ဆွမ်းကပ်နေပြီ LIVE
ဒီနေ့ ၅ နာရီ ၁၀ မိနစ်က စပြီး မုန့်ဟင်းခါး အရုဏ်ဆွမ်း ကပ်နေပါပြီ။ အရုဏ်ဆွမ်း ဘုဉ်းပေးပြီးတဲ့ ကိုယ်တော်တွေကိုလဲ နေ့ဆွမ်း တစ်ပါတည်း သပိတ်ထဲထည့် ဆက်ကပ်နေကြပါပြီ။ နေ့ဆွမ်းအတွက် ဟင်းက ဝက်သားနဲ့ (မပါမဖြစ်) အာလူး၊ အစိမ်းကြော်၊ ပဲနီတို့ ဖြစ်ပါတယ်။ ဆွမ်း စ,ကပ်ပြီး ၁ နာရီကျော်မှာ ဆွမ်းခံကိုယ်တော် ၄၁၀ ကျော်နေပါပြီ။ ထပ်လဲ ကြွနေဆဲပါ။'
'အရှင်ဘုရား၊ မုန့်ဟင်းခါး ဘုဉ်းပေးပြီးပြီလား''''ကိုရင်တွေ ဘလိတ်ဓား လှူတယ်နော်။ ခေါင်းရိတ်ခဲ့ကြပါ''''ဟိုကိုရင်လေး ပဲမရသေးဘူး။ ပဲလောင်းလိုက်ပါဦး''
''ကိုရင် သပိတ် ရှေ့နည်းနည်း တိုးပေးပါ''''အရှင်ဘုရားတို့၊ ရှေ့အပတ် တနင်္လာနေ့လဲ ကြွပါဘုရား။ တနင်္လာနေ့တိုင်း ကြွပါ''''ဦးဇင်းတို့ မုန့်ဟင်းခါးဆွမ်း ဘုဉ်းပေးဖို့ ကြွပါဘုရား''မနေ့ညနေက ရွှေအိမ်ဖြူ တယ်လီဖုန်း ရောင်းဝယ်ရေးက ကိုထက်က လိုအပ်နေတဲ့ ယောက်ချိုဇွန်း ၂ ချောင်း၊ ဟင်းရည်လိုက်တဲ့ ချိုင့် ၂ လုံး၊ ဒယ်အိုးအလတ် ၂ လုံး လှူသွားပါတယ်။''ဆွမ်းဟင်းခွက် မရှိတဲ့ ကိုရင်လေးတွေ ဘယ်နှစ်ပါးလောက် ရှိလဲ။ ဝတ်ခွက် မရှိတော့ ဗဠဗိုင် ဘုဉ်းပေးရမှာပေါ့''''ဝတ်ခွက် (ဆွမ်းဟင်းခွက်) မရှိတဲ့ ကိုရင်လေးတွေ တနင်္ဂနွေကျ ဝတ်ခွက် လာယူကြပါ''''အရှင်ဘုရား သပိတ်က ပဲ့နေတယ်။ မရှိဘူးလား''''ဦးဇင်းတွေဝိုင်း သွားကပ်လေ။ ဦးဇင်းတွေကို ကပ်ပေးနော်''ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (ဗက)က ပလောင် ကိုရင်လေးတစ်ပါး ဝတ်ခွက်မပါ၊ သပိတ်က အဖုံးပဲ့၊ သင်းပိုင်ကလဲ နွမ်းနေလို့ လှူဒါန်းဖို့ စီစဉ်နေပါတယ်။ ဝတ်ခွက် မရှိရှာတဲ့ ကိုရင်လေးတွေကိုလဲ ဆွမ်းခံ အဆင်ပြေအောင် လာမယ့် တနင်္ဂနွေနေ့ ဝတ်ခွက် လှူကြပါမယ်။ပေါက်စန ကိုရင်လေး တစ်ပါးက လိုက်ပွဲ ထပ်လိုချင်သေးတော့ ''မုန့်ဖတ်'' ဆိုပြီး ကလေးသံလေး စာစာလေးနဲ့ မိန့်လို့ ကပ်ရပါသေးတယ်။ ဝတ်ခွက် မရှိတော့ သပိတ်ထဲ ဆွမ်းရော ဆွမ်းဟင်းရော အကပ်ခံတဲ့ ဦးဇင်းတစ်ပါးကိုလဲ တနင်္ဂနွေနေ့ ဝတ်ခွက် အလှူခံဖို့ လျှောက်ထားရပါတယ်။ ဝတ်ခွက်မရှိတာက ခုချိန်ထိ စုစုပေါင်း ၈ ပါးပါ။ဝက်သားနဲ့ အာလူးက စောစောပြတ်သွားပါတယ်။
မနက် ၆ နာရီခွဲမှာတော့ ဆွမ်း လေးလုံးချက်ခန့်နဲ့ ပဲ အနည်းငယ်ပဲ ကျန်ပါတော့တယ်။ သံဃာတွေက ကြွလာနေဆဲပါ။ သံဃာ ၃၀၀ ကျော် ရှိတဲ့ စာသင်တိုက် တစ်ခုကို ပဲဟင်းတစ်ချိုင့် လောင်းလှူပါတယ်။ ဒီကျောင်းက ဝက်သားဟင်းနဲ့ အစိမ်းကြော်တော့ မမီတော့ပါဘူး။''နောက်ရက်တွေလဲ တနင်္လာနေ့တိုင်း ဆွမ်းခံကြွပါဘုရား''မနက် ၆ နာရီခွဲမှ ကြွလာတဲ့ သံဃာတွေထဲက ပထမလတ်တန်း တက်နေတဲ့ သိက္ခာတော် လေးဝါရ ဦးဇင်းငယ် တစ်ပါးက နေမကောင်းလို့ ကော်ဖီနဲ့ဆေး ကပ်ရပါသေးတယ်။ မကျန်းမာတဲ့ကြားက ဆွမ်းခံကြွရတဲ့ ဦးဇင်းကို ဆွမ်းခံပြန်ရင် ဘုဉ်းပေးနိုင်အောင် ဆေးနဲ့ ခေါက်ဆွဲထုပ်ပါ ကပ်ပါတယ်။တစ်ချို့ကိုရင်လေးတွေက ရွယ်တူကလေးတွေ အိပ်ကောင်းတုန်းအချိန် မနက် ၄ နာရီလောက်ကတည်းက ကြွလာကြတာပါ။
နေ့ဆွမ်းက ဆွမ်းခံကြွရင် ကောင်းကောင်းဆိုးဆိုး အတန်အသင့် ရသေးပေမယ့် အရုဏ်ဆွမ်းက လစဉ် ပုံမှန် ဆွမ်းဆန်အလှူရှင် မရှိတဲ့ ကျောင်းတွေမှာ ချို့ငဲ့ကြပါတယ်။ ဒီတော့ ဆာတတ်တဲ့အရွယ် လူမမယ် ကိုရင်လေးတွေ အရုဏ်ဆွမ်းကို ဝီရိယကောင်းကောင်း အစောဆုံး ကြွလာပြီး လာဘုဉ်းပေးကြတာပါ။သံဃာမကုန်ခင် မုန့်ဖတ် ပြတ်သွားလို့ နောက်ထပ် လေးပိဿာ ထပ်ဝယ်ရပါသေးတယ်။ ဟင်းချက်အဖွဲ့က ဟင်းရည်ကို ပျစ်ပျစ်ကောင်းကောင်း၊ ငါးဖယ်နဲ့ ဘဲဥ များများထည့်ပြီး လက်စွမ်းပြချက်ပါတယ်။နေ့ဆွမ်းက ဝက်သားဟင်းကို များများ ကပ်နိုင်အောင် အာလူးရောတယ်။ လာမယ့်အပတ်လဲ ရွှေဖရုံသီး ဒါမှမဟုတ် အသီးအနှံ တစ်မျိုးမျိုး ရောဖို့စိတ်ကူးထားပါတယ်။ ကြက်ကတော့ ဈေးပိုကြီး၊ ကပ်ရင်လဲ ခေါင်း ခြေထောက် တောင်ပံတွေ ပါတဲ့ ဆွမ်းခွက်က ပါ၊ ရင်ပုံတို့ ပေါင်သားတို့ ရတဲ့ ဆွမ်းခွက်ကရဆိုတော့ အပါးရေ များများကို ကုန်ကျစရိတ် ခြိုးခြိုးခြံခြံနဲ့ ကပ်နေရချိန်မှာ ဝက်သားက ပိုအဆင်ပြေပါတယ်။
ဝက်သားက ပိုများများရသလို အသားချည်းပဲမို့ ပိုလဲ မျှမျှတတ ကပ်ပျော်ပါတယ်။ ဘာသားဖြစ်ဖြစ် အလှူအတွက် သတ္တဝါတွေ မသေကြေရအောင် ပံ့သကူသားကိုသာ စီမံပါတယ်။ ကြက်သား အာလူးဟင်း၊ ကြက်သားကြာဆံချက်တွေ ကပ်တဲ့ နေ့တွေကလဲ ကြက်ကို အကောင်ရေနဲ့ မဝယ်ပဲ ပိဿာလိုက်သာ ဝယ်ပါတယ်။သာရေး နာရေး၊ အိမ်တက် စတာတွေမှာ ဆွမ်းကျွေးဖိတ်ရင် ငါးပါး၊ ၃ ပါး၊ စသဖြင့် နိုင်သလောက်သာ ဖိတ်ကြားပါတယ်။ ကျောင်းထိုင် ဆရာတော်ကြီးနဲ့ ကျန်မထေရ်ကြီးတွေမှာလဲ အလှူရှင်က သူတို့ကို ဦးစားပေး ဖိတ်မံတာမို့ မကြွမဖြစ် ကြွရောက်ချီးမြှင့်ရ၊ တရားပေးရပါတယ်။
စာသင်သား ဦးဇင်းငယ်တွေကို စေလွှတ်ရင် အလှူရှင် အားမရမှာလဲ ငဲ့ရပါတယ်။ ဒီတော့ ကျောင်းမှာ လာလုပ်တဲ့ အလှူနဲ့ ခုလို ဘုံလောင်း အလှူမျိုးမှာ ဦးဇင်းငယ်တွေရော သာမဏေတွေပါ ပိုအဆင်ပြေပါတယ်။သက်သတ်လွတ် ကပ်ချင်တဲ့ ဒကာဒကာမတွေ ရှိပါမယ်။ သံဃာတော်နဲ့ သာမဏေ အများစုဟာ တောရွာများကနဲ့ တောင်ပေါ် တိုင်းရင်းသား ဒေသများက ဖြစ်ပါတယ်။ အညာသား ဦးဇင်းတွေ၊ ရှမ်း မွန် ရခိုင် ပလောင် ဝ ဦးဇင်းနဲ့ ကိုရင်လေးတွေပါ။
ဆွမ်းခံတာလဲ မန္တလေးအခေါ် ၁၀ ပြလောက်ကို စစ်ကိုင်းမြို့ထဲ လမ်းလျှောက်ကြွပြီး ဆွမ်းခံရတဲ့ကိုယ်တော်တွေ၊ တောင်ပေါ်ကျောင်းက ဆင်းလာပြီး ရွာတွေထဲ ဆွမ်းခံကြွ၊ တောင်ပေါ်ပြန်တက်ရတဲ့ ကိုယ်တော်တွေဟာ စာဝါတွေကလဲ အများကြီး လိုက်ရသေးတော့ ဆာလောင်ကြပါတယ်။ များများလဲ ဘုဉ်းပေးနိုင်ကြပါတယ်။ သက်သတ်လွတ်ဆိုရင် သာမည ဒေသမှာလို ပဲတို့၊ အသားတုတို့၊ အသီးအရွက်တို့ ဟင်းခွက်များများ အဆင်ပြေပြေ ကပ်နိုင်ရင် အကြောင်းမဟုတ်ပေမယ့် အာဟာရ ပြည့်ဝအောင် ဒီလို လောက်လောက်ငင စီမံ မပေးနိုင်ရင်တော့ သိပ်အဆင်မပြေလှပါဘူး။
Posted by ဆွမ်းလောင်းအသင်း

0 comments:
Post a Comment