* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 3, 2009

ဂုဏ်ကိုးပါးရှင် သံဃာတော်ကို ရည်မှန်းလှူပါ

ဗုဒ္ဓဘာသာမြန်မာနိုင်ငံတော်တွင် ရဟန်းသံဃာတော်မျာအတွက် စာသင်တိုက်ကြီးများ များစွာရှိသည်။ ထိုစာသင်တိုက်ကြီးများစွာတို့တွင် ရဟန်းသံဃာတော်များ ရာနှင့် ထောင်နှင့်ချီင ပရိယတ္တိစာပေ သင်ယူလျက်ရှိကြသည်။ ကံ ကံ၏အကျိုးကို အကြွင်းမဲ့ ယုံကြည်သက်ဝင်ကြသော ဗုဒ္ဓဘာသာဝင်များက ရဟန်းသံဃာတော်များအား ဆွမ်း သင်္ကန်း ကျောင်း ဆေး-ဟူသော ပစ္စည်းလေးပါးတို့ကို တာဝန်ယူ လှူဒါန်းနေကြသည်။

ဗုဒ္ဓဘာသာဝင်တိုင်း အမြဲပြုလေ့ရှိသော ဒါနမှုတခုမှာ ဆွမ်းအလှူဖြစ်၏။ အိမ်တိုင်းလိုလိုပင် နံနက်တိုင်း ဆွမ်းလောင်လှူကြ၏။မိမိအိမ် မိမိအရပ်ထဲတွင် နိစ္စဘတ် လှူဒါန်းကြသည့်အပြင် ကျောင်းတိုက်သို့သွား၍ သံဃာကုန် ဆွမ်းကပ်ကြသည်လည်း အများအပြားပင် ရှိသည်။ ထိုသို့ ဆွမ်းကပ်လှူဒါန်းရာ၌ ဆရာတော်ကြီးများက ဆွမ်းကပ်လှူသူများအား( သံဃဿ ဒေမ ) ဟု ရွတ်ဆိုအာရုံပြုရန် သင်ပေးလေ့ရှိကြ ပါသည်။ အဓိပ္ပါယ်မှာ-ယခု လောင်းလှူနေသော ဆွမ်းသည် ပုဂ္ဂလဓိဋ္ဌာန် ပေးလှူခြင်းထက်လွန်၍ ဗုဒ္ဓမြတ်စွာ၏ လက်ထက်တော်က စတင်ဖွဲ့စည်းလာခဲ့သော သံဃာတော်အရှင်မြတ်များအား လှူဒါန်းနေခြင်းဖြစ်သည်။ အရှင်မဟာကဿပ, အရှင်သာရိပုတ္တရာ, အရှင်မောဂ္ဂလာန်, အရှင်အာနန္ဒာ စသော မထေရ်ကြီးများမှ ဆင်းသက်လာခဲ့သော အရိယာနွယ်ဝင် သံဃာတော်များအား သံဃိကလှူဒါန်းပါ၏-ဟု စိတ်တွင်းက ရည်မှန်းအာရုံပြုရန် ဖြစ်သည်။

ဝိမာန၀တ္ထု အဋ္ဌကထာတွင် အမဘဒ္ဒါနှင့် ညီမသုဘဒ္ဒါတို့ ဆွမ်းလှူပုံကို ဤသို့ဖော်ပြထား၏။ အမဘဒ္ဒါသည် သူနှင့်ခင်မင်ရင်းနှီးသော သံဃာတော်များအား မကြာမကြာပင့်၍ ဆွမ်းကပ်လှူလေ့ရှိ၏။ ညီမ သုဘဒ္ဒါသည်ကား ဘယ်ပုဂ္ဂိုလ်ဟူ၍ မရည်ရွယ်။ အလွယ်တကူ ပင့်ဖိတ်၍ရသော ရဟန်းငါးပါးကို ပင့်၍ အရိယာသံဃာတော် များအား ရည်မှန်းကာ သံဃိကဒါနဆွမ်း တကြိမ်လှူ၏။ ဆင်းရဲနွမ်းပါးသူ ဖြစ်သောကြောင့် ထိုသံဃိက ဆွမ်းတကြိမ်သာ မှတ်မှတ်ရရ လှူဖူး၏။ ညီအမနှစ်ယောက် ကွယ်လွန်ကြသောအခါ အမက နတ်ပြည်ခြောက်ထပ်တွင် တာဝတိံသာနတ်ဘုံသို့ ရောက်သည်။ ညီမ သုဘဒ္ဒါသည် နိမ္မာနရတီဘုံသို့ ရောက်၍ နတ်စည်းစိမ် အဆင့်အတန်းမြင့်မြင့်ကို ခံစားရလေသည်။

ဗုဒ္ဓလက်ထက်တော်က အခါကြီးရက်ကြီးတခုတွင် မြို့သူမြို့သားတို့သည် ဗုဒ္ဓကျောင်းတော်သို့ သွားကြသည်။ မိမိတို့ကျောင်းတော်တွင် နိုင်သလောက် သံဃာများအား ဆွမ်းပင့်ကျွေးကြသည်။ ဦးစွာရောက်သူတို့က တန်ခိုးကြီးမထေရ်ကြီးတို့အား ပင့်ဖိတ်၍ သွားကြသည်။ ထိုအခါတွင် စိတ္တသူကြွယ် ရောက်သောအချိန်၌ အနေအထိုင်မကောင်းသော ရဟန်းတပါးသာ ကျန်တော့သည်။ ထိုရဟန်းကိုပင် ပင့်သွားပြီး နောက်တနေ့၌ ရိုသေစွာ ခင်းကျင်းပြင်ဆင်၍ ကောင်းမွန်စွာ လုပ်ကျွေးပြုစု၏။ ထိုရဟန်းသည်လည်း သူဋ္ဌေးဒါယကာတယောက် ရပြီ-ဟု ၀မ်းသာသွား၏။ ညနေချိန်၌ ထိုရဟန်းလာရောက်၍ စိတ္တသူကြွယ်ထံ ကျောင်းတွင် သုံးလို၍ ပေါက်တူးလာငှါးသည်။ ထိုအခါ ( ဟိုမှာ သွားယူချေ )ဟု သာမညပြောပြီး ပေးလွှတ်လိုက်၏။ မြင်သူများက နံနက်ခင်းက ပြုစုပုံနှင့် ညနေ ဆက်ဆံပုံ ကွာခြားလှသဖြင့် အံ့သြစွာ မေးမြန်းကြသည်။ နံနက်အခါက သံဃာအမှတ်နှင့် ပင့်ပြီး အရိယာသံဃာတော်အနေဖြင့် ကပ်လှူကြောင်း၊ ယခု အလုပ်လုပ်လို၍ ပေါက်တူး ငှါးလာရာတွင် သာမည်ပုဂ္ဂိုလ်အနေဖြင့် ပေးငှါးလိုက်ကြောင်း-ရှင်းပြလိုက်သည်။ စိတ္တသူကြွယ်သည် သံဃိက အလှူ မွန်မြတ်ကြောင်းကို သိနားလည်ထားသူ ဖြစ်သည်။ ထိုသို့သိသည့်အတိုင်း ဆက်ဆံပြုမူလိုက်ကြောင်းကို နားလည်မှတ်သားရပေသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP