*လောကီလူသား ထိုယောက်ျားအတွက်*
ဗုဒ္ဓဘုရားရှင် ( ၄၅ ) ၀ါပတ်လုံး ဟောကြားတော် မူခဲ့သော တရား ဒေသနာတော် များသည် သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ရေး ကိုသာ အများအားဖြင့် ရှေးရှု ဟောကြားခဲ့သည်မှာ မှန်ပါသော်လည်း ဘုရားရှင်၏ ရည်ရွယ်တော် မူရင်းအတိုင်း ၀ိမုတ္တိ ရသကို မခံစားရ သေးမီ အတွင်းမှာပင် လောကီ သုခကို လက်တွေ့ ခံစားနိုင်ခွင့် ရရေးအတွက် လောကီကြီးပွားရေး၊ လူမှုရေး တရားတို့ကိုလည်း ဟောကြားခဲ့ပါသည်။ထိုလူမှုရေးတရားတွင် လူ့လောက လူ့ဘောင်အတွက် အရေးကြီးဆုံး လူမှုရေး တာဝန်ဖြစ်သော လင်ယောက်ျား ကျင့်ဝတ်၊ ဇနီးမယား ကျင့်ဝတ်တို့သည် လူ့လောက လူ့ဘောင် သာယာဝပြောရေး၊ ပစ္စုပ္ပန် သံသရာနှစ်ဖြာ ကောင်းကျိုး စီးပွား ဆောင်ရွက်နိုင်ရေး တို့အတွက် အလွန်ပင် အရေးပါလှသော ကျင့်ဝတ်များ ဖြစ်ပါသည်။ဗုဒ္ဓဘုရားရှင်က သိင်္ဂါလ သတို့သားအား ဟောကြားခဲ့သော လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ် တို့ကို သင်္ဂဇာ ဆရာတော် ဘုရားကြီးက မြန်မာဘာသာ လင်္ကာဖြင့် ပြုစု ရေးသားခဲ့ပါသည်။လင့်ကျင့်ဝတ် ငါးပါး ( ၁ ) မထေမဲ့ကင်း( ၂ ) အပ်နှင်းဥစ္စာ( ၃ ) မိစ္ဆာမမှား( ၄ ) ၀တ်စားဆင်ယင်( ၅ ) မြတ်နိုးကြင် ငါးအင်လင်ကျင့်ရာ။ဤဖော်ပြပါ လင်ကျင့်ဝတ် အချက်ကြီးများတွင် မည်သည့် အချက်သည် အရေးမကြီး လှသဖြင့် လိုက်နာရန် မလိုဟု ယူဆစရာ အချက်တစ်ချက်မျှ မပါဝင်ပေ ။
မထေမဲ့ကင်း"ငါက ယောက်ျားဖြစ်သည့် အတိုင်း အိမ်ထောင် တစ်ခုလုံး အတွက် ရှာဖွေ ကျွေးမွေးကာ တာဝန်ယူရသူ ဖြစ်သည်။ ထို့ကြောင့် ငါ့လုပ်စာ စားနေသော မိန်းမသား အပေါ်၌ အရေးတယူ အလေးမူစရာ မလို" ဟူ၍လည်းကောင်း၊ "ငါက ယောက်ျားရင့်မာကြီး ဖြစ်သောကြောင့် ငါလုပ်သမျှ ငါပြောသမျှ ခံရမည်သာ ဖြစ်သော အားနွဲ့သည့် မိန်းမသား အပေါ်၌ ရိုသေလေးစား အရေးထားလျှင် ပိုရုံပဲရှိမည်" ဟူသော သဘောထားကာ နှိမ့်ချပြီး ပေါင်းသင်း ဆက်ဆံလျှင်သော် လည်းကောင်း တရားတော့မည် မဟုတ်သလို ယောက်ျားကောင်း တစ်ယောက်လည်း ပီသတော့မည် မဟုတ်ပါချေ။ အချို့ ယောက်ျားတို့သည် အားထားလောက်သော ဇနီး၊ လေးစားလောက်သော ဇနီး၊ ငဲ့ညှာထိုက်သော အချက်အလက် များနှင့် ပြည့်စုံသော ဇနီးမျိုးကို ရစေကာမူ ---- မယားနေစ ကြောင်သေမှ- မယားနှင့်နွား မသနားနှင့် -ဟူသော လူမိုက်တို့၏ စကားကို အားကျကာ တစ်ဖက်သက် အနိုင်ယူတတ်ဖို့ လောက်သာ အာရုံပြုထား စိတ်ဝင်စား ကြသည်။ "မိန်းမကို ဘယ်လို သွားကျိုးအောင် ချိုးရမည်လဲ၊ ဘယ်လို အနိုင်ယူရ မည်လဲ" ဟု မေတ္တာ မဖက်သော စိတ်ဓာတ်ဖြင့် ရန်သူသဖွယ်၊ မိမိက ယောက်ျားကောင်း၊ ယောက်ျားမြတ် သဖွယ် သဘောထားကာ ကိုယ်ဖြင့် လည်းကောင်း၊ နှုတ်ဖြင့် လည်းကောင်း အမျိုးမျိုးသော နှိပ်စက်မှု မျိုးကို ပြုတတ်ကြ လေသည်။ ထိုကဲ့သို့သော ယောက်ျားဆိုး တို့၏ မတရားသဖြင့် မထေမဲ့မြင်ပြုမှု၊ ပြောဆို နှိပ်စက်မှုများကို အချို့ အမျိုးသမီးများ အဖို့ မျိုသိပ်ကာ သည်းခံ နေကြလိမ့်မည် မဟုတ်ချေ။ "ပါးကိုက်တော့ နားကိုက်မည်" ဆိုသကဲ့သို့ စွမ်းအား ရှိသရွေ့ တုံ့ပြန်တတ်ကြ သည်ကို တွေ့ရ မြင်ရဖူးကြ ပေလိမ့်မည်။အချို့ အမျိုးသမီးများ အဖို့ အကြောင်း အမျိုးမျိုးတို့ကြောင့် "မနိုင်၍ သည်းခံရခြင်း" သဘောဖြင့် ပြုမူနေထိုင်ကြ ရသော်လည်း "နေသေးသပ ခြုံထဲက - ချိုသွေးသပ တမြမြ" ဆိုသကဲ့သို့ ရှိတတ်ကြ လေသည်။ အချို့ အမျိုးသမီးများမူ ထိုကဲ့သို့ ဆိုးဝါးသော လင်သား အပေါ်၌ မိမိ၏ အားကိုးရာ မဲ့သော အခြေအနေ၊ ချစ်ခင် စွဲလန်းသောစိတ် စသည်တို့ ဖုံးလွှမ်းထား မှုကြောင့် တုန့်ပြန်ရေး၊ လက်စား ချေရေးကို မတွေးတော ရှာတော့ဘဲ ဘ၀ကုသိုလ်ကံပဲဟု ဆိုကာ အညှင်းဆဲခံဘ၀၊ မထေမဲ့မြင် အပြုခံဘ၀ဖြင့် အိမ်ထောင်မှု ဒုက္ခကို စုံမှိတ်၍ ခံကြရ ရှာလေသည်။ ဤကဲ့သို့သော အိမ်ထောင်ရေး ဒုက္ခများ မရောက်ကြ စေရန်နှင့် နှိမ့်ချ ခေါ်ဝေါ် ပြောဆိုခြင်း စသော မထေမဲ့မြင် မပြုရဟု ဘုရားရှင်က လင်ကောင်း တစ်ယောက်၏ ဦးစွာသော ကျင့်ဝတ်ကို ဟောကြားတော် မူခဲ့ခြင်း ဖြစ်ပါသည်။ဤနေရာတွင် ချစ်မေတ္တာ အရင်းခံဖြင့် ချစ်စနိုး ခေါ်ဝေါ် ပြုမူမှုများကိုကား မထေမဲ့မြင် ပြောဆို ပြုမူခြင်းဟူ၍ မယူဆထိုက်ပေ။ "အကျီစားသန် ရန်ဖြစ်" ဟူသော အဆိုစကား အရ တစ်ဦးနှင့်တစ်ဦး မခံချင် လောက်အောင် ကျီစားမှု - အကြီးအကျယ် ရန်မီးပွားစေ တတ်သည် အထိ ပြုမူ ပြောဆိုမှုတို့ကား မပြုလုပ်၊ မပြောဆိုသင့်ကြပေ။ အချို့သော လင်ယောက်ျားများက -"မိန်းမရှိခိုး - သွားမကျိုး၊မိန်းမရိုသေ - အသက်ရှည်"ဟူသော ဆိုရိုးများကို လက်ကိုင်ပြုကာ လွန်လွန်ကဲကဲ အရေး ပေးတတ်ကြသဖြင့် အပေါင်းအသင်း လောက၌ အဆင်မပြေခြင်း၊ ကြီးပွားရေး လမ်းစ မဖြောင့်ဖြူးခြင်း စသော အပြစ်များ ဖြစ်ပွားတတ်ကြ ပေသည် ။ "ကျီး ဘုတ်ရိုသေ၊ ဘုတ် ကျီးရိုသေ" ဆိုသော စကားပုံ ကဲ့သို့ လည်းကောင်း၊ “လင်နှင့်မယား လျှာနှင့်သွား” ဆိုသကဲ့သို့ လည်းကောင်း မယုတ်မလွန် တစ်ဦးနှင့် တစ်ဦး မေတ္တာနှင့်ယှဉ် စေတနာဖြင့် ငင်၍ အိမ်ထောင် သာယာရေးကို တည်ဆောက် ကြရသည်။
အပ်နှင်းဥစ္စာအိမ်ဦးနတ်ဟု ခေါ်ဝေါ် သမုတ်ခံရသော အိမ်ထောင်ဦးစီး ဖြစ်သော လင်ယောက်ျား တို့သည် အများအားဖြင့် အိမ်၏ပြင်ပသို့ ထွက်ကာ ပစ္စည်းဥစ္စာ ရှာဖွေခြင်းဖြင့် အချိန်များစွာ ကုန်ရလေသည်။ ထို့ကြောင့် ရလာသော ပစ္စည်းကို အိမ်နှင့် ကြမ်းမကွာ ဝေဖန် သုံးစွဲလျက် အိမ်မှုကိစ္စကို ကျေပွန်အောင် ဆောင်ရွက်ရမည့် တာဝန်ရှိသော အိမ်သူ သားမယားအား ရသမျှ ဥစ္စာ ပစ္စည်းများကို အပ်နှင်း သင့်လှပါသည်။ အချို့ ယောက်ျားများသည် စိတ်ချရသော မိန်းမ၊ မျက်နှာ လွှဲရသော မိန်းမများ အပေါ်မှာပင် ရသမျှ ပစ္စည်းဥစ္စာတို့ကို ပုံနှံ မအပ်ဘဲ အကြံဆိုးဖြင့် တိတ်တဆိတ် စုဆောင်းထားကြ ပြီးလျှင် အလွဲသုံးစား ပြုခြင်း ၊ တရားမျှတမှု မရှိဘဲ မိမိကိုယ်တိုင် ဝေဖန် ခွဲခြမ်းခြင်း စသည်တို့ကို ပြုလုပ်တတ်ကြ လေသည်။ ထိုအခါ ဓာတ်ဆီ မထည့်သော ကားကြီးကဲ့သို့ အိမ်ထောင်ရေး သုခတည်းဟူသော ပန်းတိုင်သို့ ရောက်အောင် မမောင်းနှင် နိုင်ဘဲ ရှိတတ်ကြ လေသည်။ မိန်းမထံ ဥစ္စာ မအပ်နှံသဖြင့် အိမ်သူ မိန်းမမှ စိတ်ဆင်းရဲဖွယ် အမျိုးမျိုးနှင့် ကြုံရပြီးလျှင် ကြာလေကြာလေ မိမိ ဂုဏ်သိက္ခာကိုပါ ထိခိုက်လာသည်ဟု ဆိုကာ မထေမဲ့မြင် ပြုလာတော့သဖြင့် လင်ယောက်ျား ကိုယ်တိုင်ပင် စိတ်ဆင်းရဲဖွယ် အမျိုးမျိုးနှင့် ကြုံရတတ် လေသည် ။
မိစ္ဆာမမှားတဏှာချစ်နှင့် ပက်သက်လာလျှင် မနာလိုစိတ်၊ သ၀န်တိုစိတ် ရှိကြသည်မှာ လောက ဓမ္မတာ သဘောမျိုးဖြစ်သည်။ "မုန့်သာ ဝေစားမယ် ၊ လင်ကို ဝေမစားနိုင်ဘူး"၊ "ထမင်းကိုသာ ဝေသာစားရဲ့ လင်ကို မထိနဲ့ဆရာ" ဟူသော လောက ဝေါဟာရအရ ပြောဆိုကြလျှက် ရှိရာ ဝေစားရလျှင် - အထိခံရလျှင် ဒေါသကြီးကာ မီးပွင့်တတ်ကြ စမြဲ ဖြစ်သည်။ ထို့ကြောင့် လင်က ကိုယ်ပိုင် မယားကိုသာ အလိုရှိသကဲ့သို့ မယားကလည်း ကိုယ့်လင် တစ်ဦးတည်း ကိုသာ အလိုရှိတတ် ကြပေသည်။ အချို့ သူတို့သည် ချစ်သူ များများရှိခြင်း ၊ မယားများများ ယူနိုင်ခြင်း ကိုပင် အသာအယာကြီး သာယာကာ ဂုဏ်ယူ တတ်ကြပေသည်။"ယောက်ျားကောင်း မောင်းမတစ်ထောင်" ဟူသော စကားကို အသုံးပြုကာ မယားများများ ရမှုကို အားကျ သဘော ကျတတ်သည်။ အမှန်အားဖြင့် ဤစကားသည် ယောက်ျားတိုင်းနှင့် ဆိုင်သောစကား မဟုတ်ချေ။ ရှေးအခါက ထုံးတမ်း စဉ်လာအရ သမ္မုတိနတ်ဟု ဆိုအပ်သော ဘုရင်မင်းနှင့် ဆိုင်သော စကားဖြစ်သည်။ ဘုရင်များ၏ တိုင်းပြည် လုံခြုံရေးအရ သမီးကညာ ဆက်သသည်ကို လက်ခံ သိမ်းပိုက်ခြင်းကို တင်စား ပြောဆိုသော စကားသာ ဖြစ်ပါသည်။ ကိုယ်ပိုင် ဇနီးရှိလျှက် စိတ်ဓာတ် ဖောက်ပြား အချစ်ပွား၍ ပျော်ပါး လိုက်စားသူတို့သည် မိမိကိုယ် ကိုမိမိပင် ပျက်ဆီးအောင် ဖျက်ဆီးသကဲ့ သို့လည်း ဖြစ်တတ်ပေသည်။ သို့တွက် လင်ကောင်း တစ်ယောက်သည် မိန်းမနှင့် ပတ်သက်၍ မိမိဇနီးမှ တစ်ပါးသော မိန်းမများ အပေါ်၌ အမေ၊ ညီမ၊ အဒေါ်လို သဘောထားသော စိတ်ကို မွေးမြူ၍ ဆက်ဆံ ကြရသည်။ ဖောက်ပြန်သော စိတ်ကို မမွေးရပါ။ မိန်းမဘက်က ဖောက်ပြန်လာသည်ကို တွေ့က ထိုအတွေ့ကို မသာယာဘဲ ဘီလူးသဘက် သဖွယ် သဘောထားသင့် လှပါသည်။
ဝတ်စားဆင်ယင်ဇနီးတွင် အ၀တ်အစား နွမ်းပါးက မိမိဂုဏ်လည်း ညှိုးနွမ်းတတ် လေသည်။ လင်ယောက်ျားကောင်း တစ်ယောက်သည် မိန်းမကို "ကျွန်စုတ်နှင့် သရက်စေ့" ကဲ့သို့ ဖြစ်အောင် မထားရပေ။ ချစ်ဇနီး ဟူသည် မိမိ၏စိတ်ကို သာယာဖွယ်ပြုရန် တာဝန် အရှိဆုံးသူ ဖြစ်လေရာ လှပစွာ တန်ဆာ မဆင်ခဲ့ပါလျှင်၊ မိမိပင် မိမိမယား၌ စိတ်ပျက်စိတ်ကုန် ခံစားရ တတ်သည်။"မိန်းမတို့၏ ကိုယ်ပိုင်ဥစ္စာကား အဆင်းတည်း""လူမှာအ၀တ် တောင်းမှာအကွပ်"ဆိုထားသည့် အတိုင်း တော်ရုံတန်ရုံ ရုပ်ရည်ကို အ၀တ်ဖြင့် တင့်တယ် စေနိုင်သည် ။ အ၀တ်တို့၌ လောလီမှု မရောက်အောင်လည်း လင်ယောက်ျားသည် သင့်လျော်အောင် ဆင်မြန်းပေး ရသည်။
မြတ်နိုးကြင်အိမ်ထောင်ရေးတွင် မြတ်နိုး ချစ်ကြင်သည့် စိတ်ကား အလွန်ပင် အရေးပါ အရာရောက်သည့် သော့ချက်ကြီး ဖြစ်လေသည်။ ထိုစိတ်သာ တကယ် ကြီးမားစွာ ရှိခဲ့ပါလျှင် မိမိဇနီးအတွက် လိုက်နာရမည့် ၀တ္တရားများကို လိုက်နာရန် ခဲယဉ်းတော့မည် မဟုတ်ချေ။ ထို့ကြောင့် မူလကပင် ချစ်ခင် မြတ်နိုးမှု မရှိဘဲ အိမ်ထောင်ဘက် ပြုခဲ့ပါလျှင် အဆင်မပြေသော အိမ်ထောင်ရေး ဖြစ်တတ် လေသည်။ အကောင်းဆုံးမှာ လင်ကလည်း နတ်သားကလေး ကဲ့သို့ ထင်ရလေအောင် မယားကလည်း နတ်သမီးလေး ကဲ့သို့ ထင်ရလေအောင် ကျင့်ကြံ သင့်လေသည်။ နတ်သား ကလေးနှင့် တူသောမိမိသည် ကြင်ဖက်အပေါ် ၌လည်း နတ်သား နတ်သမီးသဖွယ် ကြင်နာစွာ သဘောထား၍ ပေါင်းသင်း ထိုက်လှပေသည်။စတုက အင်္ဂုတ္တိုရ် ပါဠိတော် ပထမသံဝါသ သုတ်၌ ---"သူ့အသက် သတ်ခြင်းစသော မကောင်းမှုတို့၌ ကျူးလွန်လေ့ ရှိသောလင်ကို သူသေလင် ဟူ၍လည်းကောင်း မယားကို သူသေမယား ဟူ၍လည်းကောင်း" ဟောကြားတော် မူခဲ့လေသည်။ "မကောင်းမှုမှ ကြဉ်ရှောင်လေ့ ရှိသောလင်ကို နတ်သားလင် ဟူ၍လည်းကောင်း၊ မယားကို နတ်သမီး မယားဟူ၍လည်းကောင်း" ဟောကြားတော် မူခဲ့သည် ။ ---( ၁ ) သူသေလင်နှင့် သူသေမယား( ၂ ) သူသေလင်နှင့် နတ်သမီးမယား( ၃ ) နတ်သားလင်နှင့် သူသေမယား( ၄ ) နတ်သားလင်နှင့် နတ်သမီးမယား။အိမ်ထောင်ဘက် ပြုပုံ (၄) မျိုးကိုလည်း ဟောကြားတော် မူခဲ့ပါသည်။ သို့တွက် နတ်သားလင်နှင့် နတ်သမီးမယား ဖြစ်အောင် တစ်ဦးနှင့် တစ်ဦး ကြင်နာစွာ ပေါင်းသင်း ဆက်ဆံပြီး မကောင်းမှုတို့ကို ရှောင်ကြဉ်ရာသည်။++++++++++++++++++++++++++++++++++++++++++++++++ဆရာတော်တစ်ပါး ပေးပို့လိုက်တာ လေးကို ပြန်လည်မျှဝေ ဓမ္မဒါန ပြုအပ်ပါတယ် ခင်ဗျာ...လေးစားစွာဖြင့်ဖိုးသား

0 comments:
Post a Comment