* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 3, 2009

မကောင်းသောအလေ့အကျင့်ကို သေးငယ်သည်ဟု မယူဆနဲ့

ရှင်တော်ဗုဒ္ဓသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆိုဆုံးမခက်သော ရဟန်းတပါးရှိ၏။ သူသည် ကျောင်းတော်ရှိ ခုတင်, ညောင်စောင်း, စားပွဲ စသည်တို့ကို သူကြိုက်ရာနေရာသို့ ယူ၍ အသုံးပြုလေ့ ရှိ၏။ ထို့နောက် ထိုနေရာ၌ပင် ပစ်ထားခဲ့လေ့ရှိ၏။ ဖုန်မှုန့်များ ပေကျံသည်ကို ဂရုမထား၊ မိုးရွာ အစို၊ နေပူ အခြောက် ဖြစ်နေသည်ကို အရေးမစိုက်။ တခါတရံ မတော်သောနေရာ ပစ်ထားသဖြင့် ခြစားသည်လည်းရှိ၏။ အမြင်မတော်သော ရဟန်းအဖော်များက သိမ်းဆည်းပေးရ၏။ ဤသို့ သံဃိကပစ္စည်းများကို ဂရုမစိုက် ပစ်စလက်ခတ်မသုံးရန် အဖော်ရဟန်းများက သတိပေးသောအခါ -ဒါလောက်လေးနှင့် အပြစ်မကြီးပါဘူး၊ မဖြစ်စလောက်ကလေးကို ရေးကြီးခွင်ကျယ် ပြောမနေစမ်းပါနဲ့-ဆိုကာ ပြုလုပ်မြဲတိုင်း ပြုလုပ်လေ့ရှိသည်။ အချို့ပရိဘောဂပစ္စည်းများ ပျက်စီးကုန်၏။ မြတ်ဗုဒ္ဓ ကြားသိတော်မူသောအခါ ထိုရဟန်းအား ရှေ့တော်သို့ ခေါ်ယူ၍ ဆုံးမစကားပြောဆို၏။ ထို့နောက် တဆက်တည်းပင်-သံဃိက ညောင်စောင်း အင်းပျဉ် ခုတင် စသည်များကို အကာအကွယ်မရှိသော လွင်တီးခေါင်၌ ယူငင်သုံးစွဲပြီးလျှင် ပြန်၍မသိမ်းဆည်းသော ရဟန်းအား ပါစိတ်အာပတ် သင့်စေ-ဟု ပထမ သေနာသနသိက္ခုာပုဒ်ကို ပညတ်တော်မူလေသည်။

( ပါဠိဂါထာ )
မာဝ မညေထ ပါပဿ ၊ န မန္ဒံ အာဂမိဿတိ ။
ဥဒ ဗိန္ဒု နိပါတေန ၊ ဥဒ ကုမ္ဘောပိ ပူရတိ ။
ဗာလော ပူရတိ ပါပဿ ၊ ထောကံ ထောကမ္ပိ အာစိနံ ။

( မြန်မာပြန် )
အနည်းငယ်သော မကောင်းမှုသည် ငါ့အား အကျိုးရောက်လိမ့်မည် မဟုတ်ဟု
မကောင်းမှုကို မထီမဲ့မြင် မအောက်မေ့ရာ။
သေးငယ်သော မိုးရေပေါက်သည် ကျဖန်များသော် ရေအိုးပြည့်ဘိသကဲ့သို့
သူမိုက်သည် အနည်းငယ်သော မကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် မကောင်းမှုဖြင့် ပြည့်၏။

( ဆောင်ပုဒ် )
မကောင်းမှုကို၊ မဆိုစလောက်၊ မဖြစ်လောက်ဟု၊ စိတ်ရောက်အတွေး၊ ထင်မသေးနဲ့၊
နှေးကွေးကျလျက်၊ မိုးရေစက်သည်၊ စဉ်ဆက်ထပ်ပွား၊ ကျဖန်များသော်၊ ခံထားအိုးခွက်၊ ကြီးပါလျက်လည်း၊ ပြည့်တက်အနား၊ လျှံတက်သွားသို့၊
ဆိုးဝါးညစ်ကျု၊ နည်းငယ်စုကို၊ ပြုလုပ်ထပ်ပွား၊ အကြိမ်များသော်၊ ကြီးမားအပြစ်၊ ထင်စွာဖြစ်၏။

( ပါပ၀ဂ်၊ အသံယတပရိက္ခာရ၀တ္ထု )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP