* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 20, 2009

ဟေတုပစ္စည်း ၁(ဃ)

တစ်ချိန်သောအခါက ကပိလဝတ်ပြည်မှာ ဂေါပိကာဆိုတဲ့ အမျိုးသမီး တစ်ယောက်ရှိတယ်။ အဲဒီအမျိုးအမီးက အမျိုးသမီးဘဝကို စက်ဆုပ်တယ်။ အမျိုးသားဘဝကို အလွန်ပဲ လိုချင်တယ်တဲ့။ လိုချင်တော့ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တယ်။ ငါးပါးသီလကို လုံခြုံအောင်ထိန်းတယ်။ အမျိုးသမီးအဖြစ်ကို မလိုချင်တဲ့သဘောတွေ မကြာခဏ ဆုတောင်းပတ္ထနာပြုတယ်။ အမျိုးသားအဖြစ်ကို လိုချင်ပြီးတော့ အမျိုးသားအဖြစ်ကို မကြာခဏ ဆုတောင်းပတ္ထနာပြုတယ်။အမျိုးသမီးများ အမျိုးသားဖြစ်နိုင်ရေး အကြောင်းတရား (၄)ပါး ရှိပါတယ်။
(၁) ရတနာသုံးပါးကို ယုံယုံကြည်ကြည် ကိုးကွယ်တာရယ်။
(၂) ငါးပါးသီလကို လုံခြုံအောင် စောင့်ထိန်းတာရယ်။
(၃) အမျိုးသမီးအဖြစ်ကို မလိုချင်တာရယ်။
(၄) အမျိုးသားအဖြစ်ကို လိုချင်တောင့်တတာရယ်။ ..... အဲဒီ လေးမျိုးကို ကျင့်ကြံအားထုတ်ပြီး နေတယ်။သူကိုးကွယ်တဲ့ကျောင်းမှာလည်း အဲဒီ သူ၏ ဆုတောင်းတွေပြည့်ရအောင် ရဟန်း(၃)ပါးကို ကိုးကွယ်ထားတယ်တဲ့။ အဲဒီ ရဟန်း(၃)ပါးက သာမာန်ရဟန်းတွေ မဟုတ်ဘူး။ ဈာန်ရအောင်ကျင့်လို့ လောကီဈာန်ရထားတဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်။ အဲဒီလို ကျင့်ကြံကြိုးကုတ် အားထုတ်ပြီး၊ ဈာန်ရတဲ့ ရဟန်းတွေကို ကိုးကွယ်ဆည်းကပ်ပြီး၊ အမျိုးသားအဖြစ်ကိုလည်း တောင့်တပြီး ကောင်းမှုတွေ ပြုနေပါတယ်။ကွယ်လွန်သွားတဲ့အခါကျတော့ တာဝတိံသာနတ်ပြည်မှာ သိကြားမင်းရဲ့သား ဂေါပဂနတ်သား ဖြစ်သွားတယ်။ ဈာန်ရတဲ့ ရဟန်းတော်တွေလည်း သက်တမ်းကုန်ပြီး ကွယ်လွန်သွားကြ၊ ပျံလွန်တော်မူသွားကြတဲ့အခါ ဘယ်မှာသွားဖြစ်သလဲဆိုတော့ စတုမဟာရာဇ်နတ်ဘုံမှာ ဂန္ဓဗ္ဗကချေသည် နတ်သားတွေ သွားဖြစ်တယ်တဲ့။တစ်နေ့တော့ ဂေါပဂနတ်သားကို အဲဒီကချေသည်နတ်သားတွေ ဖျော်ဖြေဖို့ရာ ရောက်လာကြတယ်။ ရောက်လာလို့ ဂေါပကနတ်သားက ကြည့်လိုက်တဲ့အခါ အို ... အဆင်းကလည်းသိပ်လှ၊ အဆိုကလည်းသိပ်ကောင်း၊ အက-ကလည်း သိပ်ကောင်း၊ ရုပ်ရည်အဆင်းတွေကလည်း သိပ်လှတော့ ဘယ်ဘဝကများ လာခဲ့ကြသလဲလို့ သူ့ရဲ့နတ်မျက်စိနဲ့ ဆင်ခြင်ကြည့်လိုက်တဲ့အခါ ရဟန်းဘဝ၊ ရဟန်းသီလနဲ့ ပြည့်စုံခဲ့လို့ အခုလို ပြည့်စုံကြတာဖြစ်တယ်။ အက-ကလည်း ကောင်း၊ အဆိုကလည်း ကောင်း၊ ရုပ်ရည်အဆင်းကလည်း ကောင်းတော့ ရဟန်းသီလနဲ့ ပြည့်စုံလို့ပဲလို့ သိရတယ်။ "သြော် ... သီလနှင့် ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေ ဒီလိုချမ်းသာခွင့် ရတာကိုး" ဆိုပြီး ဝမ်းမြောက် ဝမ်းသာဖြစ်တယ်။နောက်တစ်ခါဆက်ပြီး ဆင်ခြင်ကြည့်လိုက်တယ်။ နောက်ထပ် ဘယ်တရားများ သူတို့မှာ ရှိနေကြသလဲလို့ ဆင်ခြင်ကြည့်လိုက်တော့ ဈာန်ရတာကို သိရတယ်။ "သြော်ဒါကြောင့်မို့ ဒီလောက်တင့်တယ်ကြတာကိုး" ဟု စိတ်ထဲမှာ ဖြစ်သွားတယ်။ "သြော် .. ဒီပုဂ္ဂိုလ်တွေ ဘယ်အရပ်၊ ဘယ်ကျောင်းကလဲ" လို့ ဆင်ခြင်ကြည့်လိုက်တော့ သူကိုးကွယ်တဲ့ကျောင်းက ရဟန်းတွေ ဖြစ်နေတယ်။ စိတ်နှလုံး မသာမယာဖြစ်တယ်။ "တော်တော်ညံ့တာပဲ"။ မကျေနပ်တော့ဘူးတဲ့။အဲဒီနတ်တွေကို အတင်းမာန်မဲပြီးတော့ ပြောတော့တာပဲ။ အရှင်ဘုရားတို့ဟာ မြတ်စွာဘုရား တရားဟောတဲ့အခါ ဘယ်ဘက်ကို လှည့်နေကြသလဲ၊ အိပ်ငိုက်နေကြသလား .. စသည်ဖြင့် ဆူပူ ကြိမ်းမောင်းတယ်။ ဈာန်ရ ရဟန်းတွေ အကြိမ်းမောင်းခံရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလောဘကြောင့်ပဲတဲ့။ ဘဝပေါင်းများစွာက ဖြစ်ခဲ့ဘူးတော့ လောဘဥပါဒါန်က အဲဒီစတုမဟာရာဇ်ဘုံဘဝ ကချေသည်ဘဝမှာ ကပ်နေတယ်။ ဈာန်ရရင် အမှန်စင်စစ်တော့ ဗြဟ္မာပြည်မှာ သွားဖြစ်ရမှာဖြစ်တယ်။ အခုဘယ်မှာ ဖြစ်နေသလဲ .. စတုမဟာရာဇ်နတ်၊ အောက်တန်းစားနတ် သွားဖြစ်တယ်။ ကချေသည်နတ်ဆိုတာ အောက်တန်းစားနတ်ပဲ ဖြစ်တယ်။ဒီလို ဆူပူကြိမ်းမောင်းခံနေရတော့ သူတို့လည်း ပြန်စဉ်းစားကြည့်၊ ပြန်ဆင်ခြင်ကြည့်တယ်တဲ့၊ "ဒို့က သူတစ်ပါးတွေ ချီးမြှောက်ခံချင်လို့ လာပြီး ကနေ၊ ဆိုနေကြတာ ဖြစ်တယ်။ " အခုလို ဆူပူကြိမ်းမောင်းခံနေရတော့ နတ်တို့ရဲ့ တန်ခိုး၊ နတ်ရဲ့ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ သူတို့ကို ကိုးကွယ်ခဲ့တဲ့ ကျောင်းဒကာမပဲဆိုတာ သိရတော့ ရှက်လိုက်တာ။ အို .. သူကတော့ အထက်တန်းကျလို့၊ ဒို့က ဈာန်ရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လျက်သားနဲ့၊ ဒို့က ကိုးကွယ်ခံရတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လျက်သားနဲ့ ဒီလို လားပြီးတော့ ဖြစ်ရတာကိုး ... ဆိုပြီးတော့ ရှက်ကြတယ်တဲ့။အဲဒီမှာ နတ်နှစ်ပါးကတော့ သံဝေဂရပြီး အားထုတ်လိုက်တာ အနာဂါမ် ဖြစ်သွားတယ်။ တစ်ခါတည်း ဗြဟ္မာပြည်ကို ပြောင်းသွားတယ်။ တစ်ပါးကတော့ စွဲလမ်းတာ အားကြီးလို့ လောဘဥပါဒါန် သိပ်အားကြီးလို့ အဲဒီ စတုမဟာရာဇ်နတ်ဘုံမှာပဲ ကချေသည် နတ်သား အဖြစ်နဲ့ ကျန်ခဲ့တယ်တဲ့။ လောဘဟိတ် ဆိုးပါတယ်။ ဈာန်ရတာတောင်မှ ဒုက္ခပေးပါတယ်။ ဒါကြောင့် လောဘကို ကင်းနိုင်သမျှ ကင်းအောင်၊ ဒေါသလည်း ကင်းနိုင်သမျှ ကင်းအောင်၊ မောဟလည်း ကင်းနိုင်သမျှ ကင်းအောင်၊ ဟေတုပစ္စည်း မကောင်းတဲ့ ဟိတ်တွေ မိမိတို့ရဲ့သန္တာန်မှာ ဖြစ်ခွင့်မရအောင်၊ နည်းနိုင်သမျှ နည်းအောင် အားထုတ်ကြရပါတယ်။
ကုသိုလ်ဟိတ်(၃)ပါးက သတိပဋ္ဌာန် ဝိပဿနာတရား အားထုတ်ရာတွင် ကျေးဇူးပြုပုံအလောဘ၊ အဒေါသ ဟိတ်(၂)ပါးပြည့်စုံရင် တော်တော့်ကို နေရာကြပါတယ်။ အလောဘ အဒေါသ ဟိတ်(၂)ပါး ပြည့်စုံလို့ရှိရင် သတိပဋ္ဌာန် ဝိပဿနာတရားတွေ ပွားများအားထုတ်တဲ့အခါ ကာယာနုပဿနာ သတိပဋ္ဌာန်နှင့် ဝေဒနာ သတိပဋ္ဌာန်တရားတွေ ထင်ထင်ရှားရှား ပွားများလို့ ရနေတတ်ပါတယ်။ ပြည့်စုံတတ်ပါတယ်။ပုရိမာနံ = ရှေ့၌ဖြစ်ကုန်သော၊ ဒွိန္နံ = နှစ်ပါးကုန်သော အလောဘ အဒေါသတို့၏ ၊ အာနုဘာဝေန = အစွမ်းအာနုဘော်ကြောင့်၊ ပုရိမာနိ = ရှေ့၌ ဖြစ်ကုန်သော၊ ဒွေ = နှစ်ပါးကုန်သော၊ သတိပဋ္ဌာနာနိ = ကာယာနုပဿနာသတိပဋ္ဌာန်၊ ဝေဒနာနုပဿနာသတိပဋ္ဌာန်တို့သည်၊ ဣဇ္ဈန္တိ = ပြည့်စုံကြကုန်၏။ ဣတိ = ဤသို့၊ အဋ္ဌကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါသတည်း...။
သာဓု ... သာဓု ... သာဓု ။


အလောဘဟိတ် အဒေါသဟိတ် နှစ်ပါးတို့တွင် အလောဘ = မလိုချင်၊ မတပ်မက်တဲ့သဘော။
အဒေါသ = မပြစ်မှား စိတ်မဆိုး အမျက်မထွက် တတ်တဲ့သဘော။ ဤသဘောများနှင့် ပြည့်စုံမယ်ဆိုရင် သတိပဋ္ဌာန်ဝိပဿနာ တရားပွားများတဲ့အခါ ကာယာနုပဿနာသတိပဋ္ဌာန်ကိုလည်း ထင်ထင်ရှားရှား တရားသဘောတွေ မြင်အောင် ပွားများနိုင်ပါလိမ့်မယ်။ ဝေဒနာနုပဿနာသတိပဋ္ဌာန်ကိုလည်း ထင်ထင်ရှားရှား တရားသဘောတွေ မြင်အောင် ပွားများနိုင်ပါလိမ့်မယ်။ ကောင်းပါတယ်။ တရားတွေမြင်အောင် ပွားများနိုင်ရင် နိဗ္ဗာန်ရောက်မှာ ဖြစ်တယ်။အလောဘ အဒေါသရှိနေတဲ့ ပုဂ္ဂိုလ်တွေ အဲဒီ သတိပဋ္ဌာန်တရား(၂)ပါးကို အဓိကထားပြီးတော့ ပွားများဖို့ရာဖြစ်တယ်။ မိမိဟာ ကာယာနုပဿနာ သတိပဋ္ဌာန် ပွားများအားထုတ်လို့ရှိရင် ပိုပြီးတော့ ထင်ရှားတယ်။ ဝေဒနာ သတိပဋ္ဌာန် ပွားများအားထုတ်လို့ရှိရင် ပိုပြီးတော့ ထင်ရှားတယ် ဆိုလို့ရှိရင်တော့ မိမိတို့သန္တာန်မှာ ဘာဟိတ်တွေ ပြည့်စုံလို့ပါလဲ... အလောဘဟိတ်၊ အဒေါသဟိတ်နှစ်ပါးနဲ့ ပြည်စုံနေလို့ပါ။

ပစ္ဆိမဿ = နောက်ဆုံးဖြစ်သော အမောဟဟိတ်၏ ၊ အာနုဘာဝေန = အစွမ်းအာနုဘော်ကြောင့်၊ ပစ္ဆိမာနိ = နောက်၌ဖြစ်ကုန်သော၊ ဒွေ = နှစ်ပါးကုန်သော၊ သတိပဋ္ဌာနာနိ = စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့သည်၊ ဣဇ္ဈန္တိ = ပြည့်စုံကြကုန်၏ ၊ ဣတိ = ဤသို့၊ အဋ္ဌာကထာစရိယော = အဋ္ဌကထာဆရာသည်၊ သံဝဏ္ဏေတိ = ကောင်းစွာမသွေ ဖွင့်ပြတော်မူခဲ့ပါပေသတည်း။
သာဓု ... သာဓု ... သာဓု.။အမောဟိတ်အစွမ်းကြောင့် စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့ ပြည့်စုံနိုင်ကြတယ်တဲ့။ အမောဟဓာတ်ခံ၊ ပညာဓာတ်ခံပါတဲ့ ပုဂ္ဂိုလ်များ စိတ္တာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေတတ်ပါတယ်။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေတတ်ပါတယ်။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန် ပွားများလို့ အထူးပဲ ကောင်းနေရင် ဒီပုဂ္ဂိုလ်ဟာ အမောဟ = ပညာဉာဏ် အခြေခံပါလာတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်လို့ ဆုံးဖြတ်လို့ ရပါတယ်။ ဟေတုပစ္စည်းကို အဋ္ဌကထာဆရာတွေ ဖွင့်ပြတာ နေရာကျပါတယ်။လောဘ၊ မောဟ၊ ဒေါသဟိတ်တွေများနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သတိပဋ္ဌာန်တရားမှ ပွားများလို့ နေရာကျမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်လည်း ကျတယ်။ လောဘ၊ ဒေါသ၊ မောဟဟိတ်တွေ ပယ်နိုင်သမျှပယ်၊ အလောဘ အဒေါသ အမောဟဟိတ်တွေ ဖြစ်နိုင်သမျှ ဖြစ်အောင် အခု ယောဂီတွေ ဒါနလည်း ပြုကြရ၊ သီလလည်း ဆောင့်တည်ကြရ၊ သမထတရား ဝိပဿနာတရားတွေလည်း စွမ်းနိုင်သမျှ အားထုတ်ကြရတာ ဖြစ်ပါတယ်။

ဆက်ရန် ....


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP