မိုးကုတ်ဆရာတော်ဘုရားကြီး-၁၀
မိုးကုတ်ဆရာတော်ဘုရားကြီး-၁၀
ဘော်ပတန်းရွာတွင်
ဘော်ပတန်းရွာကလေးသည် မြောက်ဘက်- အနောက်ဘက်- အရှေ့ဘက်တို့တွင် တောင်တန်းကြီးများဖြင့် သုံးဘက်သုံးတန် ကာရံခြင်းခံထားရသည်၊ တောင်ဘက် တစ်ခုသာလျှင် အလွတ်ဖြစ်သည်။ ရွာတွင်းသို့မ၀င်မီ ရွာပြင်ဘက်အနီးတွင် တောင်တန်းနံရံကို ကျောပေးမှီလျက် ကျောက်လိုဏ်ဂူကြီး တစ်ခုရှိ၏။ တောင်ခုလတ်မှ အထက်ပေ(၂၀၀)ခန့် ခပ်ပြေပြေမော့၍ တက်လျှင် ကျောက်ဂူပေါက်ဝသို့ရောက်သည်၊ မြင့်မားသော တောင်တန်းကြီး၏ တစ်ဝက်ခန့် (တောင်ကမ်းပါးယံ)တွင်တည်ရှိသည်။ ကျောက်ဂူကြီးအတွင်းတွင် ကျောက်တိုင်ကြီး-၃ခုရှိသည်၊ ၎င်းကျောက်တိုင်ကြီးများထိပ်တွင် ကွမ်းသီးခြမ်းသဏ္ဌာန် ကျောက်တုံးကြီးက အမိုးအဖြစ်တည်နေသည် (ကျောက်တိုင်ကြီးများမှာ ဖိုခနောက်ဆိုင်ဟု ယူဆမိပါသည်)။ ၀န်းကျင်တွင်မှ တောင်မြေ၊သဲမြေ ကျောက်မြေတို့ဖြင့် ညှပ်လျက် ပြည့်သိပ်အောင် ပတ်ကာထားသည်၊ အတွင်းဘက်၌ အလျား ၁၅-ပေ၊ အနံ ၁၀-ပေ ခန့်၊ အမြင့်အားဖြင့် လူ့တစ်ရပ်ခွဲကျော်ရှိ၍ တိုက်ခန်းမ သဖွယ် ဖြစ်နေသည်။
ကျောက်လိုဏ်ဂူကြီး၏ အနေအထားကို စေ့စေ့စပ်စပ်ကြည့်ရှုပြီးနောက် ဆရာတော်၏မျက်နှာတော်မှာ ပြုံးရွှင်လာခဲ့သည်။ ထို့နောက် ဆရာတော်သည် ထိုကျောက်ဂူကြီးအတွင်း၌ပင် နေထိုင်၍ တရားအားထုတ်ရန် ယတိပြတ်ဆုံးဖြတ်ချက်ချလိုက်လေသည်။ သို့ရာတွင် ဒကာ-ဒကာမများအဖို့ကား ဂူအတွင်းမှာချည်း ဆရာတော်အောင်းနေလျှင် ကျန်းမာရေးထိခိုက်မည်ကို စိုးရိမ်သဖြင့်၊ လိုဏ်ဂူကြီးအနီး ရှေ့မျက်နှာစာ ဆင်ခြေလျှော မြေပြန့်တွင် ယာယီတဲကျောင်း ဆောက်လုပ်ပေးကြသည် (ဆွမ်းကပ်သောအခါ ထိုတဲကျောင်းကလေးပေါ်တွင် ကပ်လှူကြသည်)။ ဆရာတော်သည် နံနက်အစောပိုင်းတွင် ယာဂု(ဆန်ပြုတ်) ဘုန်းပေးသည်၊ နေမြင့်ချိန် ၁၀-နာရီခွဲလောက်တွင် ဟင်းတစ်ခွက်စ၊ နှစ်ခွက်စဖြင့် ဆွမ်းဘုဉ်းပေးတော်မူသည်။ ဦးဘိုးလုံ-ဒေါ်ကူးတို့က တာဝန်ယူချက်ပြုတ် ကပ်လှူသည်။ နောက်ပိုင်းတွင် ဆရာတော်၏ သတင်းကိုကြားသဖြင့် ဒေါ်ဒေါ်အုံ-ဒေါ်ဒေါ်ဖုံတို့ မိသားစုပါ ဘော်ပတန်းရွာလေးသို့ ရွှေ့ပြောင်းလာကြသည်။ ဒေါ်ဒေါ်ဖုံ၏ သားဖြစ်သူ ကိုမြင့်နှင့် သားသမက် ကိုအောင်ကျော်တို့သည် နီးစပ်ရာရွာများသို့ သူခိုးဓားပြများ၏ဘေးရန်၊ သားရဲတိရိစ္ဆာန်များ၏ ဘေးရန်များအကြားမှ အရဲစွန့်ပြီး ဆွမ်းကိစ္စပြည့်စုံစေရန် ဆန်၊ဆီ၊ဆားတို့ကို ထမ်းပိုးသယ်ဆောင်ကြလေသည်။ ဒေါ်ဒေါ်အုံ-ဒေါ်ဒေါ်ဖုံ နှင့် သမီး မစိန်စိန်၊ မလှလှ တို့က ချက်ပြုတ်ကပ်လှူကြသည်။ ၁၃၀၄-ခုနှစ် ပထမ၀ါဆိုလဆန်းပိုင်းက စ၍ ကျောက်လိုဏ်ဂူကြီးအတွင်း ရောက်နေတော်မူပြီး၊ ဆွမ်းဘုဉ်းပေးချိန် ယာယီတဲကျောင်းကလေးသို့ ကြွလာရုံမှအပ လိုဏ်ဂူကြီးအတွင်း အချိန်များစွာ သီတင်းသုံးတော်မူသည်။(သက်တော် ၄၃-နှစ်၊ သိက္ခာ ၂၄-၀ါဖြစ်ပါသည်)
အချိန်တို့သည် တရွေ့ရွေ့ပြောင်းလွှဲလာခဲ့ပေပြီ။ ဆောင်းတွင်းပိုင်း၊ မိုးတွင်းပိုင်းတို့၌ အုံ့မှိုင်း ထုံထိုင်းနေတတ်သည်၊ အေးစိမ့်၍လည်း နေတတ်သည်၊ ထိုအခါမျိုးတွင် တစ်ခါတစ်ရံ ဆရာတော့်မှာ နှာစေးဝင်လာတတ်သည်၊ နှာရည်တွေ ပျော်ဆင်းပြီး အနေခက်ရသည်။ ယင်းသို့ဖြစ်လာလျှင် ဂူအပြင်ထွက်ပြီး ‘အခိုးပွင့်ဆေး’ အကပ်ခိုင်းရလေသည်။ ကမ္ဘာ့အရှေ့ဖျား၊ အနောက်ဖျား စစ်မီးတောက်ကြီးတွေ ငြိမ်းသွားသည့်အခါ၊ မိုးကုတ်မြို့သူ မြို့သားတို့လည်း နီးစပ်ရာ တောရွာများသို့ ပုန်းအောင်းနေရာမှ ကိုယ့်အိမ်ကိုယ် ပြန်ဖို့ ပြင်ကြလေတော့သည်။ ၁၃၀၇-ခုနှစ်၊ တော်သလင်းလ (၁၉၄၅-ခုနှစ်၊စက်တင်ဘာလ) ထဲတွင် ဖြစ်ပါသည်။ ထို့ကြောင့် ဒေါ်ဒေါ်အုံ-ဒေါ်ဒေါ်ဖုံတို့ မိသားစုလည်း ဘော်ပတန်းမှ မြို့ပေါ်သို့ ပြန်ရန် ပြင်ဆင်ကြကုန်သည်၊ ဆရာတော်အားလည်း တပါတည်းကြွရန် ပင့်ကြသောအခါ၊ ဆရာတော်က ‘သီတင်းကျွတ်မှ လိုက်လာမည်’ဟု မိန့်တော်မူလေသည်။
ဘော်ပတန်းရွာ ကျောက်လိုဏ်ဂူကြီးအတွင်းသို့ ဆရာတော် ၀င်ခဲ့သည်မှာ ၁၃၀၄-ခုနှစ် ၀ါဆိုဦးက ဖြစ်၍၊ ဂူအတွင်းမှာပင် သီတင်းသုံး၍ တစ်ဝါကျွတ်ခဲ့သည်။ ၁၃၀၅-ခုနှစ်ဝါတွင်း၊ ၁၃၀၆-ခုနှစ် ၀ါတွင်း၊ ၁၃၀၇-ခုနှစ်ဝါတွင်း တို့၌လည်း ဂူအတွင်းမှာပင် သီတင်းသုံး၍ လေးနှစ်လေးမိုးတိုင်ခဲ့လေသည်။ ဆရာတော်သည် ကျောက်လိုဏ်ဂူကြီးအတွင်း ခိုင်ခိုင်ကြံ့ကြံ့ ကြိုးစားခဲ့ရသည်၊ လုံ့လပြင်းထန် အားတင်းခဲ့ရသည်။ ဆရာတော့်တွင် အတွင်းမီးတွေ ငြိမ်းအေးကုန်ကြပြီထင်သည်၊ ကြည်လင်ဝင်းစိုသော ကိုယ်ခန္ဓာ၊ လန်းရွှင်အေးမြသော မျက်နှာတော်ဖြင့် ရှိနေသည်။ မိုးကုတ်ဆရာတော် ဘုရားကြီး ဦးဝိမလသည် ၁၃၀၇-ခုနှစ်၊ သီတင်းကျွတ်၊ သက်တော် ၄၆-နှစ်၊ သိက္ခာတော် ၂၇-၀ါတွင် ကိုယ်တွင်း ရန်သူတွေနှင့် တိုက်ပွဲတွင် အပြတ်အသတ် အနိုင်ရခဲ့ခြင်း ဖြစ်တန်သည်၊ အောင်ပွဲရပုဂ္ဂိုလ်တို့၏ မျက်နှာထားအတိုင်း ၀င့်ဝင့်ကြွားကြွား မားမားမတ်မတ်ဖြင့် ဂူအတွင်းမှ ထွက်ကြွတော်မူလာသည်။

0 comments:
Post a Comment