* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, May 31, 2009

ကံ ကံ၏အက်ိဳး ( ၅၈ )

( ကုသိုလ်ရောင်ပြန် အကျိုး )

စာရေးသူ၏ ရွာတောင်ဘက် ၂-မိုင်ခန့်ဝေးသော သနပ်ပင်ကျေးရွာတွင် ဦးအောင်+ဒေါ်လှမြိုင်တို့ မိသားစု နေထိုင်လျက်ရှိသည်။ ဦးအောင်တို့ မိသားစုသည် မိရိုးဖလာတောင်သူလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်ကြသည်။

၁၃၄၅-ခုနှစ်ပိုင်းက သနပ်ပင်ရွာ၏ အရှေ့တောင်ဘက်တွင် ပျက်စီးယိုယွင်းလျက်ရှိသော ရှေးဟောင်း စေတီတော်မြတ်ကြီးအား အိုင်ဝန်းကျောင်းဆရာတော် ဦးသံဝရ၊ ဦးသုဒဿန အမှူးပြုသော သံဃာတော်များနှင့် ကျေးရွာရှိ ဂေါပကအဖွဲ့တို့၏ ဦးဆောင်ညွှန်ကြား ကြိုးစားပြုပြင် မွမ်းမံမှုတို့ကြောင့် တနှစ်အတွင်းမှာပင် ပြည်လုံးချမ်းသာ-ဟူသော ဘွဲ့အမည်ဖြင့် သပ္ပါယ်ခန့်ညားစွာ ဖူးမြော်နိုင်ခွင့် ရရှိခဲ့ကြပေပြီ။ ယင်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကြီးကိုလည်း ဆရာတော်ဦးသုဒဿန အမှူးပြုသော ပဋ္ဌာန်းဖြစ်မြောက်ရေး ဂေါပကအဖွဲ့၏ ဦးဆောင်မှုဖြင့် ၆-ကြိမ်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ပါသည်။

ဤသို့ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ပဋ္ဌာန်းရွတ်ဖတ် ပူဇော်ပွဲကြီးအတွက် အဖက်ဖက်မှ ပြည့်စုံအောင် ဗုဒ္ဓဝေယျာဝစ္စ၊ ဓမ္မဝေယျာဝစ္စ၊ သံဃဝေယျာဝစ္စတို့ကို ဆောင်ရွက်ကြသော ဂေါပကအဖွဲ့တွင် ဦးအောင်တယောက် အဓိက ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဦးအောင်တယောက် ဤကဲ့သို့ ကောင်းမှုကုသိုလ်များ ဆောင်ရွက်ရာ၌ သဒ္ဓါတရား အားကောင်းသလို ဇနီးဖြစ်သူ ဒေါ်လှမြိုင်နှင့် သားသမီးများ ဖြစ်ကြသော ကိုကျော်မြင့်+မရှမ်းမ၊ မသန်းဋ္ဌေး၊ မသန်းမွှေး၊ မသန်းထွေး၊ မအေးဆင့်၊ မောင်ဝင်းနိုင် (ခ) မောင်နီတွတ်တို့ကလည်း စေတနာတရား အားကောင်းကြပါသည်။

ဦးအောင်တို့ မိသားစုအားလုံး ကောင်းမှုပြု၍ ကောင်းကျိုးတရားများ ထင်ရှားဖြစ်ပေါ်လာသည်ဟု ဆိုရပေမည်။ အချိန်ကား ၁၃၅၀-ပြည့်နှစ် ပြာသိုလ်လပြည့်ကျော် ၁၂-ရက်၊ ည ၂-နာရီအချိန်တွင် ဇနီးဖြစ်သူ ဒေါ်လှမြိုင်ကို အသက် ၈၀-ကျော်ခန့်ရှိသော ယောဂီသူတော်စင် အဖွားကြီးက-ငါ့မြေး ဘုရားကို ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ ပန်းတို့ဖြင့် ဆက်ကပ်လှူဒါန်းပါ။ မုန့်လက်ကောက်(ခေါ်) မုန့်ကြော်ဖြင့် လှူဒါန်းပြီး အမျှပေးဝေပါ။
အိမ်ဝိုင်းအတွင်း သန့်ရှင်းအောင် တံမြက်စည်းလှည်းပါ၊ ဟု ထူးခြားသောအိပ်မက်ကို ပေးသွားပါသည်။

ထိုအိပ်မက်အတိုင်း ပြုလုပ်ရာ ၁၃-ရက်နေ့ နံနက် ၁၀-နာရီအချိန်၌ အိမ်၏အရှေ့တောင်ထောင့်ရှိ ထန်းပင်ခြေမှ မိဘဘိုးဘွားများ မြှုပ်ထားခဲ့သော ကာလငွေ ခုနစ်သောင်းကျော်တန် ငွေဒင်္ဂါးအိုးကို တံမြက်စည်းဖြင့် လှည်းခတ်မိ၍ တွေ့ရှိခဲ့ပါသည်။

ဦးအောင်တို့မိသားစုသည် ကံ ကံ၏အကျိုးတရားကို ယုံကြည်လက်ခံထားကြသော ဗုဒ္ဓဘာသာဝင် မိသားစုဖြစ်ကြသည့်အတိုင်း ယခင်ကလဲ တို့မိသားစု ကောင်းမှုတွေ ပြုခဲ့ကြလို့ ယခုလို ကောင်းကျိုး ရရှိခဲ့တာ ဖြစ်တယ်။ နောင်ဘ၀တွေလဲ ကောင်းကျိုးတွေ အဆက်မပြတ်ရရှိအောင် ယခုတွေ့ရှိသော ငွေဒင်္ဂါးများကို ရောင်းချြုပီး မိသားစု စားဝတ်နေရေးအတွက် တချို့တ၀က်ကို အရင်းအနှီးပြုမယ်၊ ကျန်တာအားလုံးကို ကောင်းမှုကုသိုလ်များ ပြုလုပ် လှူဒါန်းမယ်-ဟူ၍ စိတ်တူ သဘောတူ ဆုံးဖြတ်ကာ ၀မ်းသာပျော်ရွှင် နေကြပါတော့သည်။

( ဦးသောဘိတ-ယာတောကြီး )
*********************************************************************************

( ကံတရားကို ပြုပြင်သူ )

ပေါက်ခေါင်းမြို့နယ် ပေပင်ကုန်းရွာ၌ ဖြစ်၏။ မောင်ပဲ့သည် အမည်နှင့်လိုက်အောင် ပါးတခြမ်းရွဲ့နေသော ကလေးဖြစ်၏။ လက်တဖက်ကလည်း သိမ်၍ သေး၍ နေ၏။ မောင်ပဲ့ အသက်ငါးနှစ်၊ ခြောက်နှစ်သား အရွယ်သို့ရောက်လာသောအခါ အမကြီးဖြစ်သူ မခင်ဦးက-မောင်လေး၊ နင်ဟာ အတိတ်ဘ၀တွေတုန်းက သူတပါးအသက်တွေကို သတ်ခဲ့၊ သူတပါးတွေကို ညှဉ်းဆဲနှိပ်စက်ခဲ့လို့ ယခုလို ဖြစ်နေတာ၊ ခုဘ၀မှာ သူတပါးအသက်တွေကို မသတ်နဲ့၊ သူတပါးတွေကို မညှဉ်းဆဲနှင့်-စသည်ဖြင့် ဆုံးမပြောဆို၏။

မောင်ပဲ့သည် အမ၏ဆုံးမပြောဆိုစကားကို ကြားရ၍ သံဝေဂရကာ ငယ်ငယ်ရွယ်ရွယ်နှင့်ပင် သူတပါး၏ အသက်ကို သတ်ခြင်း၊ သူတပါးကို ညှဉ်းဆဲခြင်းတို့မှ ရှောင်ကြဉ်၏။ မောင်ပဲ့သည် အသက် ၁၈-နှစ်သား အရွယ်တွင် ရုတ်တရက် ကွယ်လွန်ခဲ့၏။ ဆယ်လခန့်အကြာတွင် ရွာမြောက်ပိုင်း ဦးညိုသန်း+ဒေါ်သန်းရွှေတို့တွင် ဒုတိယမြောက် သားကလေးကို ထူးထူးခြားခြား မွေးဖွားခဲ့၏။ အသားအရေ ဖြူဝင်း၍ ဥပဓိရုပ် တင့်တယ်၏။ မောင်ဖြူဝင်း-ဟု အမည်ပေးထား၏။

မောင်ဖြူဝင်း အသက် သုံးနှစ်သားအရွယ်တွင် မိခင်နှင့်အတူ ရွာတောင်ပိုင်းသို့ သွား၏။ မခင်ဦးတို့ အိမ်အနီးတွင် မခင်ဦးကို တွေ့သောအခါ မောင်ဖြူဝင်း-က မမ-မမ-ဟု ခေါ်ကာ မခင်ဦးကို သွားဖက်တော့၏။
ဟဲ့-ဟဲ့-နင်ကဘယ်သူလဲ
ငါ-မောင်ပဲ့လေ
ဟင်-ဒါဆို င့ါမောင်လေး ၀င်စားတာ-ဟု ပြောကာ အားရ၀မ်းသာ မောင်ဖြူဝင်းကိုချီ၍ အိမ်ပေါ်သို့ ခေါ်သွား၏။ မောင်ဖြူဝင်းက အတိတ်ကအကြောင်းတွေကို ပြန်လည်ပြောဆို၏။

မောင်ဖြူဝင်းသည် မောင်ပဲ့ဘ၀က သူတပါးအသက်ကိုသတ်ခြင်း၊ သူတပါးကို ညှဉ်းဆဲခြင်းမှ ရှောင်ကြဉ်ခြင်း သီလကုသိုလ်ကြောင့် လူ့ဘ၀ကို တဖန်ရသည်။ ထို့ပြင် အင်္ဂါခြေလက် ပြည့်စုံသည်။ ဥပဓိရုပ်လည်း ကောင်းလှသည်၊ ထူးခြားသော အကျိုးထူးများ ရခြင်းဟု ကျွန်မတွေးမိပါသည်။ သီလကုသိုလ်တရား၏ အကျိုးပေးကိုလည်း ကျွန်မအံ့သြမိပါသတည်း။

( သက်ထားဖြူ )

( မြတ်မင်္ဂလာ ၁၉၉၇-ခု သြဂုတ်လ )


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP