* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, February 14, 2012

အနတၱ (၂)


ရုပ်နာမ်ခန္ဓာသာ ရှိ၍ အတ္တမရှိ၊ ပရမတ္ထသဘာဝအားဖြင့် အမှန်တကယ် တည်ရှိနေသော ရုပ်နာမ်ခန္ဓာအစဉ်၌ လာရောက်၍ ကိန်းဝပ်နိုင်သော အတ္တဟူ၍လည်း မရှိဟု ဗုဒ္ဓဘာသာဝင်တို့ မှတ်သားသင့်၏။ သတ္တဝါဟု သမုတ်အပ်သော ခန္ဓာငါးပါးကို လွှမ်းမိုးအုပ်ချုပ်သည့် အတ္တဟူ၍ မရှိကြောင်း၊ ခန္ဓာ့သဘာဝမှာ အနတ္တသာဖြစ်ကြောင်း အနတ္တလက္ခဏသုတ်၌လည်း ဘုရားရှင် ဟောတော်မူခဲ့၏။

အတ္တဝါဒီတို့ ယူဆသည့်အတိုင်း ရုပ်ကို အစိုးရသည့် အတ္တဟူ၍ မရှိပေ။ ရုပ်ခန္ဓာသည် သဘာဝအတိုင်း ဖျားနာရသည်။ အလိုမရှိဘဲ နာကျင်ရသည်။ လှလိုပါလျက် အရုပ်ဆိုး အကျည်းတန်ရသည်။ ရုပ်ခန္ဓာသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရတို့၏ စီမံမှုကိုသာ ခံရသည်။ ရုပ်သည် အနတ္တသာ ဖြစ်၏။

ဝေဒနာကို အစိုးရသည့် အတ္တ၊ ခံစားသည့် အတ္တဟူ၍လည်း မရှိပေ။ ခံစားမှု ဝေဒနာသဘော သက်သက်သာ ရှိ၏။ ခံစားသည့်အတ္တ၊ အစိုးရသည့်အတ္တ မရှိခြင်းကြောင့် ချမ်းသာသုခချည်း ခံစားရအောင် မလုပ်နိုင်။ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဝေဒနာမျိုးစုံ ကြုံရသည်။ ဝေဒနာသည်လည်း အနတ္တသာ ဖြစ်၏။

သညာကို စီမံကွပ်ကဲသည့် အတ္တဟူ၍လည်း မရှိပေ။ ထိုကြောင့် မကောင်းသော အာရုံများကို မမှတ်မိအောင်၊ သတိမရအောင် မစွမ်းဆောင်နိုင်။ ကောင်းမြတ်သည့် မှတ်သားမှုချည်း ဖြစ်နေအောင်လည်း မထိန်းချုပ်နိုင်။ သညာသည်လည်း အနတ္တသာ ဖြစ်၏။

ဝေဒနာနှင့် သညာမှ တစ်ပါးသော စေတသိက်များ ဖြစ်ကြသည့် သင်္ခါရတို့ကို အုပ်ချုပ်သည့် အတ္တဟူ၍လည်း မရှိပေ။ ဥပမာအားဖြင့် စေတနာကောင်းချည်း ဖြစ်နေအောင်၊ တည်ကြည်မှု သမာဓိကောင်းချည်း ဖြစ်နေအောင်၊ မေတ္တာဓာတ်ဖြင့် အမြဲငြိမ်းချမ်းနေအောင် လုပ်လို့မရပေ။ စေတနာ၊ ဧကဂ္ဂတာ (သမာဓိ)၊ အဒေါသ (မေတ္တာ) အစရှိသော စေတသိက်များ ဖြစ်ကြသည့် သင်္ခါရတို့ကို လိုသလို ခြယ်လှယ်နိုင်သည့် အတ္တ မရှိပေ။ သင်္ခါရတို့သည်လည်း အနတ္တသာ ဖြစ်၏။

စိတ်ကို အစိုးရသည့် အတ္တဟူ၍လည်း မရှိပေ။ စိတ်ညစ်မှု၊ စိတ်မကျေနပ်မှု၊ စိတ်အားငယ်မှုများ မဖြစ်အောင် တားမြစ်၍ ကောင်းစိတ်များချည်း ဖြစ်နေအောင် ပြုပေးနိုင်သည့် အတ္တ မရှိပေ။ စိတ်သည်လည်း အနတ္တသာ ဖြစ်၏။

ဤသို့ သတ္တဝါဟု သမုတ်အပ်သော ခန္ဓာငါးပါသည် အနတ္တသာဖြစ်ကြောင်း ဟောတော်မူ၏။
သံသရာ မရှည်ရလေအောင် အနတ္တသဘာဝ ရှိနေသော ခန္ဓာငါးပါးကို စက်ဆုပ်ငြီးငွေ့ကြရန်လည်း ဟောတော်မူ၏။ ခန္ဓာသည် အနိစ္စ ဒုက္ခ အနတ္တသာ ဖြစ်သောကြောင့် “ခန္ဓာသည် ငါ့ဥစ္စာတည်း”၊ “ခန္ဓာသည် ငါတည်း”၊ “ခန္ဓာသည် ငါပိုင်သည့် အတ္တတည်း”ဟု တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် ခန္ဓာကို မစွဲလမ်းရန်လည်း ဟောတော်မူ၏ (အနတ္တလက္ခဏသုတ်)။

အရာရာတိုင်းသည် မမြဲခြင်း အနိစ္စ၊ ဆင်းရဲခြင်း ဒုက္ခ၊ ငါမဟုတ် ငါ့ဥစ္စာမဟုတ်၍ အစိုးမရခြင်း အနတ္တသာ ဖြစ်သည်ဟု ဘုရားရှင် ဟောတော်မူသော်လည်း အဝိဇ္ဇာ၏ ဖုံးကွယ်မှု၊ အဝိဇ္ဇာ၏ လှည့်စားမှုကို ခံနေကြရသော သတ္တဝါတို့သည် သဘောမှန်ကို နားမလည်နိုင်ကြပေ။ သတ္တဝါတို့၏ သန္တာန်၌ သံသရာ အဆက်ဆက် ဘဝအဆက်ဆက်က အမြစ်တွယ်လာခဲ့သည့် အဝိဇ္ဇာသည် အမှန်ကို မသိနိုင်အောင် ဖုံးကွယ်ထား၏။ အမှားကို အမှန်ထင်အောင်လည်း အမြင်ပြောင်းလဲစေ၏။

အတ္တဟု မှတ်ယူခြင်းသည် အယူမှားမှု မိစ္ဆာဒိဋ္ဌိ ဖြစ်၏။ သို့သော် သောတာပန်ဖြစ်မှ ဒိဋ္ဌိစင်မည်ဖြစ်ရာ ပုထုဇဉ်တို့ အနေဖြင့် အတ္တကင်းနိုင်မည် မဟုတ်ပေ။ ထာဝရအတ္တကို ငြင်းပယ်နိုင်သော်လည်း ငါ၊ ငါဥစ္စာ၊ ငါ့မိသားစု၊ ငါ့ဆွေမျိုး၊ ငါ့မြို့၊ ငါ့နိုင်ငံ အစရှိသော တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် စွဲလမ်းမှုများ ရှိကြသည်။ ပုထုဇဉ်တို့၏ သဘာဝသာ ဖြစ်၏။ ပြင်းပြင်းထန်ထန် စွဲလမ်းပြီး စွဲလမ်းမှုကို အကြောင်းပြု၍ အကုသိုလ်မှုများ ယုတ်ယုတ်မာမာ မကျူးလွန်ကြလျှင် တော်ပေသေးသည်။

တရားဝေးသော ပုထုဇဉ်တို့သည်သာလျှင် ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ၊ ဝိညာဏ်ဟူသော ခန္ဓာငါးပါးကို ငါ၊ ငါ့ဥစ္စာဟု အပြင်းအထန် မှတ်ယူစွဲလမ်းတတ်ကြ၏။ ပုထုဇဉ်ပင် ဖြစ်သော်လည်း သူတော်ကောင်းတရား ကြားနာမှတ်သားမှု အလေ့အလာများလျှင် ယူမှတ်မှားမှု မပြင်းထန်ပေ။ အနတ္တသဘောကို ကိုယ်ပိုင်ဉဏ်ဖြင့် ထိုးထွင်း၍ မသိနိုင်စေကာမူ သဒ္ဓါဖြင့် လေ့လာကြားနာ မှတ်သားပြီး သဘောမှန်ကို ကြံဆ၍ လက်ခံနိုင်ကြ၏။ အတ္တပါးအောင်၊ အတ္တယဉ်ပါးအောင် စွမ်းဆောင်နိုင်ကြ၏။

လေ့လာမှတ်သားမှု နည်းလျှင်ကား အယူလွဲသွားနိုင်၏။ ဘဝကူးခြင်း အသက်ထွက်ခြင်း ဝိဥာဉ်ချုပ်ခြင်း လိပ်ပြာနှုတ်ခြင်း လိပ်ပြာခွဲခြင်း အစရှိသော အနတ္တဝါဒီ ဗုဒ္ဓဘာသာတို့၏ အစဉ်အလာ ယုံကြည်မှုများ၊ ဓလေ့ထုံးတမ်း ဆောင်ရွက်မှုများ၌ အတ္တအယူအဆ ပါဝင်သွားနိုင်သည်ကို သတိထားသင့်၏။

ထာဝရတည်မြဲသည့် အတ္တကောင်ဟု စွဲမှတ်မှု မပါဝင်ဘဲ လောကဝေါဟာရကို အသုံးပြုခြင်း၊ ငါ သူတစ်ပါး ယောကျာ်း မိန်းမဟု ခေါ်ဆိုခြင်းကား အပြစ်မဟုတ်ပေ။ ခိုင်မြဲသည့် အတ္တရှိသည်ဟု မမှတ်ယူမိရန်သာ အရေးကြီး၏။

စင်စစ်အားဖြင့် လောကဝေါဟာရ သမုတိသစ္စာကို ဘုရားရှင်ပင် ပယ်စွန့်တော် မမူနိုင်ခဲ့ပေ။ ပြောဆိုဆက်ဆံရာ၌ အပြန်အလှန် နားလည်နိုင်ရေးအတွက် သတ်မှတ်ပညတ်ချက်များ၊ အများနားလည်သည့် အခေါ်အဝေါ်များကို အသုံး ပြုတော်မူခဲ့ရ၏။ မိမိ သို့မဟုတ် ကိုယ် (အတ္တ)၊ ငါ (အဟံ၊ မံ)၊ သင် (တွံ၊ တံ) အစရှိသော အသုံးအနှုံးများကို ဘုရားရှင်၏ ဒေသနာတော်တို့၌ တွေ့နိုင်၏။ ၎င်းတို့သည် ခန္ဓာငါးပါးကို ခေါ်ဝေါ်သမုတ်အပ်သော အမည်များသာ ဖြစ်ကြ၏။ လောကဝေါဟာရ သမုတိသစ္စာများသာ ဖြစ်ကြ၏။ လူ့သန္တာန်၌ ကိန်းဝပ်နေသော စွဲလမ်းယူမှားစရာ ထာဝရအတ္တဟု မဆိုလိုပေ။ ထိုထို ဒေသနာတော်တို့၌ မဖြစ်မနေ ထည့်သွင်းဟောကြားရသည့် သမုတိသစ္စာကို ပရမတ် အရှိတရားဟု ထင်မှတ်မှားတတ်ကြ၏။ အထူးသဖြင့် “အတ္တ”ဟူသော ဝေါဟာရဒေသနာ၊ သမုတိသစ္စာကို ခိုင်မြဲသည့် “အတ္တ”ကို ဆိုလိုသည်ဟု မှတ်ယူမှားတတ်ကြ၏။ သုတ္တန်၌သာမက ပရမတ္ထသစ္စာကို ဟောတော်မူရာ အဘိဓမ္မာ၌ပင် ဝေါဟာရပညတ်ကို အသုံးပြုတော်မူခဲ့ရ၏။ ဥပမာအားဖြင့် “ရူပ = ရုပ်”ဟု ဟောတော်မူခဲ့၏။ ဖောက်ပြန်ပြောင်းလဲတတ်သော သဘောတရားကို ဆိုလိုသည်။ “နိဗ္ဗာန = နိဗ္ဗာန်”ဟု ဟောတော်မူခဲ့၏။ ကိလေသာကင်းစင်၍ ငြိမ်းအေးခြင်း သဘောတရားကို ဆိုလိုသည်။ “နိဗ္ဗာန = နိဗ္ဗာန်”ဟူသော ဝေါဟာရနောက်သို့ လိုက်၍ နိဗ္ဗာန်ကို လားရောက်ရမည့် ဘုံဌာန၊ သွားရောက်ရမည့် ခရီးဆုံးပန်းတိုင်ဟု အမှတ်မှားတတ်၏။ ထာဝရအတ္တ၏ ပျော်စံရာ ဘုံဌာနဟုပင် အထင်ရောက်သွားတတ်၏။ ထို့ကြောင့် သမုတိသစ္စာကို အကောက်အယူမှား၍ အတ္တဝါဒီ မဖြစ်အောင် သတိထားသင့်ပေသည်။

အချုပ်ဆိုရသော် “သဗ္ဗေ ဓမ္မာ အနတ္တာ” (ဥပ္ပါဒါသုတ်၊ တိကင်္ဂုတ္တရ)ဟု ဘုရားရှင် ဟောတော်မူသည့်အတိုင်း နိဗ္ဗာန်ပါအဝင် မည်သည့်သဘောတရား၊ မည်သည့်သတ္တဝါ၊ မည်သည့်နေရာမှာမှ အတ္တ မရှိပေ။ အရာအားလုံး အနတ္တသာ ဖြစ်၏။ အဝိဇ္ဇာကို ပယ်ခွာပြီး အနတ္တသဘောကို အရိယာဉာဏ်ဖြင့် ထိုးထွင်း၍ ပိုင်ပိုင်နိုင်နိုင် မသိနိုင်ကြသေးမီ သဒ္ဓါတရားဖြင့် ကြားနာမှတ်သား လေ့လာသုံသပ်၍ အနတ္တ သဘောမှန်ကို ဆင်ခြင်နိုင်ကြပါစေကုန်သတည်း။

:)
ရှင်အာစာရ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP