လှူလည်းလှူပါ ယူလည်းယူပါ၊
ဓမ္မမိတ္တအပေါင်းသူတော်ကောင်းတို့…
ကျနော်တို့ ရုရှားရောက်ကျောင်းသားများနှင့် စေတနာရှင်များကိုယ်စား ထေရ၀ါဒ ဗုဒ္ဓဘာသာ လူငယ်များ အသင်းမှ ဦးဆောင်၍ မြန်မာနိုင်ငံအတွင်း လိုအပ်လျက်ရှိသော နေရာများကို လစဉ် လှူဒါန်းလျက်ရှိရာ ယခု (၁၁)ကြိမ်မြောက် လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ (၁၁)ကြိမ်မြောက် လှူဒါန်းရာတွင် ပျဉ်းမနားမြို့နယ်၊ ကျည်တောင်ကန်ရွာ၊ တောင်နီကလေးကျောင်တွင် လိုအပ်နေသော အင်ဂျင်၊ လေမှုတ်စက်နှင့် န၀ကမ္မအလှူငွေ အပါအ၀င် စုစုပေါင်း (၆)သိန်း။ မြင်းခြံမြို့၊ အမှတ်(၁၇) ရပ်ကွက်တွင် ဆောက်လုပ်လျက်ရှိသော ဓမ္မာရုံ အတွက် (၇)သိန်း၊ စုစုပေါင်း (၁၃)သိန်းခန့် လှူဒါန်းခဲ့ပါတယ်။
ယခုလတွင် “ဈေးဝင်းမင်း” ပရိယတ္တိစာသင်တိုက်၊ မြို့သစ်မြို့နယ်၊ မကွေးတိုင်း။ AIDS ကူးဆက်ခံ ကလေးငယ် များ စောင့်ရှောက်ရေးအသင်း (HHHP- Happy Haven Humanitarian Project)၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ တိုအား လှူဒါန်းရန် လျာထားပါတယ်။
မတ်လတွင် ကျောင်းများအလိုက် ကောက်ခံရရှိသော အလှူငွေများမှာ-
၁။ MEPhI ………….. ၁၁၀၀၉
၂။ MAI ……………….. ၈၉၀၀
၃။ MSU ……………….. ၈၁၄၃
၎။ BMSTU ……………. ၆၂၁၀
၅။ BMSTU(Kaluga)…. ၅၆၈၀
၆။ MATI ……………….. ၄၉၆၈
၇။ MIET ……………….. ၄၃၈၀
၈။ MUCTR …………….. ၃၉၁၇
၉။ MSMU ………………. ၂၈၀၀
၁၀။ MISA ……………… ၂၈၀၀
၁၁။ MSTU ……………… ၂၁၁၀
………………………………………………
စုစုပေါင်း ……………….. ၆၀၉၁၇ ရူဘယ်
ကျနော်တို့တွေ လစဉ်လှူဒါန်းတာတွေမှာ လှူတတ်ဖို့လိုသလို ယူတတ်ဖို့လည်း အရေးကြီးပါတယ်။ လှူတယ် ဆိုတာ တကယ်တော့ ဒါနပြုတာပါပဲ။ ဒါနပြုခြင်းဆိုတာ ဒီဝတ္ထုပစ္စည်းအပေါ်မှာ တက်မက်တဲ့ လောဘတဏှာ၊ သူတစ်ပါးကို မပေးချင်တဲ့ မစ္ဆရိယ စိတ်တွေကို ပါယ်သတ်နေတာပါ။ ပေးလှူလိုတဲ့ စေတနာ၊ ပစ္စည်းဝတ္ထု၊ အလှူခံပုဂ္ဂိုလ်ရယ် ဒီသုံးခု ပြည့်စုံရင် အလှူဒါနတခု ဖြစ်သွားတာပါပဲ။ ဒီအချက်ထဲမှာ ပေးလှူလိုတဲ့ စေတနာ ဆိုတာ အင်မတန် အရေးကြီးပါတယ်။ စေတနာကောင်းရင် အကျိုးပေးလည်း ကောင်းလာမှာပါ။ စေတနာ ကောင်းဖို့ထက် ဆုတောင်းကောင်းဖို့က ပိုပြီးအရေးကြီးပါတယ်။ သံသရာထဲမှာ လည်စေတဲ့ ဆုတောင်းမျိုး ဆိုရင်တော့ အဲ့ဒီ့အလှူကို သာသနာပအလှူလို့ ပြောလို့ရပါတယ်။ ဘုရားရှင် သာဓုမခေါ်ဆိုတဲ့ အလှူမျိုးပေါ့။ ဥပမာ.. မွေးနေ့မှာ ငါးတွေကို ရေထဲလွှတ်ရင်းနဲ့ နင့်အသက်တစ်ခါလွှတ် ငါ့အသက် ဆယ်ခါလွှတ် ဆိုပြီးတော့ ဆုတောင်းလိုက်တဲ့ အလှူကျတော့ ငါးဘ၀ကို ဆယ်ခါ လိုချင်တဲ့အဓိပ္ပါယ် သက်ရောက်သွားပါတယ်။ နောက်ပြီး လူချမ်းသာ၊ နတ်ချမ်းသာ ဖြစ်ချင်လို့လှူတယ်ဆိုတာ ကျတော့လည်း လူဘ၀၊ နတ်ဘ၀နဲ့ အကြိမ်ကြိမ် သေချင်ပါတယ်လို့ ဆုတောင်းလိုက်သလိုမျိုး အဓိပ္ပါယ် သက်ရောက်သွား ပါတယ်။ ဘုရားရှင်သာဓုခေါ်တဲ့ ဆုတောင်းမျိုးနဲ့ ဆုတောင်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီလို ဆုတောင်းမျိုးကိုမှ လှူပြီးရင် ယူတယ်လို့ ခေါ်ပါတယ်။ လှူပြီးရင် ယူတဲ့ဆုတောင်းမျိုးက ဘယ်လိုလည်း ဆိုတော့… အကျွန်ုတို့သည် ဤသို့လှူဒါန်း ရသော ကုသိုလ်ကံ စေတနာတို့ကြောင့် အို၊ နာ၊ သေဘေးတို့မှ ကင်းဝေးရာအမှန် မြတ်နိဗ္ဗာန်ကို ရောက်ရပါ လို၏… လို့ ဆုတောင်းလိုက်တာကျတော့ ယူတဲ့အလှူပါ။ ဒီလိုဆုတောင်းမျိုးကျတော့ ဘုရားရှင် သာဓုခေါ်တဲ့ ဆုတောင်းမျိုးပါ။
ယခုအချိန်မှာ ကျနော်တို့တွေဟာ ဘုရားရှင်ရဲ့သာသနာနဲ့ ကြုံတွေ့နေရတဲ့ အချိန်ပါ။ ဒီလိုအချိန်မှာ လှူပြီး ပြီးရော ဆိုတဲ့အသိမျိုးနဲ့ မလှူမိဖို့ အရေးကြီးပါတယ်။ ဆရာတော်အရှင်ဇ၀န ဆုံးမတဲ့စကားလေး တစ်ခွန်း လိုပါပဲ။ မျှော်လင့်ချက်နဲ့ ပေးကမ်းတာဟာ အရောင်းအ၀ယ်လုပ်တာ… ဘာမျှော်လင့်ချက်မှ မပါပဲ ပေးကမ်းရင် ဒါနပြုတာ တဲ့။ ဒါဆို ကျနော်တို့တွေ လှူတဲ့အလှူဟာ နာမည်ကြီးဖို့၊ ကိုယ့်ကိုသူများအထင်ကြီးဖို့၊ ဘွဲ့လက် မှတ်တွေရချင်လို့ လှူတဲ့အလှူမျိုး မဟုတ်တဲ့အတွက် ဒါနစစ်တာတော့ သေချာသွားပါပြီ။ ကိုယ်လှူတဲ့အလှူ တစ်ခုမှာ ကိုယ်က စေတနာလည်းကောင်းတယ်၊ ဆုတောင်းလည်းကောင်းတယ်၊ ဉာဏ်လည်းယှဉ်တယ် ဆိုရင်တော့ ပါရမီထိုက်တဲ့အလှူလို့ ပြောနိုင်ပါပြီ။ ဒီလိုပါရမီထိုက်တဲ့ အလှူမျိုးကို လှူလိုက်ပြီ ဆိုတော့မှလည်း ကိုယ့်ဘက်က လှူလည်းလှူလိုက်သလို အပြည့်အ၀ ယူလည်းယူလိုက်တဲ့ သဘောမျိုး သက်ရောက် သွားပါလိမ့်မယ်။ ဉာဏ်ယှဉ်ပြီးလှူတယ် ဆိုတာကျတော့ ဒီလှူတဲ့ အလှူအပေါ်မှာ သာယာပြီးတော့ လူချမ်းသာ နတ်ချမ်းသာ ဖြစ်ချင်တဲ့ ဘ၀တဏှာ၊ ငါမှလှူနိုင်တယ်ဆိုတဲ့ မာန၊ ငါလှူနေတယ်ဆိုတဲ့ ဒိဌိကိလေသာ တို့ကိုဖျောက်ပြီးတော့ မအို မနာ မသေရာ အမြတ်နိဗ္ဗာန်ကိုသာ ရောက်ရပါလို၏ ဆိုပြီး စိတ်က နိဗ္ဗာန်ကိုသာ ဦးညွတ်ပြီး လှူတဲ့ အလှူမျိုးကို ခေါ်ပါတယ်။ ဒါ့ကြောင့် သူတောင်ကောင်းအပေါင်းတို့ သည်လည်း ကိုယ်လှူတဲ့ အလှူကို နိဗ္ဗာန်ကို ရောက်ရပါလို၏ဟု စိတ်ညွတ်ပြီးတော့ လှူလည်းလှူပါ၊ လှူပြီးတော့လည်း အပြည့်အ၀ ယူလည်း ယူနိုင်ကြပါစေလို့ ကောင်းမွန်တဲ့ စိတ်ဓာတ်ဖြင့် ဆန္ဒပြုလိုက်ပါတယ်။
မှတ်ချက်။ ။မဆင့်ဆင့်သက် (ခေတ္တစင်္ကာပူ)မှ မြန်မာငွေ ၅သောင်းကျပ် လစဉ်လှူဒါန်းပါတယ်။ ယခု အချိန်တွင် အမှတ်(၂၁)၊ အခမဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း (စစ်ကိုင်းတောင်ရိုး)၊ ကို စတင်ဆောက်လုပ်ရန် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။ မကြာခင် မှတ်တမ်းပုံများဖြင့် တင်ပြပါမည်။
ထေရ၀ါဒဗုဒ္ဓဘာသာလူငယ်များအသင်း

0 comments:
Post a Comment