မွေးနေ့
ဦးဇင်းရဲ့(၂၉)နှစ်ပြည့်မွေးနေ့မှာ ခုလို အမှတ်တရနဲ့ဆုတောင်းပေးသူတွေ အများကြီးတွေ့ရတဲ့ အခါကျတော့ ၀မ်းသာမဆုံးဖြစ်လို့ အိပ်ရေးပျက်နေတာတွေတောင် မအိပ်ချင်ဘဲ ဖြစ်သွားရတယ်။ ဘယ်လိုဝမ်းသာမှန်းကို မသိပါဘူးလေ။ နောက်ပြီး ဦးဇင်းမွေးနေ့မှာ သူငယ်ချင်းသံဃာများအား ဆွမ်းကပ်ဖို့ရန်အတွက် သူငယ်ချင်းသံဃာအချင်းချင်းကနေ ပြန်လှူပေးကြတာကြောင့်လည်း ၀မ်းသာမဆုံးဖြစ်နေမိပါတယ်။ ဦးဇင်းရဲ့ မိဘများ၊ မောင်နှမလိုသဘောထားသူများကလည်း ဦးဇင်းမွေးနေ့မှာ ကောင်းမှုကုသိုလ်လုပ်ပေးပြီးပြီဆိုတဲ့ စာတွေရောက်လာတဲ့အခါကျတော့ အော်-ငါ့ဘ၀မှာ ကျန်တာမချမ်းသာရင်နေပါစေ၊ ခုလိုစိတ်ချမ်းသာပျော်ရွှင်မှုတွေ နေ့စဉ်ပိုင်နိုင်ရရင် ကျေနပ်ပါပြီလို့ ဆုတောင်းနေမိပါတယ်။
ဒီထက်မကလည်း အသက်ရှိသမျှ ယခုမျက်မှောက်ဘ၀မှာရော၊ နောက်နောင်နိဗ္ဗာန်မရောက်သေးမီ ကာလာတွေမှာရော အများအကျိုးကို အချိန်တိုင်းပြုလုပ်ပေးနိုင်တဲ့သူ ဖြစ်ရပါလို၏လို့ ဆုတောင်းမြဲဆုတောင်းလျက်ပါ။ ဦးဇင်းအတွက် ဆုတောင်းပေးကြသူလှူဒါန်းပေးကြသူအားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝပြီးလျှင် မိမိတို့ပန်းတိုင်ကိုလည်း လျင်မြန်စွာရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက်ပါ။ ဒါပြင် သားဖြစ်သူအတွက် မွေးနေ့မှာ ဆွမ်းကပ်ခြင်း၊ သင်္ကန်းလှူခြင်းများပြုလုပ်ပေးပြီး ဆုတောင်းပေးတဲ့ မိဘများနဲ့ ဦးဇင်းကို မောင်နှမအရင်းကဲ့သို့ သဘောထားကာ မွေးနေ့မှာ ကောင်းမှုကုသိုလ်လုပ်ပေးပြီး ဆုတောင်းပေးကြသော အွန်လိုင်းမှ အမ၊ ညီမ၊ အကို၊ ညီများကိုလည်း ကိုယ်စိတ်နှစ်ပါးချမ်းသာလျက် လိုရာဆန္ဒပြည့်ဝပြီးသကာလ ပန်းတိုင်ကိုလျင်မြန်စွာ ရောက်ရှိကြပါစေလို့ ဆုတောင်းပေးရင်း ကျေးဇူးအထူးတင်ရှိ၍ ဦးဇင်းရင်ထဲမှာ ထာဝရမှတ်တမ်းတင်ထားလိုက်ပါတယ်။

0 comments:
Post a Comment