* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, July 31, 2009

ဆင်းရဲသားပပျောက်ရေးတရားတော်....... (၁၂)

ကုလားလေး သင်္ခါရ

ဒါနှင့်ပတ်သက်လို့ လွန်ခဲ့တဲ့ အနှစ် (၄၀) ကျော်လောက်က ဘုန်းကြီးတို့ ငယ်ငယ် ကိုရင်ဘ၀တုန်းက၊ ယခုလက်ရှိ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက် နာယက တစ်ပါးဖြစ်တဲ့ တောင်သမန် ကျောက်တော်ကြီးဆရာတော် သြ၀ါဒ ပေးတာလေး သတိရလို့ ပြောပါအုံးမယ်။

ဟိုး တုန်းက မြို့နယ်တစ်ခုမှာ တပည့်လက်သား များစွာနှင့် လက်သမား ဆရာကြီးတစ်ယောက်ရှိသတဲ့။ အဲဒီလက်သမား ဆရာကြီးထံမှာ ကုလား ကလေးတစ်ယောက် အကူအလုပ်ဝင်လုပ်သတဲ့။ အဲဒီကုလားလေးက သူရသမျှငွေကြေးကို အလွန့်အလွန် ခြိုးခြံ ချွေတာ စားသောက်ပြီးတော့ စုဆောင်းသတဲ့။ ဒီတော့ ဆရာကြီးနှင့် တကွ လုပ်သား အချင်းချင်းက ပြောကြတယ်။ ဟေ့ ကောင်၊ ဒါလောက် နှမြောမနေစမ်းပါနှင့် ပစ္စည်း သင်္ခါရ လူသင်္ခါရ ကွ၊ ရှိတုန်းစားရတာ စားပစ်ပါကွာ.ဒီလိုပြောကြသတဲ့။ ကုလားကလေးက ဘာမျှပြန်မပြောဘဲ ခြိုးခြံ ချွေတာပြီး စုဆောင်မြဲ စုဆောင်းနေသတဲ့။ သူ့ကို ဆရာကြီးက ပစ္စည်းသင်္ခါရ လူသင်္ခါရကွ လို့ပြောပါများလို့ ကုလားလေးနာမည်ရင်းကိုဖျောက်ပြီး သင်္ခါရလို့ ခေါ်ကြသတဲ့။ ကုလားလေး သင်္ခါရပေါ့။

နောက်တော့ ကုလားကလေး အလုပ်ထွက်သွားလို့ နှစ်ပေါင်းအတော်ကြာတဲ့အခါ လက်သမားဆရာကြီးက ပစ္စည်းတစ်ချို့ ၀ယ်စရာရှိလို့ မြို့ပေါ်တက်ပြီးတော့ အလွန်ကြီးကျယ်ခမ်းနားတဲ့ ကုန်မျိုးစုံတိုက်ဆိုင်ကြီးတစ်ဆိုင်ကို ၀င်ပြီးတော့ ပစ္စည်းဝယ်သတဲ့။ ဆရာကြီးပစ္စည်းဝယ်နေတာမြင်တော့ ၊ တိုက်ဆိုင်ကြီးပိုင်ရှင်က ရိုရိုသေသေခေါ်ပြီးတော့ အကောင်းအဆုံး အစားအသောက်တွေနှင့် တည်ခင်းဧည့်ခံ ကျွေးမွေးသတဲ့။ လက်သမား ဆရာကြီးဟာ သူ့ကို ဘာကြောင့် ဒီလို ဧည့်ခံနေသလဲ ဆိုတာ ဇဝေ ဇ၀ါဖြစ်နေသတဲ့။ တိုက်ဆိုင် ပိုင်ရှင်ကို သူလုံးဝ မမှတ်မိဘူးတဲ့။

ဒီတော့မှ တိုက်ဆိုင်ကြီး ပိုင်ရှင်က ၊ ဆရာကြီး ကျွန်တော့ကို မမှတ်မိတော့ဘူးလား။ ကျွန်တော်မမှတ်မိတော့ဘူးဗျ၊ ဘယ်တုန်းက တွေ့ဖူးသလဲ လို့ လက်သမား ဆရာကြီးက ပြန်မေးသတဲ့။ ကျွန်တော် ကုလားလေး သင်္ခါရလေ ဆရာကြီး မမှတ်မိဘူးလား။ သြော်…ခင်ဗျားက ကုလားလေး သင်္ခါရလား လို့ ပြောပြီး လက်သမား ဆရာကြီးက တအံ့တသြဖြစ်နေသတဲ့။ ဟုတ်တာပေါ့၊ စည်းစိမ်ဥစ္စာပြည့်စုံနေတော့ ကောင်းမွန်စွာနေထိုင် စားသောက်ရတော့ အရင်ကလို မွဲမွဲ ပိန်ပိန်ခြောက်ခြောက် ကုလားလို ဘယ်ဟုတ်ပါ့မလဲ။ ဒီတော့ ကုလား သင်္ခါရက ပြောသတဲ့။ ဆရာကြီး၊ ဆရာကြီးတို့နှင့်အတူနေစဉ်တုန်းက ကျွန်တော်က ရသမျှငွေစုတယ်။ ဆရာကြီးတို့က ရသမျှငွေ မစုဆောင်ဘဲ စားပစ်သလို ကျွန်တော့်ကိုလည်း ပစ္စည်းသင်္ခါရ လူသင်္ခါရ ပဲ ဆိုပြီး စားပစ်ဖို့ တိုက်တွန်းတယ်။ ကျွန်တော်က မစားဘူး စုတယ်။

ဒီလို နှင့် ကျွန်တော်ဟာ စုဆောင်းရရှိသမျှငွေနှင့် ဆရာကြီးတို့ အလုပ်မှ ထွက်ခဲ့ပြီးတော့ အခြားအလုပ်တွေကိုလည်း ရှာဖွေလုပ်ကိုင် ငွေစုတယ်။ အရင်းအနှီးလေး ရလာတဲ့အခါ အရောင်းအ၀ယ် လုပ်တယ်။ ဒီလိုနဲ့ ကျွန်တော် ဒီတိုက်ဆိုင်ကြီး ပိုင်လာတာပါပဲ။ အခုတော့ ကျွန်တော် စားချင်သလို စား၊ သုံးချင်သလိုသုံး ၊ ကောင်းကောင်းစား ကောင်းကောင်း သုံးစွဲပြီး နေနိုင်ပါပြီ ဆရာကြီး။

ကျွန်တော် လုပ်ငန်းလည်း မပျက်စီးပါဘူး။ အကယ်၍သာ ဆရာကြီးတို့ ပြောသလို အရင်းအနှီးမစုဆောင်းဘဲ စားသုံးပစ်ခဲ့မည် ဆိုလျှင် ကျွန်တော် ကောင်းကောင်းလည်း စားရမှာမဟုတ်သလို ကောင်းကောင်းလည်း သုံးရမှာ မဟုတ်ပါဘူး။ အခုလို အခြေအနေမျိုး ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး လို့ ပြောသတဲ့။ ဒါဟာလည်း စဉ်းစားစရာပါပဲ။ သိတော့ သိကြတာပါ။ အလေးမထားလို့ ဖြစ်သင့် ဖြစ်ထိုက်တဲ့ရသင့်ရထိုက်တဲ့ အနေအထားတွေ မဖြစ်ကြ၊ မရကြတာပါ။
Posted by Ashin Kumara

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP