်ပါးကို သုံးပွဲခန့်အထိ ဘုဉ်းပေးနိုင်တဲ့အတွက် တခြား အကြံပြုကြတဲ့ ဆွမ်းအမယ်များဟာ ကောင်းမွန်သော်လည်း ဘဏ္ဍာရေးအရ အခက်အခဲ ရှိပါတယ်။
သာသနာ့ဝန်ကို ထမ်းဆောင်တော်မူနေကြတဲ့ သံဃာတော်နဲ့ သာမဏေ အရှင်မြတ်များ ဘောဇနသပ္ပာယ ဖြစ်စေခြင်းငှာ နံနက်မိုးသောက်ယံမှာ အရုဏ်နဲ့ နေ့ဆွမ်း ဦးဦးဖျားဖျား လှူဒါန်းဆက်ကပ်ကြသော ဒကာဒကာမများရဲ့ ကောင်းမှုသည် တူသော အကျိုးမြတ်ကို ပေးကြပါစေ။

0 comments:
Post a Comment