*စီးချင်းတွေ အလီလီ*
ဟိုက် နာရီကြည့်မိတော့ ညနေ ၆-နာရီ ထိုးတော့မယ်… စာကျက် နေတာက ခုထိ တစ်ဝက်တောင် မကျိုးသေး… ကျက်ချင် စိတ်က မရှိ… မကျက်လို့ ကလည်း မဖြစ်.. မနက်ဖြန် စာမေးပွဲ ဖြေရဦးမည်.. ခဏနေရင် နေ့စဉ်လုပ်နေကျ ဘုရားခန်းသွား ဘုရားရှိခိုး၊ တရားထိုင်၊ မေတ္တာပို့လည်း လုပ်ရဦးမည်.. တစ်နာရီ ခွဲလောက် ကြာမည်.. အင်း.. ဘယ်လို လုပ်ရပါ့..
စိတ်တွေ ထွေလာသည်၊ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်လာသည်။ ကျွန်တော် လုပ်ချင်တာ တွေက များနေ၏။ ထမင်းလည်း စားချင်သေးသည်.. အဲဒီ အချိန်မှာ ကျွန်တော့် စိတ်ကို ကျွန်တော် ပြန်ကြည့် မိလိုက်၏။ ဟား စိတ်က ဗြောင်းဆန်ကို ခတ်နေ တာပါလား..။ သတိလေးကို ရင်ညွန့် ကပ်ကြည့် လိုက်တော့လည်း ရင်ဘတ်ထဲမှာ တအားကို ပူလောင် နေပြန်တယ်.. တဖိန်းဖိန်း တရှိန်းရှိန်းနဲ့..
ဒါနဲ့ ကျွန်တော်လည်း ကျွန်တော် သိထားတဲ့ အနည်းငယ်သော အသိလေးနဲ့ စိတ်ဓါတ် စစ်ဆင်ရေး၊ စိတ်ဓါတ်နဲ့ ကျွန်တော့်ရဲ့ စီးချင်းထိုးပွဲ စတင်လိုက်တယ်.. စိတ်ကို သေချာ ကြည့်လိုက်တယ်.. ဘာကို အရင်ဆုံး လုပ်ချင်နေလဲ ဆိုပြီး.. စာကျက် ချင်စိတ်က အရင်ဆုံး တက်လာတယ်.. ဘေးက သူငယ်ချင်းက တော်တော်တောင် ရနေပြီ၊ ငါက မရသေးပါလား ဆိုပြီး နှိုင်းယှဉ်ရင်း မကျေနပ်တဲ့ မာနနဲ့ ဒေါသလေး (ကျွန်တော် ထင်တာပါ ဘာရယ် သေချာ မသိပါဘူး) ကလည်း ကြွလာတယ်၊ အင်း ရန်သူဘက် ကတော့ အလေး သာနေပြီ…
ဒါနဲ့တင် ပြီးရောလား ဆိုတော့ မဟုတ်သေးဘူး.. စိတ်ကို ထပ်ကြည့်လိုက် မိတော့.. ဟာ မဖြစ်သေးပါဘူး ငါကျက်ရဦးမယ်.. တော်ကြာ မနက်ဖြန် မေးလို့ မရရင် (ကျွန်တော်တို့က ဗိုက်ပါ သဘောမျိုး ဖြေရမှာပါ) ဒုက္ခဆိုပြီး တွေးတဲ့ လောဘလေး ကိန်းနေတာ ထပ်တွေ့လိုက် ပြန်တယ်… ဟော ဒီလောဘ လက်နက်နဲ့ ရန်သူက ထပ်ပြီး တိုက်နေပြန်ပြီ.. ကျွန်တော် ကတော့ ဘာလက်နက်မှ မသုံးရသေး.. ခုမှ ရန်သူ့ အခြေ အနေ သုံးသပ်တုန်း ရှိသေး၏..။
အဲလို သုံးသပ်ရင်း ဖျတ်ခနဲဆို ထမင်း စားချင် စိတ်က ၀င်လာ ပြန်၏။ စားချင်နေ၏။ အဲ.. အဲဒီမှာပဲ ကျွန်တော် ဒီ စားချင်နေတာ ကလည်း ရန်သူပဲ၊ လောဘ ကိလေသာပဲ.. ဒီရန်သူကလည်း ငါ့ကို တိုက်နေ တာပါလား.. အင်း ဒီကောင့်ကိုလည်း ငါပြန်ပြီး စီးချင်း ထိုးမှ၊ တိုက်စစ် ဆင်မှ၊ အဲလိုမှ မလုပ်ရင် ငါရှုံးရချည်ရဲ့ ဆိုတဲ့ စိတ်လေး ကျွန်တော့် သန္တာန်မှာ ဖြစ်လာ ပြန်တယ်..
ဟော တွေးလို့မှ မဆုံးသေးဘူး.. ဘုရားခန်း သွားချင် လာပြန်တယ်...။ အဲ.. တပြိုင်တည်း မှာပဲ ငါ ဘုရားခန်းသွားရင် တစ်နာရီ ခွဲလောက်ကြာမှာ.. တော်ကြာ တရားထိုင်နေရင်း ဗိုက်ဆာ လာရင် ဒုက္ခဆိုပြီး တွေးလုံး ကလည်း ၀င်လာပြန်တယ်..
=============
ကျွန်တော့်ရဲ့ ဒီစီးချင်းပွဲက မနေ့က ဖြစ်ခဲ့တာ ခင်ဗျ..၊ စိတ်ဓါတ် စီးချင်းထိုးပွဲ ဒါမှမဟုတ် အတွေး စီးချင်းပွဲပေါ့.. အားပါး ဒီအတွေးကလည်း တော်တော်လေး နှိပ်စက်တယ်ဗျာ.. ခုမှ ပြန်စဉ်းစား မိတာ..။ အဲဒီ အချိန်တုန်းက.. ဘာလုပ်လို့ လုပ်ရမှန်းကို မသိဘူး.. ခုဟာက ကျွန်တော် စာရေးနေလို့သာ ရှည်နေတာ.. တကယ့်တကယ် ကျတော့ အဲဒီ အချိန်တုန်းက တပြိုင်တည်းလို ဖြစ်နေတာ.. ဟိုဟာ လုပ်ချင်လိုက်၊ ဒီဟာ လုပ်ချင်လိုက်.. တကယ့်ကို ဂနာ မငြိမ်ပါဘူးဗျာ.. စိတ်ထဲမှာလည်း ရှုပ်ထွေးနေတာပဲ..
သတိဝင်လာလို့ ဒီစိတ်ကို ပြန်ရှုတော့လည်း ရမလိုလိုပဲ.. အဲ နောက်တော့ ရှုတဲ့ စိတ်က ပျောက်သွား ပြန်ရော.. ဒီလောဘ ဒေါသ မောဟ မာန အဲဒီစိတ်တွေနဲ့ ကျွန်တော် ပယ်ပယ်နယ်နယ်ကို စီးချင်းထိုးနေရတာ.. စီးချင်းထိုးတယ် သာပြောတာ.. နပန်းလုံးတယ် လို့ ပြောရင် ပိုကောင်း ဦးမယ်.. ဒီကောင်ကလည်း တော်တော် အကြောမာတဲ့ ကောင်.. အားကလည်း သန်သလား မမေးနဲ့.. သူတစ်ချက် ကိုယ်တစ်ချက်၊ သူတစ်ပြန် ကိုယ်တပြန် အကြိတ်အနယ် တွယ်နေတာ.. တစ်ခါတစ်ခါ ကျွန်တော်က အလျှော့ ပေးချင် သွားသလို၊ တစ်ခါတစ်ခါ ကျတော့လည်း သူ့ဘက်က အားပျော့ သွားပြန်တယ်..
ဒါပေမယ့် သူကလည်း အလျှော့ မပေးသလို ကျွန်တော်ကလည်း အညံ့ မခံဘူး.. ငါဘာကို အရင်လုပ်ရမလဲ.. ဘယ်စိတ်ကို အရင် နိုင်အောင် တိုက်ရမလဲ.. ဒီသုံးခု ထဲက (စာဆက်ကျက် မလား၊ ထမင်း အရင် စားမလား၊ ဘုရားခန်း သွားမလား) ဘာအရင်ဆုံး လုပ်ရမလဲ.. (သုံးခုဆိုတာ လျှော့ထားတာ.. အဲဒီ အချိန်တုန်းက လုပ်ချင်နေတာ တွေက အများကြီး.. စာရေးချင်တာနဲ့ ချက်တင် ထိုင်ချင်တာက ပါလိုက်သေး)
ဒါနဲ့ ကျွန်တော် တိုက်လိုက်တာ တိုက်လိုက်တာ လူလည်း.. အဲ စိတ်လည်း တော်တော် ပန်းလာတာပေါ့.. ဒီလို တိုက်ရင်း ပထမဆုံး စာကျက်ချင်တာကို နိုင်သွားတယ်.. နောက် ဒုတိယ နိုင်တာက ထမင်း စားချင်စိတ်..။ ဘယ်လို နိုင်လဲ ဆိုတော့.. အော် ငါဒီစာကို ရအောင်တော့ ကျက်ရမယ်.. ဒါပေမယ့် မရတော့လည်း ဘာမှ မဖြစ်ဘူး.. ဒီလို ကျက်တာဟာ မနက်ဖြန် တစ်ရက် တည်းအတွက်သာ အသုံးဝင်မယ်..။ ဒီထမင်းကကော ပြီးရင် စားလို့ ရတာပဲ.. ဆရာတော် သံဃာတော် တွေဆို ညနေစာ မစားဘဲတောင် နေကြသေးတာ၊ တရား အားထုတ်နိုင် သေးတာ၊ ငါက ဘာလို့ မရရ မှာလည်း စသဖြင့်ပေါ့ဗျာ..။ နောက်ပြီး ငါ ဘုရားခန်းသွား ဘုရားရှိခိုး မေတ္တာပို့ စတာတွေဟာ ဒီအလုပ်တွေနဲ့ မနှိုင်းယှဉ်သာအောင် အကျိုးများတယ်.. ကုသိုလ်ပွားတယ်.. ဒါကြောင့် ငါ ဘုရားခန်း အရင်သွားမယ် ဆိုပြီး.. အဲလို တွေးရင်းနဲ့ နိုင်သွားတာ။
=============================
အဲ စာအရေး ကောင်းနေလိုက်တာ.. ည ၇-နာရီ ထိုးတော့မယ်ဗျ.. တော်ပြီနော်.. ဘုရားခန်း သွားလိုက်ဦးမယ်..။
အားလုံးပဲ မမေ့မလျော့ မပေါ့မဆ မြဲမြံသော သတိတရားတို့ဖြင့် ကိုယ်စီကိုယ်ငှ ပြည့်စုံကြပါစေဗျာ..။
လေးစားစွာဖြင့်
ဖိုးသား
4/6/2009, MON:, 6:55:03 PM

0 comments:
Post a Comment