* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, August 2, 2009

မူလဓမ္မ သုညတ အကြောင်း(နယ်-၄-ပါး)

ဓမ္မဓရ— သတိပညာပိုင်းကို တပည့်တော် နားလည်ဘို့ ဟောကြားတော်မူပါဘုရား။

နယ်(၄)ပါး


ဦးဝိဇယ—-သတိပညာပိုင်းကို ဂရုစိုက်ရန်မှာ ပထမနယ် (၄)ပါး နားလည်ရမည်ဘုရား။

(၁)အဝိဇ္ဇာမာနပညတ်နယ်

(၂) ဝိဇ္ဇာမာနပညတ်နယ်

(၃)သဘောနယ်

(၄)သုညနယ် ဟုလေးပါးရှိပါသည်။

(၁) အဝိဇ္ဇာမာနပညတ်နယ် ဟူသည် (ဝိဇ္ဇာမာန ) က သဘောအားဖြင့် ထင်ရှားရှိခြင်းလို့ အဓိပ္ပါယ်ရျိပါတယ်။ အ-ကတော့ မရှိခြင်းဟု အဓိပ္ပါယ်ရှိပါတယ်။ပညတ်ဆိုတာကတော့ ပါဠိလို ပညတ္တိ- ပါဠိ မြန်မာ တွဲခေါ်တာက (ပညတ်) ၊မြန်မာပြန် သက်သက်ကတော့ သိစေကြောင်းစကား-ဟုအဓိပ္ပါယ်ရပါတယ်။ နယ်ဆိုတာ ပိုင်းခြားခြင်း သိစရာကို နယ်ဟုခေါ်ပါတယ်။အားလုံးခြုံပြီး ဘာသာပြန်ရရင် အဝိဇ္ဇာမာနပညတ်ဆိုတာ( သဘောအားဖြင့် ထင်ရှားမရှိသောစကား)ဟုလည်းကောင်း (သဘောမပါ ထင်ရုံသာဖြစ်သောစကား)ဟုလည်းကောင်းဘာသာပြန်နိုင်ပါတယ်။(သဘောမပါ ထင်ရုံသာ မှတ်ပါ အဝိဇ္ဇာမာနပညတ် တည်း)ဟု အကျဉ်းချုပ် မှတ်သားလိုက် လို့ရပါတယ်ဘုရား။


(၂)ဝိဇ္ဇာမာန ပညတ်ဆိုတာကတော့—အပေါ်ကပြောခဲ့တဲ့ အဓိပ္ပါယ်ကို အ-အဓိပ္ပါယ်ဖြုတ်ပြီး နားလည်ရမှာပါဘုရား။ဝိဇ္ဇာမာန ပညတ်= သဘောအားဖြင့် အထင်အရှားရှိသောစကား ဟုလည်းကောင်း၊ (သဘောလည်းပါ ထင်ရုံသာ ဖြစ်သောစကား) ဟုလည်းကောင်း ဘာသာပြန်လို့ရပါတယ်။ (သဘောလည်းပါ၊ထင်ရုံသာ ဖြစ်သောစကား)ဟုလည်းကောင်း ဘာသာပြန်လို့ရပါတယ်။ (သဘောလည်းပါ၊ထင်ရုံသာ ၊မှတ်ပါ ဝိဇ္ဇာမာန ပညတ်တည်း၊)ဟု အကျဉ်းချုပ်မှတ်သားလိုက်ပါ။


(၃) သဘောနယ် ဆိုသည်မှာ စကားဖြင့်ပြော၍ မရ ၊ စိတ်မှာထင်လို့လည်းမရ ၊အသိဉာဏ်ဖြင့် သိ၍ သာရသော သိစရာနယ်ကို (သဘောနယ်)လို့ခေါ်ပါတယ်။


(၄) သုညနယ်–ဆိုသည်မှာ သဘောနယ်မှာသိရသော တရားများ၏ အကြောင်းပါမှ ဖြစ်ပျက်နိုင်သောကြောင့် ကိုယ်ပိုင်အနှစ်သာရ မူလက ပျက်နေသော သဘောကို (သုညနယ်)လို့ခေါ်ပါတယ်။


ဥပမာ—ကုသိုလ်ဟူသောစကား ကြားလိုက်လျှင် ဗုဒ္ဓဘာသာများအတွက် ကောင်းတယ် ဟူသော အထင်အထည်ကြီး စိတ်မှာပေါ်လာပါတယ်။ ကုသိုလ်–ဟူသောစကားကို မကြိုက်သော ပုဂ္ဂိုလ်များ အတွက် ဆိုးတယ်—ဟူသော အထင်အထည်ကြီး စိတ်မှာပေါ်လာပါတယ်။


ကုသိုလ်—ဟူသောစကားကို မကြားဘူးကုန်သော ပုဂ္ဂိုလ်များအတွက် (ဘာမှန်းမသိဘူး) ဟူသော အထင်အထည်ကြီး စိတ်မှာပေါ်လာပါတယ်။

(ကောင်းတယ်) ဟူသော အထင်အထည် (မကောင်းဘူး) ဟူသော အထင်အထည်၊(ဘာမှန်းမသိဘူး) ဟူသော အထင်အထည် ဤ သုံးပါးတွင် တစ်ခုခု စိတ်မှာဖြစ်ပေါ်ခြင်းကို (အဝိဇ္ဇာမာန ပညတ်နယ်)ဟုခေါ်ပါတယ်။


ထိုအထင်အထည်ကိုပင် (ငါသိတာပဲဟုတ်တယ်၊ကျန်တာတွေ မဟုတ်ဘူး) ဟုဘောင်ခတ်ပြီး အဟုတ်ထင်ခြင်းကို (အဝိဇ္ဇာ) ဟုခေါ်ပါတယ်။ ထိုအဝိဇ္ဇာ အဟုတ်ထင်ခြင်း အားကောင်းသလောက် ဆူကြ ၊ပူကြ၊ ရယ်ကြ ဖြစ်ကြရပါတယ်။

ထိုကုသိုလ်ဟူသော စကား၏ အဓိပ္ပါယ်မှာ (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း)ဟူသော လက္ခဏာ အမှတ်အသား သဘောသာဖြစ်ပါတယ်။(ကောင်းတယ်၊ဆိုးတယ်၊ဘာမှန်းမသိဘူး)ဟူသော အထင်အထည်တွေဟာ အမှန်တကယ်မရှိပါဘူး။ စကား၏ အဓိပ္ပါယ်ကို မသိခင်သာ ထင်ထားရသော အထင်သက်သက် ဖြစ်ပါတယ်။


ကုသိုလ်၏ (စွန့်လွှတ်ခြင်း။ချမ်းသာခြင်း)ဟူသောလက္ခဏာ အမှတ်အသားကို ကိုယ့်စိတ်ဖြစ်စဉ်မှာ (ဖြစ်တတ်တယ်၊ဖြစ်နေတယ်)ဟုကုသိုလ်ခန္ဓာမှာ အသိဉာဏ်ရောက်အောင် နားလည်သဘောပေါက်သွားရင် (ကောင်းတယ်)ဟုထင်သောအထင်တွေ ပျောက်သွားတယ်။ (ဆိုးတယ်)ဟုထင်သော အထင်တွေလည်း ပျောက်သွားတယ်။ (ဘာမှန်းမသိဘူး) ဟုထင်သောအထင်တွေလည်းပျောက်သွားပါတယ်။


ကုသိုလ်ဆိုင်ရာမှာ ကိုယ်ထင်ထားတာတွေ ပျောက်ငြိမ်းပြီး (စွန့်လွှတ်ခြင်း၊ချမ်းသာခြင်း) ဟူသော အမှတ်အသားလက္ခဏာကို တွေ့မြင်ခြင်းကို (ဝိဇ္ဇာဉာဏ်) ဟုခေါ်ပါတယ်။ ထိုဝိဇ္ဇာဉာဏ် အားကောင်းရင် အားကောင်းသလောက် စွန့်လွှတ်ခြင်းအလုပ်တွေ များများလုပ်ပြီး လောကီ လောကုတ် ချမ်းသာများ ပြည့်စုံလာနိုင်ပါတယ်။


ထိုဝိဇ္ဇာဉာဏ်ဖြစ်ခြင်းကို အဝိဇ္ဇာမာနပညတ်နယ် ကိုကျော်လွန်တယ်လို့ခေါ်ပါတယ်။ အဝိဇ္ဇာမာန ပညတ်နယ်ကို အမှန်သိ၍ ကျော်လွန်လျှင် ဝိဇ္ဇာမာနပညတ်နယ်ကိုရောက်လာပါတယ်။

စွန့်လွှတ်ခြင်း။ချမ်းသာခြင်း ဟုအမှတ်အသား လက္ခဏာပါသော ကုသိုလ်သဘောသည် (တစ်မိနစ်ဖြစ်နေတယ်၊ တစ်နာရီဖြစ်နေတယ်၊ တစ်ရက်ဖြစ်နေတယ်) အစဉ်သန္တန်မှာ အထင်အထည်ကြီးစိတ်မှာ ဖြစ်ပေါ်လာပါတယ်။

ထိုအထင်အထည်ကြီး စိတ်မှာ ဖြစ်ပေါ်လာတာကို အမှီပြုပြီး (ငါသိတာပဲဟုတ်တယ်၊ကျန်တာတွေမဟုတ်ဘူး) ဟုဘောင်ခတ်ပြီး အဟုတ်ထင်ခြင်းကို (အဝိဇ္ဇာ) ဟုခေါ်ပါတယ်။


ထိုအဟုတ်ထင်ခြင်း အားကောင်းရင်အားကောင်းသလောက် တရားလောကမှာကော အပြင်လောကမှာပါ ငြင်းကြ၊ခုန်ကြ၊ ပြောကြ ပြိုင်ကြ၊ ဖြစ်နေကြရပါတယ်။တရားပြောရင်း ဒေါသထွက်ကြ၊မာနတက်ကြ။ ဖြစ်ကာကြောက်စရာတရားသမားကြီးတွေ ဖြစ်နေတတ်ပါတယ်။သတိကြီးစွာထားကြပါ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP