၃။ ကောသလတိုင်း၊ ဣစ္ဆာနင်္ဂလရွာ တောအုပ်၌ ပေါက္ခရသာတိ ပုဏ္ဏားကြီး၏ စေလွှတ်ချက် အရ တပည့် အမ္ဗဌနှင့် တပည့်များအား ဘုရားဟောသော တရား
“အမ္ဗဌ- အခုသည်မှာရပ်ပြီး စကား ပြောသလို ဗြာဟ္မဏ ဆရာကြီးတွေ နဲ့  ပြောတဲ့ အခါလည်း သည်လိုပဲ ရပ်ပြီး စကားပြောတာပဲလား”
“ မဟုတ်ဘူး ဂေါတမ။ ထိုင်နေတဲ့ ဗြာဟ္မဏ ဆရာကို ရပ်ပြီး မပြောရဘူး။ ဒါပေမယ့် ဗြာဟ္မဏ တွေဟာ ကိုယ့်ထက် အမျိုး ယုတ်သူကိုတော့ ထိုင်ပြီး မပြောရဘူး။ ခေါင်းတုံး ရဟန်းဟာ ဗြာဟ္မာ ခြေထောက်က ဖွားတဲ့ ကိုယ့်အောက်က လူပဲ”
“အမ္ဗဌ- မင့်ကို ငါတစ်ခု ပြောမယ်။ မင်း အလုပ်ကိစ္စရှိလို့  လာတာဆိုလျင် ထိုင်ပါ။ ဒါမှ မဟုတ် ရင်တော့ မင့် သဘောပဲ။ မင်းကို ဆရာကောင်းတပည့် ဆိုပြီး အထင်ကြီးမိတာ။ ဆရာကောင်း တပည့်ဟာ စကားကြမ်း ပြောတတ်သလား”
“သူငယ်ချင်းတို့ - ငါနဲ့  ရဟန်း ဂေါတမ ဘယ်သူ ညံ့သလဲ၊ ယုတ်သလဲ၊ သာကီနွယ်တွေဟာ ခက်ထန်ကြတယ်။ စကားများတယ်။ ပေါ့ရွှတ်ရွှတ် နိုင်တယ်။ ရိုသေရမယ့် သူလည်း မရိုသေကြဘူး မဟုတ်လား။ သူငယ်ချင်းတို့  သာကီနွယ်တွေဟာ ကြွယ်ဝ ချမ်းသာကြသူတွေ ဖြစ်လျက် ဗြာဟ္မဏကို ရိုသေရမှာ မကြိုက်ကြဘူး။ တကယ်က သာကီနွယ်တွေဟာ ဗြာဟ္မဏ ကို ရိုသေရမယ့် အမျိုးပဲ”
“အမ္ဗဌ- သာကီနွယ်တွေက မင်ကို ဘယ်လို ထိခိုက်အောင် လုပ်တာ ခံရဘူးသလဲ”
“ခံရဘူးတယ် ဂေါတမ။ ကပိလ၀တ် သာကီနွယ်တို့  မင်းကွန်းကို တစ်ခါ ရောက်သွားပါတယ်။ ဘယ်သူကမှ အရေး မလုပ်ကြဘူး။ မြင့်မြတ်တဲ့ နေရာတွေမှာ သူတို့ ဟာ သူတို့  ကလိထိုး ရယ်မောနေကြတာပဲ လုပ်တယ်။ ဒါ သရော်တာပဲ”
“အမ္ဗဌ- ကပိလ၀တ်ဟာ သာကီနွယ်တွေရဲ့ နယ်မြေပဲ။ ဘီလုံးငှက်မငယ်လေးတွေတောင် သူ့  အသိုက်မှာ သူကြိုက်သလို မြည်တွန်ကြုံးဝါးနိုင်တယ် မဟုတ်လား။ သည်လောက်ကလေး နဲ့  တော့ စိတ်ဆိုးစရာ မရှိသင့်ဘူး။”
“အမျိုး လေးပါးမှာ ဗြာဟ္မဏဟာ ကျန်သုံးပါးရဲ့ အလုပ်အကျွေးခံပဲ။ လုပ်ကျွေး လေးစားရမယ့် ဣဗ္ဘမျိုးဖြစ်တဲ့ သာကီနွယ်တွေရဲ့ သည်လို လုပ်ပုံဟာ သင့်သလား ရှင်ဂေါတမ”
“သည်လိုလား အမ္ဗဌ၊ သည်လိုဆိုတော့ အနွယ်စိစစ်ဖို့  ငါတွေးမိတယ်။ အမ္ဗဌဟာ ဘာအမျိုး အနွယ် ဖြစ်သလဲ”
“ကဏှာယန အနွယ် ဖြစ်တယ် ဂေါတမ”
“သည်လိုဆိုလျင် အမ္ဗဌကို ပြောရမယ်။ အမ္ဗဌ- မင်းဟာ သာကီနွယ်တွေရဲ့ အရိုအသေကို ခံထိုက်တယ်လို့  မမှတ်ထိုက်ဘူး။ အမ္ဗဌ သာကီနွယ်တွေရဲ့ အဘိုးဟာ သြက္ကာကမင်းကြီး ဖြစ်တယ်”
“ သာကီနွယ်နဲ့  သြက္ကာကမင်း ဘယ်လို ပတ်သက်လဲ ရှင်ဂေါတမ”
“ပတ်သက်ပုံ ငါပြောမယ်။ အမ္ဗဌ ရှေးအခါက သြက္ကာကမင်းကြီး ဆိုတာ ရှိတယ်။ သည်မင်း ကြီးမှာ မိဖုရားတစ်ပါးရဲ့ သားတော်ကို ထီးနန်း လွှဲရဖို့  ရှိလို့  ကျန်တဲ့ သားသမီးတွေကို တိုင်းပြည်က နှင်ထုတ်ရတယ်။ သားသမီး တွေက ဟိမ၀န္တာက ရေကန်ကြီး တစ်ခုအနား ကျွန်း တောထဲမှာ နေကြတယ်။ သားသမီးတွေဟာ အမျိုးပျက်မှာ စိုးပြီး တခြားသူတွေနဲ့  အိမ်ထောင် မပြုဘဲ။ မောင်နှမချင်းတွေပဲ အိမ်ထောင်ပြုနေကြတယ်။ သည်အကြောင်းကို သြက္ကာက မင်းကြီး ကြားတော့ သကျ၊ သကျ (စွမ်းနိုင်ပါပေ့၊ စွမ်းနိုင်ပါပေ့) - လို့  ငြီးတယ်။ သည်ငြီးတာ ကို စွဲပြီး သကျနွယ် ဖြစ်လာတာ။ ဒါကြောင့် သကျ- တို့ ရဲ့ ပဌမလူဟာ သြက္ကာကပဲ။ အမ္ဗဌ - ကဏှာယန အနွယ်ရဲ့ အစကို မင်းသိရဲ့လား”
“ဆိုပါဦး ဂေါတမ”
“ ကဏှာယန အနွယ်ဟာလည်း သြက္ကာကမင်းနဲ့  ပတ်သက်တယ်။ သြက္ကာကမင်းကြီးမှာ ဒိသာ ဆိုတဲ့ ကျွန်မတစ်ယောက်ရှိတယ်။ သူကမွေးတဲ့ ကလေးဟာ စပြောတဲ့ စကားက ရေချိုး ပေး၊ သင်တို့ ကို လွှတ်မယ်- လို့ ဖြစ်တာကြောင့် အမှောင့် ပယောဂ ဖုတ်တစ္ဆေကလေးလို့  သည်ကလေးကို ယူဆကြတယ်။ ဒါကြောင့် သည်ကလေး နာမည်ကို အမှောင်ကလေး (ကာဏှ) လို့  မှည့်ခေါ်ကြတယ်။ သည်ကလေးဟာ ကဏှာယနအနွယ်ရဲ့ ပဌမလူပဲ”
လူငယ်များ။ ။ “ရှင်ဂေါတမ- ကျွန်တော်တို့  သူငယ်ချင်း အမ္ဗဌကို ကျွန်မသားအနွယ် ဆိုပြီး မနှိမ်ပါနဲ့ ။ အမ္ဗဌဟာ ဗေဒင်နှံ့ စပ်တယ်၊ စကားတတ်တယ်၊ အမျိုးလည်း ကောင်းတယ်၊ အနွယ်လည်း သန့် တယ်”
“လူငယ်တို့  - မင်းတို့ က အမ္ဗဌထက် ပိုတော်လျင် အမ္ဗဌကို ထားလိုက်။ လူငယ်တို့ ထဲက တစ်ယောက်၊ စကားပြောဖို့  ထွက်ခဲ့ပါ။ သည်လို မဟုတ်လို့  အမ္ဗဌက လူငယ်တို့ ထက် ပိုတော်လျင် အမ္ဗဌနဲ့  ပြောနေတဲ့ အခါမှာ လူငယ်တို့ က အသာနေကြပါ”
လူငယ်များ။ ။ “အမ္ဗဌနဲ့ ပဲ ဆက်ပြောပါ ဂေါတမ”
“အမ္ဗဌ - မင့်သူငယ်ချင်းတွေရဲ့ အလယ်မှာ မင်းကိုငါမေးမယ်။ မင်းမဖြေလျင် မင်းဦးနှောက်တွေ ဆန်ကွဲကျဲကုန်ဖို့  ရှိတယ်။ ဖြေပေတော့။ မင့် အနွယ် ကဏှာယနရဲ့ ပဌမလူ ဘယ်သူလဲ၊ မင်းကြားဖူးသလို အမှန်အတိုင်း ဖြေပါ။ အခုအချိန်ဟာ တိတ်တိတ်နေရမယ့် အချိန်လည်း မဟုတ်ဘူး။ မမှန်မကန် ပြောလို့ လည်း ပြီးမသွားဘူး။ ပြီးမသွားရုံမကဘဲ မမှန် မကန်ဟာ ဗြာဟ္မဏ ပညာရှင်တွေဆီမှာ ဗူးပေါ်သလို ပေါ်သွားပြီး၊ ပြောသူမှာသာ ပြောဖက် တင်ကျန်ခဲ့မယ်။ သုံးမရတဲ့ သိက္ခာမရှိသူ ဖြစ်သွားမယ်။ ကဏှာယနနွယ်ရဲ့ အစလူကို မင်း ဘယ်လို ကြားဖူးသလဲ”
“ဖြေပါ့မယ် ဂေါတမ”
“ကောင်းပြီ ပြော”
“ရှင်ဂေါတမ ပြောတဲ့ အတိုင်း ကြားဖူးပါတယ်”
“ဟာ- တို့  သူငယ်ချင်း အမ္ဗဌဟာ ကျွန့် သား ဆိုပါလား”
“လူငယ်တို့  အမ္ဗဌကို ကျွန့် သားလို့ ပြောပြီး မနှိမ်ကြပါနဲ့ ။ မနှိမ်ထိုက်ပုံကို မင်းတို့ ကို ငါ ပြော ပြမယ်”
“ပြောပြပါ ဂေါတမ”
“လူငယ်တို့ - ကဏှာဟာ အရွယ်ရောက်တဲ့ အခါ ရသေ့လုပ်ပြီး ဒက္ခိဏာပထသွားပြီး မန္တာန် သင်တယ်။ တတ်တော့ သြက္ကာကမင်းကြီးထံ ပြန်လာတယ်။ သမီးတော် မဒ္ဒရူပီကို တောင်းတယ်။ မင်းကြီးစိတ်မှာ မတန်မရာ အောက်မေ့ပြီး ဒေါသထွက်လို့  လေးကောက်တင် တယ်။ ကဏှက သြက္ကာကမင်းကြီးကို မလှုပ်နိုင်အောင် လုပ်ထားလိုက်တယ်။ နောက်တော့ သမီးတော်ကို ပေးလိုက်ရတာပဲ။ လူငယ်တို့  - ကဏှာရသေ့ဟာ ယုတ်ညံ့သူ မဟုတ်ဘူး။ မြင့် မြတ်သူ ဖြစ်တယ်။ ဒါကြောင့် ကဏှာယန အနွယ် အမ္ဗဌကို မနှိမ်သင့်ကြဘူး”
“ နားလည်ပါပြီ သျှင်ဂေါတမ”
“အမ္ဗဌ- မင်းကို ငါမေးမယ်၊ မင်းသိသလို ဖြေစမ်း။ မင်း- သမီးနဲ့  ပုဏ္ဏားသား၊ မင်း- သားနဲ့  ပုဏ္ဏားသမီးတို့ က ပေါက်ဖွားတဲ့ သားကို ပုဏ္ဏားတွေက ပုဏ္ဏားအရာ သွင်းကြသလား၊ မသွင်းကြဘူးလား”
“ပုဏ္ဏား အရာသွင်းကြပါတယ်၊ ပုဏ္ဏားအရာ ၀င်ပါတယ် ဂေါတမ”
“အဲသည် ကလေးကို မင်းတွေက မင်းအဘိသိက်ကော သွန်းသလား မသွန်းဘူးလား”
“မသွန်းပါဘူး အရှင်ဂေါတမ”
“ဘာဖြစ်လို့  အဘိသိက် မသွန်းကြတာတဲ့လဲ အမ္ဗဌ”
“အမိဖက် ဒါမှ မဟုတ် အဖဖက်က အမျိုး မပြည့်စုံလို့  - လို့  မင်းတွေက ပြောကြတယ် အရှင် ဂေါတမ”
“အမ္ဗဌ- ခေါင်းတုံးတုံးပြီး ခေါင်းထက် ပြာဖြူးပြီး နှင်ထုတ်ခံရတဲ့ အပြစ်ရှိသူ မင်းသားကို ပုဏ္ဏား တွေက ဦးစားပေးကြ သေးလား”
“ပေးပါတယ် ရှင်ဂေါတမ”
“အမ္ဗဌ - မင်းဖြေခဲ့တာတွေဟာ မင်းမျိုးက ပုဏ္ဏားမျိုးထက် မြတ်တာတွေ ချည်းပဲ။ အမျိုး လေးမျိုးမှာ ပုဏ္ဏားအမြတ်ဆုံး ဆိုတာ စကားအဖြစ်ပဲ ဖြစ်နေတယ်။ ဘာမှ သက်သေ မပြနိုင်ဘူး သနင်္ကုမာရ ပြောခဲ့တဲ့ စကား ပုဏ္ဏားကျမ်းတွေမှာ ရှိတယ်။ အနွယ်အားဖြင့် မင်း- ဟာ အမြတ်ဆုံးပဲ။ ဒါပေမယ့် ၀ိဇ္ဇာ၊ စရဏ ရှိသူဟာ သည့်ထက် အမြတ်ဆုံး”
“၀ိဇ္ဇာ စရဏပြည့်စုံသူက ဘယ်လိုဖြစ်တာလဲ ဂေါတမ”
“၀ိဇ္ဇာ စရဏနဲ့  ပြည့်စုံသူဟာ ငါနဲ့ မတန်ဘူး၊ တန်တယ် စတဲ့ အမျိုးအနွယ် မာန်မူပြီး စကား ပြောမှု၊ သမီးပေး၊ သမီးယူ ငြင်းဆိုမှု၊ အနှောင်အဖွဲ့ တွေ ဖြတ်နိုင်ဖို့ ပဲ။ ဒါကြောင့် ဒါကို ဟောတာပဲ”
“ရှင်ဂေါတမ- ၀ိဇ္ဇာနဲ့  စရဏဆိုတာ ဘယ်လိုဟာတွေပါလဲ”
“အမ္ဗဌ ဘယ်အမျိုးသားမဆို အမှန်အကန်ကို ကိုယ်တိုင်သိသူ ထံက တရားနာရပြီး၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟိရီ၊ သြတ္တပ္ပနဲ့  ပြည့်စုံပြီး ရဟန်းပြုလို့ ၊ ပါတိမောက်သီလ၊ ဣန္ဒြိယသီလ၊ အာဇီဝသီလ၊ ပစ္စယသန္နိဿိတသီလတွေ ဖြည့်ဆီးပြီး၊ ၀ိတတ်၊ ၀ိစာရတွေနဲ့  လက္ခဏာတရားကို ကြံစည် သုံးသပ် နေတဲ့ အတွက် ကာမဆိတ်တဲ့ ပဌမဈာန်၊ ၀ိတတ် ၀ိစာရ ဆိတ်တဲ့ ဒုတိယဈာန်၊ ပီတိဆိတ်တဲ့ တတိယဈာန်၊ သုခပါဆိတ်တဲ့ စတုတ္ထဈာန်နဲ့  နေတယ်။ သည်ဟာ စရဏနဲ့  ပြည့်စုံခြင်းပဲ။ သည်လို ဈာန်တွေ ပွားတာကြောင့် ဘ၀ဟောင်းအောက်မေ့ နိုင်မှု၊ ဘ၀ပုံဟန် အမှန်သိမြင်နိုင်မှု၊ ဘ၀စိတ်ကူးယဉ်အားလုံး ကုန်ဆုံးမှုတွေ ဖြစ်တယ်။ အဲဒါ ၀ိဇ္ဇာနဲ့  ပြည့်စုံတာပဲ”
“သည့်အပြင် ၀ိဇ္ဇာစရဏနဲ့  ပြည့်စုံတယ်ဆိုတာ မရှိဘူးလား ရှင်ဂေါတမ”
“မရှိဘူး အမ္ဗဌ”
“တချို့  ရသေ့တွေ သစ်သီးကြွေ ရှာစာနေတော့မယ် ဆိုပြီး ကျင့်ပါတယ်။ အဲသည်သူတွေ ဝိဇ္ဇာ စရဏ မဖြစ်ဘူးလား”
“ဝိဇ္ဇာစရဏ မဖြစ်ရုံတင်မက ဝိဇ္ဇာစရဏ ဖျက်တာပဲ”
“ပေါက်တူး၊ ချင်းတောင်းနဲ့  သစ်ဥ၊ သစ်သီး ရှာစားနေသူတွေကော ရှင်ဂေါတမ”
“အဲဒါလည်း ၀ိဇ္ဇာစရဏ အဖျက် နံပါတ်နှစ် ပုဂ္ဂိုလ်ပဲ”
“မီးတင်းကုပ် ဆောက်ပြီး မီးလုပ်ကျွေးနေသူတွေကော”
“သူတို့ က ဝိဇ္ဇာစရဏ အဖျက် နံပါတ်သုံး ပုဂ္ဂိုလ်တွေပဲ”
“ရေချမ်းစင်တည်ပြီး လူတွေပြုစု ကျင့်ကြံနေသူကော ရှင်ဂေါတမ”
“သူလည်း ဝိဇ္ဇာစရဏ အဖျက်နံပါတ်လေးပဲ။ သည်သူတွေဟာ ၀ိဇ္ဇာစရဏ ပြည့်စုံသူတွေရဲ့ အလုပ်အကျွေးမျှပဲ ဖြစ်ကြတယ် အမ္ဗဌ”
“သည်လိုလား ရှင်ဂေါတမ”
“အမ္ဗဌ- မင်းနဲ့  မင့်ဆရာပေါက္ခရသာတိတို့  ၀ိဇ္ဇာစရဏနဲ့ ရော၊ ဝိဇ္ဇာစရဏနဲ့  ပြည့်စုံသူရဲ့ အလုပ်အကျွေး ကျင့်ဝတ်နဲ့ ရော ပြည့်စုံအောင် နေကြသလား”
“ဝေးပါသေးရဲ့ ရှင်ဂေါတမ”
“သည်လို ဖြစ်လျက်နဲ့  မင့်ဆရာကြီးဟာ ရဟန်းတွေကို အယုတ်တမာ ပြောတယ်။ ဗြာဟ္မာ ခြေတောက်ကဖွားတဲ့ ပုဏ္ဏားကို ရိုသေရမယ့် အမည်းခေါင်းတုံးတွေနဲ့  ဗေဒင်တတ်တဲ့ ငါတို့ နဲ့  ဆွေးနွေးလို့  အလကားပဲဆို။ မင်းစဉ်းစားကြည့်စမ်း။ မင့်ဆရာကြီး အမှား။ ပေါက္ခရသာတိဟာ ကောသလနဲ့  မျက်နှာချင်း ဆိုင်ခွင့်တောင် ရဘူးတာ မရှိဘူး။ သည်လို ဖြစ်လျက်နဲ့  မှားယွင်း ချက် ကြည့်စမ်း။ အမ္ဗဌ- ရှေးအခါက ဗေဒင်သုံးပုံကို ပြုစုခဲ့ကြတဲ့ အဌက- စတဲ့ ရသေ့တွေ ရှိတယ်။ သူတို့  ဗေဒတွေကို ရွက်အံ သရဇ္ဈာယ်နေတာနဲ့  ရသေ့ဖြစ်ပြီလား၊ ဘုရင့်စကား ကြားဖူးတာနဲ့  မှတ်ပြီး လိုက်ပြောရုံနဲ့  ဘုရင်ဖြစ်မှာလား အမ္ဗဌ”
“မဖြစ်ပါဘူး အရှင်ဂေါတမ”
“အမ္ဗဌ - မင်းကြားဘူးသလို ပြောစမ်းပါ။ ရှေးက ဝေဒပြုစုခဲ့ကြတဲ့ အဌက- စတဲ့ ရသေ့တွေ ဟာ အခုမင်းတို့  ဆရာ၊ တပည့်တွေလို ကာမဂုဏ်တွေနဲ့  အ၀တ်ဖြူဝတ်၊ ပတ္တမြားနားတောင်း ပန်။ ထမင်းဟင်း အကောင်းစားတွေစား။ ကလေးမလေးတွေ အစေအပါးထား ပျော်ပါး။ မြင်း ရထားတွေနဲ့  သွားလာ၊ ကျုံး၊ မြို့ ရိုး၊ ဓား၊ လှံသမား အစောင့်တွေ ကာရံချထားတဲ့ အဆောက် အဦမှာနေ။ သည်လိုတွေလို့  မင်းကြားရဖူးသလား”
“သည်လို မကြားဖူးပါဘူး ရှင်ဂေါတမ”
“သည်လိုဆိုလျင် အမ္ဗဌ။ မင်းနဲ့  မင့်ဆရာ ပေါက္ခရသာတိတို့ ဟာ ရသေ့လည်း မဟုတ်ဘူး ရသေ့ဖြစ်ဖို့  ကျင့်နေတာလည်း မဟုတ်ဘူး။ သည်လိုသူက ငါ့ယုံမှားတယ် ဆိုလျင် ယုံမှား တာမေးစမ်း။ တခါတည်း ရှင်းသွားအောင် ငါသုတ်သင်မယ်။ ကဲ- ငါညောင်းတယ်၊ စင်္ကြသွားရင်း စကားပြောမယ်၊ မင်း မေးချင်တာမေး- အမ္ဗဌ”
“အရှင် ဂေါတမ- အရှင်ဂေါတမဟာ ကြားဖူးတာနဲ့  မခြား မှန်ကန်ပါတယ်။ အရှင်ဂေါမတရဲ့ လက္ခဏာတွေဟာလည်း ယောက်ျားမြတ် လက္ခဏာ သုံးဆယ့် နှစ်ပါးနဲ့  ညီညွတ်ပါတယ်။ အလုပ်ကိစ္စ များတဲ့ အတွက် ပြန်ပါမယ်။ သည်က ပြန်ရောက်လျင် ဆရာကြီး ပေါက္ခရသာတိဟာ သည်ကို ရောက်လာစရာ ရှိပါတယ်။ အချိန် မနှောင်းရအောင် အခွင့်ပြု ပါ အရှင် ဂေါတမ”
“ပြန်ဖို့ အချိန်ဟာ မင့်အလိုအတိုင်းပဲ အမ္ဗဌ”
x x x x x x x x x x
“အသျှင်ဂေါတမ- စင်္ကြကြွတာ ကြာလှပါလား။ တပည့်တော်ဟာ အမ္ဗဌရဲ့ ဆရာ ပေါက္ခရသာတိပါ။ အမ္ဗဌက သူပြန်လာတော့ အသျှင်ဂေါတမ စင်္ကြကြွနေတယ်- လို့  ပြော ပါတယ်။ အမ္ဗဌကပြောလို့  လာခဲ့တာပါ။ တပည့်တော်ရဲ့ တပည့်ကြီး ပြောမှား၊ ပြုမှား တွေကို အခွင့်ပေးတော်မူပါ။ သူ့ ကိုမေးမြန်းပြီး ခြေနဲ့  ရင်ပတ်ကန်ကာ သည်ကို လာခဲ့တာ ပါပဲ”
“ထိုင်တာ ညောင်းသွားလို့  စင်္ကြ ကြာကြာပဲ လျှောက်နေတယ် ပုဏ္ဏားကြီး။ ပုဏ္ဏားကြီးရဲ့ တပည့်အတွက် အရေးမကြီးပါဘူး။”
“အသျှင်ဂေါတမ- တပည့်တော်ကိုလည်း တရားဟောပါဦး”
“ပုဏ္ဏားကြီး- ကာမ၊ ရူပ၊ အရူပဖြစ်တဲ့ ကံတွေဟာ ဆင်းရဲတွေပဲ။ သည်ကံတွေဟာ တဏှာ ကြောင့် ဖြစ်တာ။ သည်တဏှာကို အမြင်မှန်နဲ့  သတ်လျင် ငြိမ်းချမ်းတဲ့ နိဗ္ဗာန်ရောက်တယ်”
“သဘောပေါက်ပါပြီ ဗုဒ္ဓအသျှင်။ တပည့်တော်တို့  ဗေဒင်သုံးပုံဟာ ပညာလည်း မဟုတ်ပါ ဘူး။ အကြာကြီး သင်ပေးပေမယ့် အလုပ်မဖြစ်ပါဘူး။ အခုကြားရတာ အနည်း အပါးပေမယ့် တရားတော်ကို အမှန်အကန် သိပါပြီ။ တပည့်တော်ကို ဥပါသကာ- လို့ မှတ် ပါ။ တပည့်တော် အိမ်လည်း ဆွမ်းအလှူခံ ကြွပေးတော်မူပါ အသျှင်။ တပည့်တော်လိုပဲ တပည့်တော်နဲ့  စပ်သူ အားလုံးကိုလည်း ဥပါသကာ အဖြစ် ခံယူနိုင်ဖို့  ဖြစ်ပါတယ် အသျှင်။ ဒါမှလည်း သူတို့ တတွေ အကျိုးများကြမှာ ဖြစ်ပါတယ် အသျှင်”
“ပုဏ္ဏားကြီး- သင့်စကားတွေဟာ ကောင်းလှပေတယ်”

0 comments:
Post a Comment