* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 3, 2009

ဘာဖြစ်လို့လဲ

ခုတလော အလုပ်တွေ ပိနေလို့ ပိုစ့်အသစ်အတွက် ဘယ်လိုမှ မစဉ်းစားနိုင်ပါဘူး။ ဒါပေမယ့် Active ဖြစ်နေဖို့ ပိုစ့် တစ်ခုက တော်တော်လေး လိုအပ်လာနေပြီ။ ဒီတော့ ခုတလော ကျွန်တော် ကြုံလိုက်ရတဲ့ အဖြစ်အပျက်လေးကိုပဲ စုပြီး တင်လိုက်ပါတယ်။

ပထမ ပြဿနာက ကျွန်တော့် http://friendsdaygroup.ning.com ၀က်ဆိုက်မှာ ကလေး အမည်ရှိ ကောင်မလေး တစ်ယောက်က တင်တဲ့ပိုစ့်ရဲ့ ပြဿနာ။ သူက ဆရာမ ဖြစ်ပုံရပါတယ်။ စာပြရင်း ဘာသာခြား ကလေးလေး တစ်ယောက်နဲ့ ဘာသာရေးနဲ့ ပတ်သက်ပြီး ငြင်းခဲ့ရတယ်။ သူက လူကြီးမို့လို့ နိုင်ခဲ့ပေမယ့် ဗုဒ္ဓဘာသာကလေးတွေဆိုရင်ကော အဲဒီအရွယ်နဲ့ ဘာသာခြားလူကြီးကို ငြင်းရဲမလား။ နောက် ဗုဒ္ဓဘာသာကလေးတွေဟာ ဘာသာရေး အသိစိတ်ဓာတ်တွေ ဘာသာခြားကလေးတွေလို တကယ်သိ တကယ်ရှိကြရဲ့လား ဆိုပြီး သူ့ပိုစ့်ကို အဆုံးသတ် သွားပါတယ်။ အဲနောက်ထပ် ပြဿနာက ကလေး အမည်ရှိ ကောင်မလေး ပြောတဲ့ ပြဿနာ နဲ့ ပတ်သက်ပါတယ်။ ကျွန်တော်နဲ့ တပြေးတည်း တစ်ကြမ်းပြင်တည်း အိပ်နေတဲ့ ကျွန်တော့်လုပ်ဖော် ကိုင်ဖက်က ကျွန်တော့်ကို မေးခဲ့တဲ့ မေးခွန်းလေးကိုပဲ ကျွန်တော် ပြောပြပါရစေ။

“သီလယူတဲ့ အခါ ဘုန်းကြီးတွေက ဘာတွေ ရွတ်နေတာလဲ” ပါတဲ့။

ကျွန်တော့် သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးရဲ့ အသက်က ၂၆ နှစ်ပါခင်ဗျာ။ နောက်မေးခွန်းတွေက အဲဒါနဲ့ နည်းနည်း နီးစပ်ပါတယ်။ သြကာသလို့ ဘာလို့ ရွတ်ဆိုရလဲ ၊ သြာကာသအဓိပ္ပါယ်နှင့် ထိခြင်းငါးပါးနဲ့ ဘာကြောင့်ရှိခိုးရလဲ ဆိုတာပါပဲ။ သြကာသ ကိုမေးလာတဲ့ သူက ဘာဆက်ပြောလာလည်းဆိုတော့ ကြာတော့ သြကာသ ဆိုတာ ဘာကို ဆိုလိုလို့ ဆိုလိုမှန်း မသိတာနဲ့ ဘုရားတောင် ရှိခိုင်းချင်စိတ် မရှိတော့ဘူး တဲ့။ ကြည့်စမ်းပါဦး။ သြကာသ ကိုဘာမှန်းမသိကြဘူးတဲ့။ သီလယူတဲ့အခါ ဘုန်းကြီးတွေ ဘာရွတ်မှန်း မသိဘူးတဲ့ဗျာ။ ဘယ်လို လုပ်ကြမလဲ။

ထိခြင်းကြီးငါးပါးနဲ့ ရှိခိုးရတာက မာန်မာန ကျစိမ့်သောငှါ။

သြကာသ ဆိုတာက “ကန်တော့ခွင့်ပြုပါ”

(မသိဘူး ထင်တာလေးကိုပဲ ဆက်ပြောမယ်)

အဟံ ဘန္တေ တိသရဏေန သဟ ပဉ္စသီလံ ဓမ္မံ ယာစာမိ အနုဂ္ဂဟံ ကတွာ သီလံ ဒေထ မေ ဘန္တေ ဆိုတာက “အရှင်ဘုရား တပည့်တော်ကို သရဏဂုံ သုံးပါးနဲ့ ငါးပါးသီလကို တောင်းပါတယ်။ သနားသဖြင့် တပည့်တော်ကို သရဏဂုံနှင့် ငါးပါးသီလကို ပေးတော်မူပါ” လို့ပြောတာဖြစ်ပါတယ်။

နမော တဿ မဆိုခင်လေးမှာ ဘုန်းကြီးက ဒီလိုဆိုတယ်။

“ယ မဟံ ၀ဒါမိ၊ တံ ၀ဒေထ” တဲ့။ အဓိပ္ပါယ်က “ငါဆိုတဲ့အတိုင်း လိုက်ဆို” လို့ဖြစ်ပါတယ်။

ဗုဒ္ဓံ သရဏံ စတဲ့ သရဏံဂုံ ဆိုပြီးနောက် ဘုန်းကြီးက ဒီလိုဆိုတယ်။

“တိသရဏ ဂမဏ ပရိပုဏ္ဏံ” တဲ့။ ဆိုလိုတာက “သရဏဂုံ သုံးပါးနဲ့ ပြည့်စုံပြီလား“ မေးတာ။

နောက်ဆုံး ဘုန်းကြီးဆိုတာက “တိသရဏ သဟ ပဉ္စ သီလံ ဓမ္မံ သာဓုကံ ကတွာ အပမ္ပာဒေန သမ္ပာဒေထ” လို့ဆိုလိုက်တယ်။

အဓိပ္ပါယ်က “သရဏဂုဏ် သုံးပါးနဲ့ ငါးပါးသီလကို ကောင်းကောင်းမွန်မွန်စောင့်ထိန်းကြ၊ မမေ့လျှော့ကြနဲ့” လို့ ဆိုလိုက်တာဖြစ်ပါတယ်။

ဒီလို အသေးအမွှားလေးက စတဲ့ ပြဿနာတွေတောင် တော်တော်ကြီးကျယ်နေပြီဆိုတော့ အဓမ္မ၀ါဒီတွေက ကောင်းကောင်းမြူဆွယ်လိုက်ရင် ဘုရားဘယ်လို ဘယ်ဝါမှန်း သိတော့မှာ မဟုတ်ဘူး။ တရား ဘယ်လို ဘယ်ဝါမှန်း သိတော့မှာ မဟုတ်ဘူး။ သံဃာ ဘယ်လို ဘယ်ဝါမှန်း သိတော့မှာ မဟုတ်ဘူး။

တစ်ခု ကြုံဖူးသေးတယ်။ ဆရာဝန်တစ်ယောက် ပြောတာပါ။ ဘာပြောလဲ ဆိုတော့ “ကျွန်တော်ကတော့ သရဏဂုံ ဆိုရာမှာ ဘုန်းကြီးတွေကို ကြည်ညိုလို့ မရတာနဲ့ သရဏဂုံ နှစ်ပါးတည်း ယူတယ်ဗျ” တဲ့။ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ဆရာဝန်တစ်ယောက်ပါ။ သံဃာဆိုတာကို သူ့ကို အတော်လေး ရှင်းပြလိုက်ရပါတယ်။ ဒါပေမယ့် ကျွန်တော့်လို ပါးမွှားပြောတဲ့ “သံဃာတွေဆိုတာ လက်ရှိ တစ်ပါးတည်း သို့မဟုတ် တစ်စုတည်း သင်မြင်နေရတဲ့ ပုဂ္ဂိုလ်ဟာ သံဃာ မဟုတ်ဘူး၊ သံဃာ လို့ဆိုလိုက်ရင် ဘုရားရှင်လက်ထက် ရှင်သာရိပုတ္တရာကစပြီး ဒီလက်ရှိ သင်္ကန်းဝတ်ထားတဲ့ သံဃာအားလုံးကို စိတ်ထဲ မှတ်ထင်ရမယ်၊ ရှိရှိသမျှ ဘုန်းကြီးတွေရဲ့ဂုဏ်တွေကို ရည်မှန်းရမယ်” လို့ပြောတာကို သိပ်သဘောကျ သွားပုံ မရဘူး။

ကဲ. . . . ကျွန်တော်လည်း ဘာဖြစ်လို့လဲ လို့သာ မေးတတ်ပါတော့တယ်။ ဘာဖြစ်လို့ မြန်မာ ဗုဒ္ဓဘာသာ လူငယ်တွေ ဘာသာရေး အသိပညာ ပိုပိုပြီး ခေါင်းပါးလာကြတာလဲ????????? …. (အများကြီး ရိုက်ပစ်ချင်တယ် ? တွေကို )

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP