* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 14, 2012

အိမ်ထဲက ပစ္စည်းထုတ်ဆောင်ကြပါ

ကုသိုလ်အလုပ်များကို လုပ်နေသူများဟာ မီးလောင်နေတဲ့ အိမ်ထဲမှ ပစ္စည်းဝတ္ထုတစ်ခုကို ဆွဲထုတ်ခြင်းနှင့် အလားတူတယ်လို့ ဆိုလိုချင်ပါတယ်။ပကတိသော အိမ်ကြီး မတော်တဆ မီးလောင်တဲ့အခါ ခြေမကိုင်မိ လက်မကိုင်မိ စိတ်တွေထွေပြား လှည့်ပတ်သွားလာမနေဘဲ ကိုယ်နိုင်သလောက် မီးလွတ်ရာဌာနမှ ပစ္စည်းဝတ္ထု တစ်ခုခုကို ဆွဲထုတ်ဖယ်ရှားထားမယ်ဆိုရင် ကိုယ့်အတွက် အကျိုးရှိတာပါပဲ။ဘာပစ္စည်းမှမထုတ်ဘဲ ရပ်ကြည့်နေ မယ်ဆိုရင်တော့ ဘာပစ္စည်းမှ ရမှာမဟုတ်ဘူး။မရတော့မသုံးရဘူးဖြစ်တာပေါ့။ အဲဒါကြောင့် အိမ်ကြီးမီးလောင် တဲ့အခါ ကိုယ်နိုင်ရာ ပစ္စည်းတစ်ခုခုပေါ့။ စောင်ဖြစ်စေ၊ အဝတ်အထည်ဖြစ်စေ၊ အိုးခွက်ပန်းကန်ဖြစ်စေ ထုတ်ဆောင်သွားမယ်ဆိုရင်တော့ အကျိုးရှိတယ်လို့ဆိုရမှာပါ။

ထို့အတူပါပဲ မိမိတို့ ယခုရရှိထားတဲ့ ခန္ဓာအိမ်ကြီးကိုလည်း ခဏမစဲ အမြဲမီးတွေလောင်နေပါတယ်။ ဘာမီးတွေ လောင်နေတာလဲဆိုတော့ လောဘမီးတွေလောင်နေတယ်။ ဒေါသမီးတွေလောင်နေတယ်။ မောဟမီးတွေ လောင်နေတယ်။အိုမီးတွေလောင်နေတယ်။ နာမီးတွေလောင်နေတယ်။ နောက်ဆုံး သေမီးလည်း တဖြည်း ဖြည်း အလောင်ခံနေရပါဦးမယ်။

ခန္ဓာအိမ်မှ လောင်နေတဲ့မီးတွေကို ငြိမ်းအောင် ငြိမ်းသတ်နိုင်ရင်တော့ အင်မတန်ကေငာ်းပါတယ်။ ဒီမီးတွေ ငြိမ်း အောင်ဆိုတာကလည်း မဂ်ရေစင် တွေရရှိမှ ပက်ဖျန်းငြိမ်းသတ်နိုင်မှာဖြစ်ပါတယ်။ မဂ်ရေစင်တွေရအောင် ဘယ်လိုလုပ်ရမလဲဆိုရင် ခန္ဓာအိမ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ပရမတ္ထ ဓာတ်သဘောတွေကို တွေ့အောင်ရှာ၊ မြင်အောင်ကြည့်နိုင်မှ “အရှိတရားနဲ့ အသိတရားကိုက်ညီပြီး”မဂ်ရေစင်တွေရမှာဖြစ်ပါတယ်။

မဂ်ရေစင်ရအောင် လုပ်တာကတော့ မီးတောက်ကြီးမားစွာ လောင်နေတဲ့ ပကတိအိမ်ထဲက ရွှေအိုးကြီး တူးဖော် ရသလို ခက်ပါတယ်။ မီးတောက်ကြားထဲ အသက်စွန့် ကြိုးပမ်းရွှေအိုးကြီးသွားတူးတယ်။ ရွှေအိုးတူးရင်း မီးအလောင်ခံရရင်တော့ ကိုယ်ကျိုးနည်းတော့တာပါပဲ။ ဒါကြောင့် တူးနိုင်ရင် ကောင်းတယ်။ မတူးနိုင်ရင် စောစောကပြောခဲ့တဲ့ မီးလွတ်ရာက သယ်လို့လွယ်မယ့် အိုးခွက် ပန်းကန် အဝတ်အထည်များကိုသာ ဆွဲထုတ်ပါ။

ဒီအတိုင်းပါပဲ။ မဂ်ရေစင်ရအောင် အားထုတ်နိုင်ရင်တော့ အကောင်းဆုံးပါ။ မရနိုင်ရင်တော့ လွယ်လွယ်ကူကူနဲ့ ရရှိနိုင်တဲ့ အိုးခွက် ပုကန် အဝတ်အထည် နဲ့တူတဲ့ ဒါန သီလများကို ဆွဲထုတ်ဖို့ လိုအပ်ပါတယ်။ဒါနပြုရင်တော့ ဒါနရဲ့ အကျိုးအမျိုးမျိုးကိုရပေမပေါ့။ ဒါနေန- လှူဒါန်းပေးကမ်းခြင်းဖြင့် ၊ နီဟရေတေဝ- ထုတ်ဆောင်ကြကုန်ရာ တည်း။ မိမိတို့ မအိုခင် မနာခင် ၊ မသေခင်(ဝါ) အိုမီး နာမီး သေမီးတွေ မလောင်ခင်မှာ ဒါနပြုပြီး ထုတ်ဆောင် ကြရပါမယ်။ သီလစောင့်ပြီး ထုတ်ဆောင်ကြရပါမယ်။ ဘာဝနာပွားပြီး ထုတ်ဆောင်ကြရပါမယ်။

ထုတ်ဆောင်ရတဲ့ ဒါနကုသိုလ်ပစ္စည်း သီလကုသိုလ်ပစ္စည်း ဘာဝနာကုသိုလ်ပစ္စည်းတွေဟာ အချည်းအနှီးမဖြစ် ပါဘူး။ နိဗ္ဗာန်မရမချင်း သုံးစွဲရမှာဖြစ်ပါတယ်။ ဒိန္တွံ- လှူဒါန်းအပ်သော ပစ္စည်းသည် ၊ သုဟနတံ ကောင်းစွာ ထုတ်ဆောင်ရာရောက်သည်။ ဟောတိ- ဖြစ်၏။လှူတာဟာ မီးလောင်တဲ့ ခန္ဓာအိမ်ထဲက ပစ္စည်းထုတ်တာပဲ။ ဥပုသ်စောင့်တာဟာ မီးလောင်တဲ့ ခန္ဓာအိမ်ထဲက ပစ္စည်းထုတ်လိုက်တာပဲ။တရားနာတာ။ တရားစာဖတ်တာ တရားအားထုတ်တာဟာ မီးလောင်တဲ့ ခန္ဓာအိမ်ထဲက ပစ္စည်းထုတ်တာပဲ။ ကုသိုလ်ပစ္စည်းတွေဟာ ပြုလုပ်တဲ့ သူများကို ချမ်းသာအောင်လုပ်ပေးတယ်။ဘဝအဆင့်အတန်းမြင့်အောင် ဆောင်ရွတ်တတ်တယ်။ အပြစ်လည်း ကင်းတယ်။သူခိုးအန္တရာယ်၊ မင်းအန္တရာယ်၊ မီးအန္တရာယ်၊ ရေအန္တရာယ်၊ မချစ်မနှစ်သက်တဲ့ ရန်သူအန္တရာယ်တို့ မှလည်းကင်းတယ်။

အဲဒီလို ခန္ဓာအိမ်မီးလောင်နေတဲ့ အကြောင်းကို သိရှိကြလျက် စားသင့်သလောက်စားကြရသလို၊ လှူသင့် သလောက်လည်းလှူကြရပါမယ်။ စားတဲ့အကျိုး အားရှိမယ်။ ကျန်းမာရေးကောင်းမယ်။ အသက်ရှည်မယ်။ သူများအကဲ့ရဲ့ လွတ်မယ်။ လှူတဲ့ အကျိုး ကုသိုလ်ရမယ်။စိတ်ချမ်းသာမယ်။ ပီတိဖြစ်မယ်။ အကဲ့ရဲ့လွတ်မယ်။ နတ်ပြည်ရောက်မယ်လို့ ကောင်းမှုကုသိုလ်များ၏ အကျိုးအားဖြင့် သိနိုင်ပါတယ်။

ဒါကြောင့် အားလုံးသော ပုဂ္ဂိုလ်များအနေနဲ့ မိမိတို့ ဘဝခန္ဓာအိမ်ထဲမှ ဒါနပစ္စည်း သီလပစ္စည်း ဘာဝနာပစ္စည်း၊ များကို ထုတ်ဆောင်ပြီး မဂ်ရေစင်များလက်ဝယ်ပိုင်ပိုင်ရရှိစေဖို့ ဝိပဿနာပစ္စည်းကိုလည်း စွမ်းနိုင်သမျှ ထုတ်ဆောင်ကြအားထုတ်ကြပါလို့ တိုက်တွန်းလိုက်ရပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။

အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

Print Friendly and PDFPrint FriendlyPrint Friendly and PDFPrintPrint Friendly and PDFPDF

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP