* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 11, 2012

တရားမင်းသခင် - ၄၂။ အက်ကြောင်းတစ်ခု၏ နိဒါန်း

(. . . . .မှ အဆက်)

ဘုရားရှင်သည် ဝေသာလီမြို့၌ ၀ါကပ်တော်မူပြီးနောက် ဆောင်းတွင်း၌လည်း ဝေသာလီမှာပင် ဆက်လက်၍ သီတင်းသုံးတော်မူ၏။ ဆောင်းကုန်ခါနီးသော် ဝေသာလီမှ ထွက်ခွာ၍ ဂင်္ဂါမြစ်ဝှမ်းရှိ မလ္လတိုင်းနှင့် အင်္ဂတိုင်းများသို့ ဒေသစာရီ ကြွချီတော်မူ၏။ ခရီးတစ်လျှောက်၌ နာလန္ဒာမြို့၊ ရာဇဂြိုဟ်မြို့နှင့် သံသုမာရဂိရိမြို့များသို့ ရောက်ရှိတော်မူ၏။ ထိုစဉ်က ဘုရားရှင်၏ ကျော်စောသတင်းသည် မြောက်ဘက်ဒေသ၌ ဟိမ၀န္တာတောင်တန်းများနှင့် ကုရုတိုင်းအထိ လည်းကောင်း၊ တောင်ဘက်ဒေသ၌ ကလိင်္ဂတိုင်းအထိ လည်းကောင်း၊ အနောက်ဘက် ဒေသ၌ ၀ိန္ဒျတောင်တန်း အ၀န္တိတိုင်းအထိလည်းကောင်း၊ အရှေ့ဘက်၌ ဂင်္ဂါမြစ်ဝှမ်းဒေသ ၀င်္ဂတိုင်းအထိလည်းကောင်း ရောက်ရှိပျံ့နှံ့နေပြီ ဖြစ်၏။

ရှင်ဒေ၀ဒတ်သည် နောက်လိုက်နောက်ပါ ရဟန်းများစွာတို့ကို ဦးဆောင်ကာ ရာဇဂြိုဟ်မှ ကောသမ္ဗီသို့ ကြွလေ၏။ ရှင်ဒေ၀တ်၏ တပည့်ရဟန်းတို့သည် အမျိုးဂုဏ် မြင့်မြတ်သည့် ခတ္တိယနွယ်ဝင်နှင့် ဗြာဟ္မဏနွယ်ဝင်များ ဖြစ်ကြ၏။ ရှင်ဒေ၀ဒတ်သည် ဘုရားရှင် သီတင်းတော်မူရာ ဃောသိတာရုံ ကျောင်းတိုက်၌ ညကျိန်းစက်၏။ ဘုရားရှင်က အမျိုးဇာတ် ခွဲခြားခြင်း မရှိသော်လည်း ရှင်ဒေ၀ဒတ်သည် သုဒ္ဒမျိုး၊ ဝေဿမျိုးတို့နှင့် ပေါင်းသင်းဆက်ဆံမှုကို ခါးခါးသီးသီး ငြင်းဆန်၏။ ရှင်ဒေ၀ဒတ်သည် မင်းမျိုး၊ သူကြွယ်မျိုးတို့နှင့်သာ အဆက်အဆံလုပ်၏။ ကာလ အတန်ကြာသောအခါ နောက်လိုက်နောက်ပါ အစုအဖွဲ့တစ်ခု ထူထောင်မိ၏။ ဗိမ္ဗိသာရ မင်းကြီး၏ သားတော် အဇာတသတ် မင်းသားနှင့် ရင်းနှီး ကျွမ်းဝင်လာသောအခါ ရှင်ဒေ၀ဒတ်၏ မောက်မာမှုသည် အမြင်ဆိုးရွားအောင်ပင် ဖြစ်လာ၏။

**********

ထုံးစံအားဖြင့် ဘုရားရှင် ရှိတော်မူနေလျှင် ရဟန်းတော်များ ကျယ်ကျယ်လောင်လောင် စကားမပြောကြပေ။ သို့သော် ရှင်ဒေ၀ဒတ် ရောက်လာသည့် နံနက်ခင်း၌ ဃောသိတာရုံ ကျောင်းတော်အတွင်း ပွက်လောရိုက်နေ၏။ ရှင်ဒေ၀ဒတ်သည် နေစရာရှာရင်း ၀ိနည်းအရာ၌ ဧတဒဂ် ရတော်မူထားပြီး အခြားသော ဒေသနာတော်များကိုလည်း ကျွမ်းကျင်သူ ရှင်ဥပါလိ သီတင်းသုံးတော်မူရာ ကျောင်းတော်သို့ ရောက်သွား၏။ ရှင်ဒေ၀ဒတ်သည် ရှင်ဥပါလိ၏ အခန်းတွင်းသို့ ၀င်၍ ရှင်ဥပါလိ၏ လည်မျိုကို ကုတ်ဆွဲကာ ဆဲဆိုကြိမ်းမောင်းလေ၏။ ရှင်ဒေ၀ဒတ်၏ နောက်လိုက်ဖြစ်သူ ကောကာလိက ရဟန်းသည် ရှင်ဥပါလိကို အခန်းတွင်းမှ ဆွဲထုတ်ခဲ့ပြီး ရဟန်တော်များ စုဝေးရာ ခန်းမဆောင်သို့ ဆွဲခေါ်သွား၏။ ရဟန်းပရိသတ် ရှေ့မှောက်၌ ရှင်ဥပါလိကို ဟစ်အော်ငေါက်ငန်းလေ၏။

“ရဟန္တာ ဖြစ်ပေမယ့် အကျင့်ဆိုးက မပျောက်ဘူး။ အရှင်ဘုရားတို့ . . . ဒီ ဇာတ်နိမ့်ကို ကြည့်ကြစမ်းပါ။ ဘာမှကို အသုံးမကျဘူး။ စက်ဆုပ်စရာ ကောင်းလိုက်တာ။”

“အရှင်ဘုရားတို့ . . . ဘယ်ဝိနည်း သိက္ခာပုဒ်ကို တပည့်တော် ကျူးလွန်ချိုးဖောက်မိလို့ပါလဲ။ တကယ်လို့ တပည့်တော် အမှားတစ်ခုခု ကျူးလွန်မိတယ် ဆိုရင်တောင်မှ တပည့်တော်ကို ကိုယ်ထိလက်ရောက် စော်ကားစရာ မလိုပါဘူး . . .။ အရှင်ဘုရားတို့ ဘုရားရှင်ဆီ သွားပြီး လျှောက်ထားကြရမှာပါ။ ဘုရားရှင်ရဲ့ အဆုံးအဖြတ်ကို ခံယူကြရမှာပေါ့။ အရှင်ဘုရားတို့ အခုလို လူရမ်းကားဆန်ဆန် လုပ်တာဟာ ဘုရားသားတော် မပီသပါဘူး။ ဆိုးလွန်းလှပါတယ် ဘုရား . . .။”

“ဒီကိုယ်တော် . . . ကုဋီခွက်ထဲ ပျော်ဝင်သွားလို့ မစင်တွေ မရှင်းမိခဲ့တာ ဖြစ်မယ်။ စဏ္ဍာလ အကျင့်ဆိုးကို မဖျောက်နိုင်ဘူး”ဟု ကောကာလိက ရဟန်းက အော်လိုက်၏။

“ရှင်ဒေ၀ဒတ် ဘုရား . . . တပည့်တော်ကို ဘာဖြစ်လို့ အခုလို ကျူးလွန်စော်ကားရတယ်ဆိုတာ ရှင်းပြပါဦး . . .”ဟု ရှင်ဥပါလိက တောင်းပန်၏။

“ရှင်ဥပါလိ . . . နားထောင်ပါ။ ဒီနေ့မနက် ရေအိုးတစ်လုံးနဲ့ ကုဋီတက်ခဲ့တာ မှတ်မိသေးရဲ့လား။ အိုးထဲမှာ သန့်သက်ရေကျန် ထားခဲ့သေးတယ်လေ”ဟု ရှင်ဒေ၀ဒတ်က ဆို၏။

“တင်ပါ့ . . . သတိရပါတယ်။ သန့်သက်ရေ ကျန်ခဲ့တာဟာ ၀ိနည်းတော်နဲ့ ဆန့်ကျင်တယ်လို့ တပည့်တော် တကယ် မသိတာပါ။ တပည့်တော် ဘုရားရှင်ဆီ သွားပြီး လျှောက်ထားပါ့မယ်။ ဘုရားရှင်က အပြစ်ရှိတယ်လို့ မိန့်တော်မူရင် နောက်နောင်မှာ ထပ်ပြီး မမှားမိအောင် သတိထားပါ့မယ် . . .။”

“ဒီမယ် ရှင်ဥပါလိ . . . အဆင့်အတန်းရှိတဲ့ လူဝတ်ကြောင်တောင်မှ ဒီလို မလုပ်ရဘူးဆိုတာ သိပါတယ်။ ရှင်ဥပါလိလို ရဟန္တာကြီးက ဒါမျိုးလုပ်ခဲ့တယ် ဆိုတာဟာ ခွင့်မလွှတ်နိုင်စရာ အပြစ်ကြီးပဲ။ အိမ်ထဲမှာ မစင်စွန့်တဲ့ အကျင့် ပါနေတာကို ဘာဖြစ်လို့ ၀ိနည်းကြောင်းတွေ လျှောက်ပြောနေရတာလဲ။ ခတ္တိယမျိုး ရဟန်းတွေနဲ့ သုဒ္ဒမျိုး ရဟန်းတွေ အတူစုပေါင်း သီတင်းသုံးကြတဲ့ နေရာမှာ အထူး သတိထားသင့်တယ်။ ရှင်ပါလိကတော့ အိမ်တံစက်မြိတ် မစင်ပေအောင် လုပ်နေကျဆိုတော့ ခုကိစ္စကို ၀ိနည်းချိုးဖောက်မှုလို့ မမြင်ဘူးပေါ့။ ရှင်ဒေ၀ဒတ်တို့ အတွက်ကတော့ ဒါဟာ သည်းခံခွင့်လွှတ်လို့ မရတဲ့ အာပတ်ကြီးပဲ”ဟု ရှင်ဒေ၀ဒတ်က အော်၏။

“ဘုရားရှင်ကို လျှောက်ထားမယ်။ ဘုရားရှင် ဆုံးဖြတ်တော်မူတဲ့အတိုင်း လိုက်နာမယ်”ဟု ရှင်ဥပါလိက တုံ့ပြန်၏။

“ဘုရားရှင် ဘယ်လို အဆုံးအဖြတ်ပေးပေး ရှင်ဒေ၀ဒတ်တို့နဲ့ မဆိုင်ဘူး။ ဒီကရှေ့မှာ ရှင်ဥပါလိနဲ့ ရှင်ဒေ၀ဒတ်တို့ ဘာမှ ပတ်သက်စရာ မရှိတော့ဘူး။ စက်ဆုပ်စရာ တစ်ခုလို သဘောထားပြီး ရှင်ဥပါလိကို ၀ိုင်းပယ်လိုက်မယ်”ဟု ရှင်ဒေ၀ဒတ်က ချက်ချင်း တုံ့ပြန်၏။

ဘယ်သူမှ ရှင်ဥပါလိဘက်က ၀င်မပြောကြပေ။ ၀ိနည်းရော သုတ္တန်ပါ ကျွမ်းကျင်ပြီး ၀ိနည်းဓိုရ် ဖြစ်ကြသည့် ရဟန်းတော်တို့သည် ရုတ်ရုတ်သဲသဲ အရေးအခင်းထဲ ၀င်မပါကြပေ။ ရှင်ဒေ၀ဒတ်၏ ဘက်တော်သား ပုထုဇဉ် ရဟန်းတို့သည်ကား ရှင်ဥပါလိကို လှောင်ပြောင်သရော်ကြလေ၏။

ရှင်ဥပါလိသည် သူ့ကို ဆဲရေးလှောင်ပြောင် သရော်သည့် သံသေးသံကြောင် ရဟန်းတို့ကို ကျောခိုင်းကာ ဘုရားရှင်ထံသို့ သွားရောက်လေ၏။ ဘုရားရှင်ကို ရှိခိုးပြီးနောက် ထံတော်ပါး၌ ရပ်နေ၏။ ဘုရားရှင်က ရှင်ဥပါလိကို မေးတော်မူသည်။

“ရှင်ဥပါလိ . . . ကျောင်းတိုက်ထဲမှာ ဆူညံနေကြတာ ဘယ်သူတွေလဲ။”

“ရှင်ဒေ၀ဒတ်နဲ့ နောက်လိုက်နောက်ပါ ရဟန်းတွေပါ ဘုရား . . .။”

“ဘာဖြစ်ကြတာလဲ။”

“မြတ်စွာဘုရား . . . တပည့်တော်ကို ဆဲကြတာ၊ လှောင်ကြတာပါ ဘုရား။ တပည့်တော်ရဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ အရှင်ဘုရားဆီ လာခဲ့တာပါ ဘုရား။ တပည့်တော် အပြစ် ကျူးလွန်မိခဲ့သလား သိရဖို့ လာခဲ့တာပါဘုရား။ ဒီနေ့မနက် တပည့်တော် ကုဋီတက်ပြီး ပြန်ထွက်လာတော့ ကုဋီထဲက အိုးထဲမှာ သန့်သက်ရေကျန် ထားမိခဲ့ပါတယ် ဘုရား။ အဲဒါကို ၀ိနည်းဖောက်ဖျက်မှုလို့ ယူဆပြီး ရှင်ဒေ၀ဒတ် ဦးဆောင်တဲ့ ရဟန်းတွေက တပည့်တော်ကို ဆဲဆို စွပ်စွဲကြပါတယ် ဘုရား။”

“ရှင်ဥပါလိ . . . အပြစ်မကြီးပေမယ့် အပြစ်ရှိတယ်။ နောက်နောင်မှာ ဒါမျိုး မကျူးလွန်မိစေနဲ့။ ရှင်ဒေ၀ဒတ်က သင့်ကို ဘယ်လို ဆဲဆိုစွပ်စွဲတာလဲ။”

“မြတ်စွာဘုရား . . . ရှင်ဒေ၀ဒတ်က တပည့်တော်ကို လည်ပင်းကနေ ဆွဲခေါ်ပြီး စဏ္ဍာလလို့လည်း ဆိုပါတယ် ဘုရား။ ကောကာလိက ရဟန်းကလည်း တပည့်တော်ကို စဏ္ဍာလလို့ ခေါ်ပါတယ် ဘုရား။ သူက တပည့်တော်ကို ညီမူရာ ခန်းမဆောင်ထိ ဆွဲခေါ်သွားပါတယ် ဘုရား။ တပည့်တော်ကို အဲဒီမှာ ထားပြီး ဆဲဆို စွပ်စွဲပါတယ် ဘုရား။ နောက်ပြီးတော့ အခု ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဘုရားရှင် ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် သူတို့က တပည့်တော်ကို ဂရုကအာပတ် ကျူးလွန်သူအဖြစ် သတ်မှတ်မယ်လို့ ဆိုပါတယ် ဘုရား။ တပည့်တော်ကို ၀ိုင်းပယ်လို့လည်း ပြောကြပါတယ် ဘုရား။”

ကျောင်းတော်၏ အတွင်းမှာရော အပြင်မှာပါ ဆူညံပွက်လောရိုက် နေ၏။ ရှင်အာနန္ဒာသည် အငြင်းပွားမှုကို ဘုရားရှင်ထံ လျှောက်တင်ရန် စောင့်ဆိုင်းနေ၏။ ဘုရားရှင်သည် ရှင်အာနန္ဒာကို ခေါ်တော်မူလိုက်ပြီး ရှင်ဒေ၀ဒတ်နှင့် ကောကာလိက ရဟန်းတို့ကို ရှေ့တော်မှောက်သို့ ခေါ်ဆောင်ခဲ့ရန် မိန့်တော်မူ၏။

ရှင်ဒေ၀ဒတ်နှင့် ကောကာလိက ရဟန်းတို့ ဘုရားရှင်၏ ထံတော်မှောက်သို့ ရောက်လာကြ၏။ သူတို့ကိုယ် သူတို့ အပြစ်ရှိသူဟု ခံယူမထားကြဘဲ စောဒက တက်မည့်သူများအဖြစ် ခံယူထားကြ၏။ ရှင်ဒေ၀ဒတ်သည် ဘုရားရှင်ကို အရိုအသေ ပြုပြီးနောက် ဘုရားရှင်၏ ရှေ့တည့်တည့်မှာ ရပ်နေ၏။ ရဟန်းတော်များ ဘုရားရှင်ကို အရိုအသေ ပေးနေကျ ထုံးစံအတိုင်း ဘေးမှာကပ်၍ ရပ်သည် မဟုတ်ပေ။ ထို့ပြင် ရှင်ဒေ၀ဒတ်သည် ကျစ်ကျစ်ပါအောင် လက်သီးဆုပ်ထား၏။ ကောကာလိက ရဟန်းသည် ရှင်ဒေ၀ဒတ်၏ နောက်မှာ ရပ်ကာ လက်နှစ်ဘက်ကို နောက်ပစ်ထားပြီး ဘုရားရှင်၏ နံဘေး၌ တိတ်ဆိတ်စွာ ရပ်နေသည့် ရှင်ဥပါလိကို မျက်မှောင်ကြုတ်၍ လှမ်းကြည့်နေသည်။

ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေ၏။ ဘုရားရှင်လည်း ရှင်ဒေ၀ဒတ်နှင့် ကောကာလိက ရဟန်းတို့၏ အပြုအမူများကို တိတ်စိတ်စွာ အကဲခတ် ကြည့်တော်မူနေ၏။ ရှင်ဒေ၀ဒတ်သည် လက်သီးဆုပ် ဖြေလိုက်ပြီး လက်နှစ်ဘက်ကို အောက်သို့ လျှော့ချလိုက်ကာ ခေါင်းငုံ့နေရင်း ဘုရားရှင်၏ ရှေ့တည့်တည့် နေရာမှ ဘေးသို့ တစ်လှမ်းချင်း ရွှေ့သွား၏။ ကောကာလိက ရဟန်းလည်း ရှင်ဒေ၀တ်နောက်က လိုက်သွား၏။

ရဟန်းဆိုး နှစ်ပါးတို့ သင့်တင့်လျောက်ပတ်သည့် နေရာသို့ ရောက်သောအခါ ဘုရားရှင်က မိန့်တော်မူလိုက်၏။

“ဒေ၀ဒတ် . . . သင့်ဆရာက ဘယ်သူလဲ။”

“မြတ်စွာဘုရားပါ . . .။”

“ဒေ၀ဒတ် . . . ဒါဖြင့် . . . သင်က ငါ့တပည့်ရဟန်းတွေကို လည်ပင်းကနေ ဆွဲကိုင် လှုပ်ရမ်းခွင့် ရှိသလား၊ ဆဲဆိုစွပ်စွဲခွင့် ရှိသလား၊ အပြစ်ရှိမရှိ ဆုံးဖြတ်ခွင့် ရှိသလား။”

“အရှင်ဘုရား . . . ရှင်ဥပါလိ အာပတ်ကျူးလွန်ခဲ့ပါတယ် ဘုရား”ဟု ခေါင်းငုံ့ထားလျက်ပင် ရှိနေသော ရှင်ဒေ၀ဒတ်က ဆို၏။

“ငါ သိတယ် . . .။ စေတနာ မပါဘဲ ကျူးလွန်ခဲ့တယ် ဆိုတာကို ငါ သိတယ်။ အဲဒါ အပြစ်မကြီးဘူး။ ဒါပေမယ့် ဒေ၀ဒတ် . . . သင်ကျူးလွန်ခဲ့တဲ့ အပြစ်က ပိုကြီးတယ်။ သင်ဟာ သံဃာကို အသင်းခွဲဖို့ လုပ်နေတာပဲ။ တော်တော် ကြီးလေးတဲ့ အပြစ်ပဲ။ ငါ့ တပည့်တွေက ငါ့စကားကို နားထောင်ကြတယ်။ ငါ ချမှတ်တဲ့ ၀ိနည်း ဥပဒေကို လိုက်နာကြတယ်။ ဒေ၀ဒတ် . . . သင့်နောက်လိုက် ရဟန်းတွေရဲ့ အင်အားကို ယူပြီး ငါ့ဆီကနေ ခွဲထွက်ဖို့ ကြိုးစားနေတာ၊ သံဃာသင်းကွဲအောင် လုပ်နေတာ မဟုတ်လား”ဟု ဘုရားရှင် မေးတော်မူ၏။

ရှင်ဒေ၀ဒတ်သည် အောက်သို့ ငုံ့လျက်သာ ကြည့်နေ၏။ စကားတစ်ခွန်းမှ မပြောတော့ပေ။

“ဒေ၀ဒတ် . . . သင့်ကို ပြောရဦးမယ်။ သင့်ရဲ့ အကြံတွေကို ငါ ကောင်းကောင်းသိတယ်။ သင် ဘာဖြစ်ချင်တယ် ဆိုတာကို ငါ သိတယ်။ သင်ဟာ သင့်မာနကြောင့် ဒုက္ခရောက်နေတာပဲ။ သင့်မှာ အတ္တလိုအင်တွေ ရှိနေတယ်။ သင်လိုချင်တာ ၀ိမုတ္တိ မဟုတ်ဘူး။ သင်က ခေါင်းဆောင် လုပ်ချင်နေတာပဲ။ သာသနာ့ဘောင် ၀င်လာပြီး ဘုရင်တွေ မိဖုရားတွေ မင်းမျိုးမင်းနွယ်တွေနဲ့ ရင်းနှီးအောင် လုပ်တယ်။ လောကီအောင်မြင်မှု လောကီအာဏာ လောကီကျော်ကြားမှုတွေ ရချင်နေတာလား။ လူဝတ်ကြောင် ဘ၀နဲ့ မရနိုင်တာတွေကို ရဟန်းဝတ်နဲ့ ရဖို့ မျှော်လင့်နေတာလား။ ဒေ၀ဒတ် . . . သင်က သင့်ထက် မြင့်မြတ်သူ၊ ၀ိမုတ္တိ ရပြီးသူ ရှင်ဥပါလိကို လည်မျိုးကနေ ဆွဲကိုင်တယ်။ သူ့ကို စွပ်စွဲတယ်။ သူကျူးလွန်ခဲ့တဲ့ အပြစ်ကြောင့် ဒီလို လုပ်တာ မဟုတ်ဘူး။ လူတွေ သတ်မှတ်ထားတဲ့ ဇာတ်နိမ့်ဘ၀မှာ မွေးဖွားခဲ့သူမို့ သင် ဒီလိုလုပ်လိုက်တာပဲ။ ဒေ၀ဒတ် . . . မွေးဖွားခဲ့ရတဲ့ ဘ၀ပဋိသန္ဓေကြောင့် စဏ္ဍာလ ဖြစ်ရတယ်၊ ဗြာဟ္မဏ ဖြစ်ရတယ်ရယ်လို့ မရှိဘူး။ အကျင့်အကြံ အပြုအမူကြောင့်သာ စဏ္ဍာလရယ်၊ ဗြာဟ္မဏရယ်လို့ ဖြစ်လာရတယ်။”

ကောကာလိက ရဟန်းသည် ဘုရားရှင် သူ့ကို မမြင်နိုင်အောင် ရှင်ဒေ၀ဒတ်၏ နောက်၌ ပုန်းနေရင်း သူ့ဆရာ ရှင်ဒေ၀ဒတ်ကို တံတောင်နှင့် တွန်းထိုး၍ အားပေး၏။ ရှင်ဒေ၀ဒတ်သည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး တည်ငြိမ်အောင် ကြိုးစားရင်း ဘုရားရှင်ကို ပြန်လည် လျှောက်ထား၏။

“အရှင်ဘုရား . . . ရှင်ဥပါလိဟာ သစ္စာသိတဲ့ ရဟန္တာ ဖြစ်နေပေမယ့် ဇာတ်နိမ့် အကျင့်တွေ မပြောက်သေးပါဘူး . . .။ သူရဲ့ ဘ၀ပဋိသန္ဓေကတည်းက ပါလာပြီး အမြစ်တွယ်လာခဲ့တဲ့ သူ့ရဲ့ အကျင့်ဆိုးတွေကို မပယ်နိုင်သေးပါဘူး . . .။ ကုဋီထဲမှာ သူ သုံးဖို့ ရေထည့်ပေးရတာက တပည့်တော်တို့ပါ။”

ရှင်ဒေ၀ဒတ်သည် ဤမျှဖြင့် ပြောစရာ စကား ကုန်သွား၏။ ရှင်ဒေ၀ဒတ်၏ အခြေအနေကို ရိပ်စားမိသူ ကောကာလိက ရဟန်းက နောက်မှ တံတောင်နှင့် တွန်းလိုက်ပြန်၏။ ထိုအခါ ရှင်ဒေ၀ဒတ် စကား ဆက်ပြန်သည်။

“အရှင်ဘုရား . . . အရှင်ဘုရားက တပည့်တော်ကို သူပုန်တစ်ယောက်လို မိစ္ဆာတစ်ယောက်လို သတ်မှတ်ပေမယ့် အရှင်ဘုရားရဲ့ တပည့်သား သံဃာတွေ ပျော်ပျော်ရွှင်ရွှင် လွတ်လွတ်လပ်လပ်နဲ့၊ ဘာသာခြားတွေ တားမြစ်နှောင့်ယှက်တာကိုလည်း မခံရဘဲနဲ့ မင်းနေပြည်တော်တွေ မြို့ရွာဒေသတွေမှာ ဒေသစာရီ လှည့်လည်နေနိုင်တာဟာ တပည့်တော်ရဲ့ အရှိန်အ၀ါကြောင့်ပါ . . .။ တပည့်တော်ရဲ့ နောက်လိုက်နောက်ပါ အင်အား ကောင်းတယ်ဆိုတာ တပည့်တော် သိပါတယ် . . .။ ဒါကြောင့်ပဲ အများက တပည့်တော်ကို မနာလို ဖြစ်နေကြတာပါ။ တပည့်တော် ဦးဆောင်ဦးရွက် လုပ်နေတာက အရှင်ဘုရားရဲ့ တပည့်သား သံဃာတွေကို အကာအကွယ် ပေးနိုင်ဖို့ လုပ်နေတာပါ။ အရှင်ဘုရား . . . အရှင်ဘုရားနဲ့ တပည့်တော်ကြားမှာ ၀ိနည်းဥပဒေနဲ့ ပတ်သက်လို့ပဲ ကွဲလွဲတာတွေ ရှိပါတယ်။ တစ်ခြား ကိစ္စတွေမှာတော့ တပည့်တော် အရှင်ဘုရားနဲ့ အမြင်တူပါတယ် . . .။”

ရှင်ဒေ၀ဒတ်၏ စကားအဆုံး၌ ကောကာလိက ရဟန်းသည် ရှင်ဒေ၀ဒတ်ကို တံတောင်နှင့် တွန်း၍ အားပေးလိုက်ပြန်သည်။

“ဒေ၀ဒတ် . . . ကောကာလိက ရဟန်းက သင့်ကို တွန်းအားပေးနေတာလား။ ကောကာလိက ရဟန်း ကြိမ်ဝင့်တာကို ကြောက်လို့ ငါ့ဆီ ရောက်လာခဲ့တာလား။ ဒေ၀ဒတ် . . . ဘေးပယောဂ မပါဘဲ ကိုယ့်ဟာကိုယ်သာ ပြောစမ်းပါ။ သင် ပြောသမျှ ငါ နားထောင်မယ်။”

(ဆက်ရန် . . . . .)

:)
ရှင်အာစာရ


-----
Ref:
Portrait of the Buddha (from a Novelist's Pen) by Jayasena Jayakody, English Translation by K. D. de Lanerolle. FOR FREE DISTRIPUTION - NOT FOR SALE.
(ပုံနှိပ်မှတ်တမ်း အပြည့်အစုံ မတွေ့ရပါ။)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP