ဘောဇဉ်ကို ပေးလှူသော သင်သည်...
သုပ္ပဝါသာသုတ်အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကောလိယဇနပုဒ်ဝယ် ကောလိယမင်းမျိုးတို့၏ ပဇ္ဇနိကမည်သော နိဂုံး၌ (သီတင်းသုံး) နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်တော်မူ၍ သပိတ်သင်္ကန်းကို ယူလျက် ကောလိယမင်းသမီး သုပ္ပဝါသာ၏ အိမ်သို့ ချဉ်းကပ်ပြီးလျှင် ခင်းထားသော နေရာ၌ ထိုင်နေတော်မူ၏။ ထိုအခါ ကောလိယမင်းသမီး သုပ္ပဝါသာသည် မြတ်စွာဘုရားကို မွန်မြတ်သော ခဲဖွယ် စားဖွယ်ဖြင့် ရောင့်ရဲသည့်တိုင်အောင် တားမြစ်သည့် တိုင်အောင် ကိုယ်တိုင် လုပ်ကျွေး၏၊ ဆွမ်းစားပြီးနောက် သပိတ်တော်မှ လက်ကို ဖယ်ပြီးသော မြတ်စွာဘုရားအထံသို့ ချဉ်းကပ်၍ တစ်ခုသော နေရာ၌ ထိုင်နေသော ကောလိယမင်းသမီး သုပ္ပဝါသာအား မြတ်စွာဘုရားသည်-သုပ္ပဝါသာ...ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်မသည်အလှူခံပုဂ္ဂိုလ်တို့အား လေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏။အဘယ် လေးမျိုးတို့နည်း ဟူမူ-
၁... အသက်ကို ပေးလှူသည် မည်၏၊
၂... အဆင်းကို ပေးလှူသည် မည်၏၊
၃... ချမ်းသာကို ပေးလှူသည် မည်၏၊
၎... ခွန်အားကို ပေးလှူသည် မည်၏။
၁...အသက်ကို ပေးလှူသည်မည်ခြင်းကြောင့်...နတ်သက်သော် လည်းကောင်း၊ လူသက်သော် လည်းကောင်း ရှည်ရန် ဖြစ်၏၊
၂...အဆင်းကို ပေးလှူသည် မည်ခြင်းကြောင့်နတ်အဆင်းသော် လည်းကောင်း၊ လူအဆင်းသော် လည်းကောင်း လှရန်ဖြစ်၏၊
၃...ချမ်းသာကို ပေးလှူသည် မည်ခြင်းကြောင့်နတ်ချမ်းသာသော် လည်းကောင်း၊ လူချမ်းသာသော် လည်းကောင်း ရရန်ဖြစ်၏၊
၎...ခွန်အားကို ပေးလှူသည် မည်ခြင်းကြောင့်နတ် ခွန်အားသော်လည်းကောင်း၊ လူခွန်အားသော် လည်းကောင်း ကြီးရန် ဖြစ်၏။သုပ္ပဝါသာ ဘောဇဉ်ကို ပေးလှူသော အရိယာတပည့်မသည် အလှူခံပုဂ္ဂိုလ်တို့ အား ဤလေးမျိုးသော အရာတို့ကို ပေးလှူသည် မည်၏ဟု မိန့်တော်မူ၏။
အကြင် အရိယာတပည့်မသည် အကျင့် 'စရဏ' တစ်ဆယ့်ငါးပါးနှင့် ပြည့်စုံကုန်သော မြတ်သည်၏ အဖြစ်သို့ ရောက်ကုန်သော ဖြောင့်မတ်ခြင်းသို့ ရောက်ကုန်သော (ရဟန္တာ) ပုဂ္ဂိုလ်တို့၌ စင်ကြယ်သော မွန်မြတ်သော အရသာနှင့် ပြည့်စုံသော ကောင်းစွာ စီရင်အပ်သော ဘောဇဉ်ကို ပေးလှူ၏၊ ထို အရိယာတပည့်မ၏ အလှူကို ကောင်းမှု အချင်းချင်း ဆက်စပ်လျက် ကြီးမြတ်သောအကျိုးရှိ၏ဟူ၍ လောက သုံးပါးကို သိတော်မူသော မြတ်စွာဘုရားတို့သည် ချီးမွမ်းတော်မူအပ်၏။
လောက၌ အကြင်သူတို့သည် ထိုသို့သဘောရှိသော ကောင်းမှုကို အဖန် တလဲလဲ အောက်မေ့ကုန်လျက် နှစ်သက်ခြင်းရှိကုန်သည်ဖြစ်၍ ဝန်တိုခြင်း အညစ်အကြေး ကို အမြစ်အရင်းနှင့် တကွ ပယ်ဖျောက်၍ လှည့်လည်ကုန်၏၊ ထိုသူတို့သည် မကဲ့ရဲ့ အပ်ကုန်မူ၍ မြတ်သော နတ်ပြည်ဌာနသို့ ကပ်ရောက်ရကုန်သတည်း။
57၇ - သုပ္ပဝါသာသုတ်၊ ပုညာဘိသန္ဒဝဂ်၊ စတုက္ကနိပါတ်၊ အင်္ဂုတ္တိုရ်ပါဠိတော်။
ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
ဗုဒ္ဓဓမ္မ ဦးလောကနာထ

0 comments:
Post a Comment