* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 24, 2009

ဆိုဖာပေါ်မှာအိပ်ခြင်းသည် ဥပုသ်ကျိုး၊ မကျိုး…

Q. အရှင်ဘုရား
အရင်က တပည့်တော် ၈ ပါးသီလစောင့်ရင် ကြမ်းပေါ်မှာပဲ အိပ်ပါတယ်။ အခု လက်ရှိ နေတဲ့အိမ်မှာ အပျင်းထူပြီး အိပ်ခါနီး အိပ်ရာ မခင်းချင်တာနဲ့ အသင့်ရှိနေတဲ့ ဆိုဖာပေါ် တက်အိပ်ပါတယ်။ ဆိုဖာ ဝယ်တုန်းကလဲ ဥပုသ်စောင့်တဲ့အခါ ထိုင်လို့နေလို့ရအောင် သားရေဆိုဖာမဝယ်၊ မွှေးပွဆိုဖာ မဝယ်ပဲ ရိုးရိုးဆိုဖာထဲက အခင်း သိပ်မနူးညံ့ မပျော့ပျောင်းတာကို ရွေးဝယ်ပါတယ်။ ဒါပေမယ့် ဆိုဖာက ဆိုဖာပဲဆိုတော့ ကြမ်းပြင်ထက်တော့ နူးညံ့နေပါတယ်။ တပည့်တော် အိပ်ရတာ ဇိမ်ရှိလိုက်တာ ဆိုတာမျိုးလဲ မဖြစ်မိပါဘူး။ ရေရှည်မှာ ခါးနာမှာစိုးလို့ ရိုးရိုးခုံတို့ ကွပ်ပျစ်တို့လို အခင်းမာမာကို ပိုကြိုက်ပါတယ်။ အိမ်ခန်းမှာ အဲဒါတွေ မရှိလို့ အိပ်ခါနီး အခင်းတွေ ဘာတွေ ထခင်းစရာ မလိုတဲ့ ဆိုဖာပေါ် အလွယ်အိပ်တာပါ။ ဥပုသ်ကျိုးပါသလားဘုရား။
ဝင်းမောင်

A. ဒီနေရာမှာ ဥပုသ်ကျိုး မကျိုးသိချင်တဲ့ မေးခွန်းရှင်အမေးအရ ဥစ္စာသယန၊ မဟာသယန သီလသိက္ခာပုဒ်ကို ရည်ရွယ်တယ်လို့ ထင်ပါတယ်။ ဒီသိက္ခာပုဒ်မှာပါတဲ့ ဥစ္စာသယနအရ မြင့်သောနေရာ၌ အိပ်ခြင်း၊ နေထိုင်ခြင်းကို ယူရပါမယ်။ မြင့်သောနေရာဆိုတာ အခြေတစ်တောင့်ထွာထက်ရှည်သော အိပ်ရာခုတင် ကုလားထိုင်ကြီးများကို ဆိုပါတယ်။ မြင့်သောနေရာဆိုလို့ လူကြီးက အောက်အနိမ့်မှာနေလျှင် ဥပုသ်သည် လူငယ်က အထက်အမြင့်မှာ မနေကောင်းဆိုတဲ့ အမြင့်မျိုးမဟုတ်ပါ။ မဟာသယနအရကိုလည်း မြတ်သောနေရာ၌ အိပ်စက်၊ နေထိုင်ခြင်းကို ဆိုပါတယ်။ မြတ်သောနေရာဆိုတာ စည်းစိမ်အားလျော်စွာ ခံစား၊ စံစားလေ့ရှိကြတဲ့ စည်းစိမ်ရှင်ကြီးများ အိမ်မှာရှိတဲ့ လက်လေးသစ်အထက် ရှည်သောအမွေးရှိတဲ့ သားမွေးအခင်း၊ ခြင်္သေ့၊သစ် ကျားစတဲ့ အရုပ်များနဲ့ ခမ်းနာဆန်းကြယ်သော သားမွေးအခင်း၊ ရွှေချည်ငွေချည်တို့ဖြင့် ချုပ်လုပ်ထားတဲ့ ပိုးအခင်း၊ လဲဝါဂွမ်းများသွတ်ထားတဲ့ မွေ့ရာမျိုးကို ဆိုပါတယ်။ ဒီလိုအခင်းမွေ့ရာမျိုးကို ယခုကာလ ဥပုသ်သည်များ အသုံးပြုနေခြင်းဟာ မသင့်တော်ကြောင်း၊ သို့သော် အုန်းဆံသွတ်မွေ့ရာ အ၀တ်အဆာပိုးချည် အဆာပါသော မွေ့ရာကိုကား သုံးကောင်းကြောင်း ဆရာတော် အရှင်ဇနကာဘိဝံသမှ ဖွင့်ဆိုပါတယ်။ အထက်ပါ နေရာမျိုး၊ အခင်းမျိုးကိုသာ မြတ်သောနေရာလို့ဆိုနိုင်ပြီး သင်ဖြူးချောချော၊ ကော်ဇောနုနု စသည်နှင့် ရဟန်းသံဃာ ဂုဏ်ဝါကြီးသူတို့ရဲ့ နေရာစသည်များကို ဒီသိက္ခာပုဒ်အရ မြတ်သော နေရာဟု မဆိုထိုက်ကြောင်းလည်း မိန့်တော်မူပါတယ်။ဒါကြောင့် ဒီအဖွင့်များကို သေချာနားလည် သဘောက်ပေါက်အောင် မှတ်သားပြီး ကိုယ်အသုံးပြုနေမှုများသည် သင့်မသင့် ဆင်ခြင်စဉ်းစား ဆုံးဖြတ်နိုင်ပါတယ်။

ဆရာတော် အရှင်ဇနကာဘိဝံသ ဖွင့်ဆိုမှာကြားချက်အရ ပြောရရင် ဥပုသ်စောင့်တဲ့အခါ ရိုးရိုးငါးပါးသီလထက် အပိုယူကာ ကာမေသုမိစ္ဆာစာရအစား အဗြဟ္မာစရိယကို ဆောက်တည်ပြီး ၀ိကာလဘောဇန၊ နစ္စဂီတ၊ ဥစ္စာသယန သိက္ခာပုဒ်များကို ဆောက်တည်ခြင်းဖြစ်ကြောင်း၊ ဒီလေးပါးလုံးကို ခြုံ၍စဉ်းစားလျှင် တဏှာကိလေသာ အကုသိုလ်စိတ်များ မဖြစ်အောင်ကြိုးစားခြင်း ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ခမ်းနားသော အိပ်ရာနေရာ၌ အိပ်စက်နေထိုင်ခြင်း၊ ဖြီးလိမ်းပန်ဆင်ခြင်း၊ ကပြသီဆိုတီးမှုတ်ခြင်း၊ ညစာထမင်းစားခြင်းတို့သည် ကိလေသာ တဏှာလောဘစိတ်ကို သွေးဆောင်ခေါ်ယူသော အပြုအမူများဖြစ်ကြောင်း၊ ဒါကြောင့် ဒီလိုကိလေသာများကို တားမြစ်ပိတ်ဆို့နိုင်ရန်အတွက် ဒီအပိုသိက္ခာပုဒ်များကို စောင့်ထိမ်းစေခြင်းဖြစ်ကြေင်း နားလည်သဘောပေါက်နိုင်ပါတယ်။ အဓိကကတော့ တစ်စုံတစ်ခု တစ်စုံတစ်ရာကို အမှီပြုပြီး ကိလေသာတဏှာ မဖြစ်စေဖို့ပါ။ အကောင်းဆုံးကတော့ အထက်ပါ အဖွင့်များနဲ့လည်းညီစေ၊ မိမိကိုယ်ကိုညှင်းဆဲမှုလည်း မဖြစ်စေဘဲ ကိလေသာတဏှာ နည်းနိုင်သည့် အိပ်ရာနေရာများကို အသုံးပြုခြင်းက အကောင်းဆုံး ဖြစ်ပါကြောင်း… အကြံပြုလိုက်ပါတယ်။

မှတ်ချက်။ ဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်စာအုပ်လာ ဥစ္စာသယန၊ မဟာသယနသီလ အဖွင့်ကို ကိုးကားဖြေကြားပေးထားပါသည်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP