* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, April 24, 2009

မိုးကုတ်ဆရာတော်ဘုရားကြီး-၁၈

ဘ၀ဆည်းဆာ မိုးချုပ်၍လာ

-
-အများမုန်းစရာပ၊ ခါးကုန်းလို့ ဆံကေဖြူ။
-အသက်ကြီးပြန်တော့၊ ပျက်စီး ကိုယ်ခန္ဓာက၊ အိုဒဏ်နာ ရန်ရှာချက်ကယ်ကြောင့်၊ ခွေယိုင်ကာ နေထိုင်ခက်လှတယ်၊ နှောက်ယှက် ဘေးထူ။
-မကြားပါ နားမှာ လေးတဲ့ပြင်၊ အားမပါ သွားလာနှေးပါဘိ၊ ၀ါးတောင်ဝှေး ဖေးတွယ်ကူ၊ ရှေးငယ်မူနှင့် လွန်ကွာဝေး။
-အရိုးပဒေသာ့…………..အဘိုးဝေဒနာက၊ လေအလာ ကြွေကာသက်ရှာမယ့်၊ နွေအခါ ရွှေဝါရွက်လိုပ၊ မြေအလွှာ ခွေကာစက်တော့မည်ထင့်၊ ချောင်းတဟက်ဟက်ကယ်နှင့်၊ အပြောင်းခက်ပါဘိ၊ (အိုကွယ်…………) စောင်းလျက်မှိတ်မှေး။ ။
………………………….. လှသိန်းဝင်း(ကနီ)

………………………
မိုးကုတ်ဆရာတော်ကြီး၏ တရားဟောဟန်မှာ ရိုးရိုးပင်ကိုယ် ပြောဟန်အတိုင်း ဟောပြောခြင်းမျိုးဖြစ်ပါသည်၊ အသံဝါကြီးနှင့် အားရပါးရ ဟောလေ့ရှိသည်၊ သက်တော် ၄၀-ကျော်က ဟောသော တရားသံများဆိုလျှင် လွန်စွာ အသံမာတော်မူသည်။ သက်တော် ၆၀-နားသို့ ရောက်လာသောအခါတွင်ကား အသံအားများ လျော့လာပြီး၊ တစ်ခါတစ်ရံ တရားဟောရင်း သလိပ်သံများ ပါလာတတ်သည်။ မိုးကုတ်ဆရာတော်ကြီး တရားဟောပြီဆိုလျှင် ရှေ့ပိုင်းက သံဝေဂတရားကို ခင်းပြသည်၊ မိနစ် အနည်းငယ်ကြာသည်အထိ သံဝေဂဖြစ်ဖွယ် စကားတို့ကို ဟောနေရင်းမှ၊ ထိုသံဝေဂအပေါ်အခြေခံ၍ တရားအားထုတ်နည်း လုပ်ငန်းခွင်ကို ဖြည့်စွက်လာတတ်သည်။ လုပ်ငန်းခွင်သဘောများသို့ ရောက်လာပြီဆိုသည်နှင့် ကျယ်ကျယ်ပြန့်ပြန့် တွန်း၍ ပြောတော့သည်၊ အရေးကြီးသည့် အပိုင်းများတွင် ထပ်ကာ-ထပ်ကာ ပြန်၍ ဟောကြားသည်။ ၀တ္ထုသာဓကများ ထုတ်ပြတော့မည်ဆိုလျှင်လည်း ဒိဋ္ဌိဖြုတ်ရန် ကောင်းမွန်သော သာဓကများ၊ တရားရှုခင်း ရှုကွက် နမူနာပြရန် ကောင်းမွန်သည်များကို ထုတ်ပြတော်မူလေ့ရှိသည်။ တရားတစ်ပုဒ်ကို အကြောင်းအရာများစွာဖြင့် တန်ဆာဆင်လေ့မရှိချေ၊ အရေးကြီးသည့် တစ်ချက်နှစ်ချက်မျှကို ထပ်ပြန်တလဲလဲနှင့် စွဲသွားအောင် ဟောကြားနည်းကို အစဉ် အသုံးပြုတော်မူသည်။ “အင်း………မြတ်စွာဘုရားသာ ရှိမယ်ဆိုရင် မြန်မာဘာသာနဲ့ မြန်မာလူမျိုးတွေကို နားလည်အောင် ဟောတဲ့နေရာမှာ ဧတဒဂ်ဘွဲ့ထူးပေးလောက်ပါပေတယ်၊ မြန်မာအဋ္ဌကထာဆရာကြီးလို့ ဧတဒဂ်ဘွဲ့ထူးရလောက်ပါပေတယ်”-ဟူ၍ပင် မင်းကွန်းဆရာတော်ကြီး ဦးဝိစိတ္တသာရာဘိဝံသက သက္ကရာဇ် ၁၃၄၆-ခုနှစ် မလွန်ဆန်လှူအသင်းအတွက် ရေစက်ချပေးပွဲတွင် မိန့်တော်မူလေသည်။

…………………………………
တစ်နေ့တွင် ဆရာတော်၏ ညီတစ်ဝမ်းကွဲ ဦးဘရင်သည် ဆရာတော့်ထံသို့ ရောက်လာသဖြင့် စပ်မိစပ်ရာ စကားများ ပြောဆိုနေကြလေသည်။ စကားလမ်းကြောင်းသင့်သွားသောအခါတွင် ဦးဘရင်က ဆရာတော်ကြီးကို (အရှင်ဘုရားဟာ နာမည်သိပ်ကြီးကြောင်း၊ ပရိတ်သတ်ကလည်း စည်မှစည်ဖြစ်ကြောင်း၊ သို့သော် အားလုံးက တရားရချင်လို့ လာသူချည်းဖြစ်မယ်တော့ မထင်ကြောင်း) လျှောက်ထားမိသည်။ ဤတွင် ဆရာတော်ကြီးက ပြုံးတော်မူပြီး (မင့်အထင် ပြောစမ်းပါအုံးကွာ)ဟု လမ်းဖွင့်ပေးသဖြင့်၊ ဦးဘရင်လည်း (တရားပွဲကို ၄-ပုံ-ပုံမည်ဆိုလျှင် ၁-ပုံက သူဋ္ဌေးတွေလာလို့ နွှယ်ရာတွေ ပါလာခြင်းဖြစ်ကြောင်း၊ နောက် ၁-ပုံက မိုးကုတ်ဆရာတော်ကြီး နာမည်ကြီးတယ်ဆိုရုံမျှနှင့် လာခြင်းဖြစ်ကြောင်း၊ နောက် ၁-ပုံက သာမန်ခံယူချက်မျှနှင့်ဖြစ်ကြောင်း၊ နောက်ဆုံး ၁-ပုံမျှသာလျှင် အမှန်တစ်ကယ် လာရောက်နာယူသူများ ဖြစ်မည်ထင်ကြောင်း) စသည်ဖြင့် ထင်မြင်မိသမျှ လျှောက်တင်ရာ- “အေး…မင်း မဆိုးဘူးကွ၊ ခန့်မှန်းတတ်တယ်၊ အဲဒီတစ်ပုံထဲကရော တစ်နေ့မှာ ဘယ်နှစ်ယောက်လောက် တရားရမယ်ထင်တုံး” ဟူ၍ ဆက်လက်မေးမြန်းနေလေသည်။ (တရားတစ်ပွဲ ၃-ယောက် ပေါ့ဘုရား) ခန့်မှန်းလျှောက်တင်သောအခါ- “အင်း…မင်းက ပိုပိုမိုမိုတွက်တာကိုးကွ၊ တကယ်တော့ တရားတစ်ပွဲမှာ ကျွတ်ရင် တစ်ယောက် သို့မဟုတ် နှစ်ယောက်ပေါ့ကွာ….” မိန့်တော်မူသဖြင့်-ကျွတ်တမ်းဝင်အုံးမည့် ဆရာတော်ကြီး၏ သာဝကများစွာ ရှိနေနိုင်သေးကြောင်း၊ ထို့ကြောင့် ပျံတော်မမူသေးပါရန် လျှောက်ထားတောင်းပန်လေသည်။ ထိုအခါ မိုးကုတ်ဆရာတော်ကြီးသည် “မင်းပြောတာ နောက်ကျသွားပြီကွာ……”ဟု တိုးတိတ်စွာ ရေရွတ်ပြောဆိုရင်း တစ်နေရာသို့ ငေးမောနေလေသည်(ခန္ဓာဝန်မချမီ ၂-လခန့် အလိုက ဖြစ်ပါသည်)။

…………………………………..
ဆရာတော်ဘုရားကြီးသည် မိုးကုတ်မြို့သို့ နောက်ဆုံးအကြိမ်ရောက်ရှိခဲ့စဉ်က ထပ်မံမလာနိုင်တော့မည်ကို ကြိုတင်သိမြင်၍ တရားသိမ်းသည့် နောက်ဆုံးရက်တွင် “မြေပေါက်စေတီဘုရားများတည်တဲ့အခါ၊ ဘုရားပြီးလျှင် ထီးတင်ရမြဲဖြစ်တယ်၊ ထို့အတူပဲ ဒီမှာလည်း ဒီမြို့မှာ တရားပွဲတွေ အကုန်လုံးသိမ်းပြီ ဖြစ်လို့ ဒီကနေ့ တရားထီးတင်ရမယ်” စသည်ဖြင့် မိန့်တော်မူပြီးမှ မိုးကုတ်မြို့အတွက် နောက်ဆုံးအနေဖြင့် သောတာပန်စိတ်ထား အင်္ဂါ ၇-ပါးကို အထွတ်အထိပ်တင်ကာ ဟောကြားတော်မူခဲ့သည်။ တရားပွဲအပြီးတွင်လည်း “ကဲ နာရီလည်း စေ့ပြီ၊ တရားပွဲလည်း သိမ်းပြီ” ဟူ၍ မိုးကုတ်တရားနာပရိတ်သတ်ကို အပြီးအပြတ် နှုတ်ဆက်တော်မူလေသည်။ သို့သော် နှုတ်ဆက်တော်မူသွားခြင်းဖြစ်ကြောင်း မည်သူမျှ မရိပ်မိလိုက်ကြပေ။ တစ်ခါသော် ကျောင်းအမကြီး ဒေါ်ဒေါ်ဖုံသည် မိုးကုတ်ဆရာတော်ကြီးအား- ပြည်မြို့တွင် ရဟန္တာပေါ်နေကြောင်း သတင်းကြားသဖြင့် သူမတို့တစ်တွေ သွားဖူးကြမည့်အကြောင်း လျှောက်ထားရာ၊ ဆရာတော်ကြီးက “အေး…ရဟန္တာဖူးတာ ကောင်းပါတယ်၊ ကုသိုလ်ရတာပေါ့၊ ဒါပေမယ့် ခင်များတို့က ရဟန္တာကို သိလို့လား၊ ဘယ့်နှယ့်လုပ် ခွဲခြားမလဲ”ဟူ၍ မေးမြန်းရာ အဖြေမရသဖြင့် “ခင်များတို့က အင်မတန်နုံတဲ့သူတွေ၊ ကဲ…ပြောစမ်းပါဦး၊ ရဟန္တာကြီး ရှေ့ကထိုင်ပြတာတောင် သိနိုင်မလား” ဟု မိန့်တော်မူရလေသည်။ ဤသို့ မိန့်တော်မူသော်ငြား ကျောင်းအမကြီးခမျာ မိမိများစွာ ချစ်ခင်ကြည်ညို ကိုးကွယ်နေသော အနီးဆုံးက အရင်းဆုံးဆရာတော်ကြီးသည် ကိလေသာမာရ်ကို အမြစ်ပြတ်အောင်ပြီးခဲ့သော အရိယာကြီးတစ်ဦးဖြစ်နေမှန်း နည်းနည်းမှ မရိပ်စားမိလိုက်ပါပေ။



0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP