* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, October 24, 2011

ဇင်ဘုန်းကြီးပြောသော ထေရဝါဒ ဗုဒ္ဓဘာသာ (အပိုင်း-၁)

Monday, 24 October 2011 02:54

ဗုဒ္ဓဟာ အိန္ဒိယနိုင်ငံ မဟာဗောဓိပင်အောက်မှာ ဉာဏ်အလင်းကိုရရှိတော်မူခဲ့တယ်။ အဲဒီနောက်သူဟာ ဓမ္မကို စတင်ဟောပြောခဲ့တယ်။ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ အာယတန တစ်ဆယ့်နှစ်ပါး အကြောင်းတွေကို သင်ကြားပေးခဲ့တယ်။ ဘဝဆိုတာ ဆင်းရဲ၊ ဆင်းရဲဆိုတာ ဘဝ ဆိုတာကိုပါ သင်ကြားပေးခဲ့ပြီး၊ အဲဒီ ဆင်းရဲနဲ့ ဘဝ, ဘဝနဲ့ ဆင်းရဲကနေ ဘယ်လိုရုန်းထွက်ရမယ်ဆိုတာကိုပါ သင်ကြားပေးခဲ့တယ်။ ဗုဒ္ဓရဲ့ (ရှေးကျတဲ့) မူလတရားဓမ္မရဲ့ တစ်ခုသောနာမည်ကတော့ “ထေရဝါဒဗုဒ္ဓဘာသာ” ပဲ ဖြစ်တယ်။

မတည်မြဲတဲ့သဘောကို ထိုးထွင်းသိမြင်တတ်ခြင်း (Insight into impermanence) ဟာ ဗုဒ္ဓရဲ့ အခြေခံအကျဆုံး သင်ကြားမှုဖြစ်တယ်။ ဒို့တွေအားလုံး ကြုံတွေ့ဖူးကြတဲ့ ဆင်းရဲမျိုးစုံတို့ရဲ့ အခြေခံဟာ “မတည်မြဲမှု” ဖြစ်တဲ့အတွက် ဗုဒ္ဓဟာ အဲဒီသဘောကို ပထမဦးဆုံး သင်ကြားပေးခဲ့တာဖြစ်တယ်။

လောကကြီးကို ကြည့်ကြည့်လိုက်ပါ။ အရာရာဟာ အမြဲတမ်းပဲ ပြောင်းလဲ, ပြောင်းလဲ, ပြောင်းလဲ, ပြောင်းလဲနေတယ်။ ဒါဟာ စကြာဝဠာတစ်ခုလုံးရဲ့ အခြေခံသဘာဝပဲ ဖြစ်တယ်။

မြစ်ကြီးတစ်ခုဆီကိုသွားလိုက်ပါ။ တံတားကို ဖြတ်လျှောက်လိုက်ပါဦး။ အဲ့ဒါ… (၈) နာရီလောက်မှာ ဆိုပါတော့။ တစ်နာရီလောက်အကြာမှာ ပြန်လှည့်ခဲ့ပါ။ တံတားကိုပါ ပြန်ပြီးဖြတ်လျှောက်လိုက်ပါဦး။ (အဲဒီမှာ) မင်းဟာ မူလမြစ်ကြီးကို ဖြတ်လျှောက်နေတာ မဟုတ်တော့ပါဘူး။ (တံတားအောက်မှာ စီးနေတဲ့) ရေထုဟာ လုံးဝကို ကွဲပြားခြားနား သွားခဲ့ပါပြီ။ မြစ်ကြီးဟာ အတူတူ မဟုတ်တော့ပါဘူး။ (၈) နာရီလောက် တုန်းက မင်းတွေ့ခဲ့တဲ့ ရေထုဟာ စီးသွားနှင့်ပါပြီ။ ပြီးတော့ (၉) နာရီမှာ မင်းတွေ့နေရတဲ့ရေထုဟာ မူလ(၈)နာရီတုန်းက တွေ့ခဲ့ရတဲ့ ရေထု မဟုတ်နိုင်တော့ပါဘူး။ ရေအလျဉ်ကတော့ ဆက်လက် စီးဆင်းမြဲ စီးဆင်းနေတာပါပဲ။

မင်းက “အိုး၊ ဒါဟာ ဟာဒ့်ဆန် မြစ်ကြီးပဲ” လို့ မင့်သူငယ်ချင်းကို ပြောလိုက်မယ်။ အဲ..၊ နောက်တစ်နာရီအကြာမှာ မင်းပြန်လှည့်လာမယ်။ မင်းဟာ (အဲဒီတော့လဲ) “ဟာဒ့်ဆန်မြစ်ကြီး” လို့ ခေါ်နေတုန်းပါပဲ။ တကယ်တော့ အဲဒါဟာ မမှန်ပါဘူး။ (၈)နာရီတုန်းက ဟာဒ့်ဆန်မြစ်ဟာ (လက်ရှိဟာဒ့်ဆန်နဲ့) ဘယ်နည်းနဲ့မှ အတူတူမဟုတ်နိုင်ပါဘူး။ ဟုတ်တယ်။ အပြင်ပန်းသဏ္ဍာန်ကတော့ တူပါရဲ့၊ ဒါပေမယ့် အတွင်းသား (ရေထု) ကတော့ ပင်လယ်ထဲကိုသွားနှင့်ပြီလေ။ အဲလိုပါပဲ..၊ မြစ်ကြီးဟာ ခဏတိုင်း ခဏတိုင်းမှာပဲ အမြဲမပြတ်ကို ပြောင်းလဲနေပါတယ်။

မနက်ပိုင်း အိပ်ယာကထတဲ့အခါ၊ မင်းရဲ့ခန္ဓာကိုယ်ဟာ ညတုန်းကနဲ့စာရင် နည်းနည်းလေးဖြစ်ဖြစ်တော့ ကွာခြားသွားခဲ့ပြီလေ။ အစိတ်အပိုင်းအများစုကို ကြည့်လိုက်ရင် ခုနေအခါမှာ မင်းဟာ ခန္ဓာအသစ်ကို ရရှိပိုင်ဆိုင်ထားတယ် (လို့ ပြောရမှာပါပဲ)။ ကုန်ကုန်ပြောရရင် မင်းအိပ်နေစဉ်မှာပဲ မင့်ခန္ဓာရဲ့ ကျန်းမာကြံ့ခိုင်မှုဟာ သိမ်သိမ်မွေ့မွေ့ကလေးကို ပြောင်းလဲသွားခဲ့ပြီး ဖြစ်တယ်။

မင်းရဲ့အပြင်ပန်း သဏ္ဍာန်ကတော့ တူတူပဲလို့ ထင်ကောင်းထင်ရမယ်။ သို့သော်.. ကိုယ်တွင်းမှာကတော့…၊ မနေ့က မင်းစားခဲ့သမျှ အစာတွေဟာ ကြေညက်သွားခဲ့ပြီ၊ မင်းရဲ့ မျက်နှာ၊ သွားနဲ့ အရေပြားတို့ဆီ (အာဟာရအဖြစ်) ရောက်သွားခဲ့ကြပြီ။ ဒါ့အပြင်..၊ အသုံးမကျတော့တာတွေ အားလုံးကတော့ ဆီး၊ ဝမ်း (မစင်) အဖြစ် ပြောင်းလဲ စီးဆင်းသွားခဲ့ကြပြီလေ။

ဟော.. ခုမနက်စောစောမှာ မင်းရဲ့မျက်နှာဟာ မနေ့ကထက် အိုစာသွားခဲ့ပြီ။ ဒါပေမယ့်လည်း မင်းကတော့ အဲလိုမြင်သာတဲ့ ခြားနားသွားမှုတွေကိုတောင်မှ သတိပြုမိချင်မှ ပြုမိမှာပါ။ ဒါနဲ့..၊ ခုနစ်နှစ်ကြုံတိုင်း ကြုံတိုင်းမှာ မင်းမှာ လုံးဝပြည့်တဲ့ ခန္ဓာကိုယ်ပုံစံအသစ် (တစ်မျိုးစီ) ကို ရရှိပိုင်ဆိုင်လေ့ရှိတယ် (လို့ ငါပြောမယ်)။ ဘာကြောင့်လဲဆိုတော့ မင်းရဲ့ ကလာပ်စည်း (cells) တစ်ခုစီဟာ (အသစ်ကလာပ်စည်းတွေနဲ့) အစားထိုး ခံလိုက်ရလို့ပါပဲ။ ဒါပေမယ့်..၊ ဘယ်သူမှ ဒါကို နားမလည်ကြဘူး။ သူတို့ရဲ့ ခန္ဓာကိုယ်ဟာ နာရီတိုင်း နာရီတိုင်းမှာ လုံးဝကို ပြောင်းလဲနေတယ်ဆိုတာ သဘောမပေါက်နိုင်ကြဘူး။

“လွန်ခဲ့တဲ့ ဆယ်နှစ်က ငါ ပဲရစ် ကို သွားခဲ့တယ်” လို့ တစ်ယောက်ယောက်ကများ ပြောလိုက်မယ်ဆိုရင်၊ ဒါဟာ ဦးနှောက်မဲ့တဲ့ ပြောဆိုမှုမျိုးပဲ ဖြစ်လိမ့်မယ်။ ဟိုး.. ဆယ်နှစ်အလွန်က အခြားခန္ဓာကိုယ်တစ်ခုဟာ ပဲရစ်ကို သွားခဲ့တယ်။ သို့သော် အဲဒီခန္ဓာဟာ (ဆယ်နှစ်အလွန်က ငါ ပဲရစ်ကို သွားခဲ့တယ် လို့ ပြောနေတဲ့) ခန္ဓာနဲ့ အတူတူ (ထပ်တူ) မဟုတ်တော့ပါဘူး။ အဲဒါမျိုးကို “မတည်မြဲမှု” (impermanence) လို့ ခေါ်တယ်။

ဒါဟာ (ဒီမတည်မြဲမှုဟာ) လူသားတွေမှာလောက်တင် ဖြစ်တာမဟုတ်ဘူး။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဒီကမ္ဘာကြီးဟာ နေလုံးကြီးကနေ ဆင်းသက်လာခဲ့တယ်။ လမင်းကြီးကတော့ ဒီကမ္ဘာဆီကနေ ဆင်းသက်လာခဲ့တာပေါ့။ ဒါကြောင့်ပဲ လ, ဟာ ကမ္ဘာကိုလှည့်တယ်၊ လ နဲ့ ကမ္ဘာကတော့ နေကိုလှည့်နေကြရတယ်။

တစ်နေ့နေ့မှာ..၊ ဟိုး နောင်နှစ်ပေါင်းများစွာကြာဦးမယ့် တစ်နေ့နေ့မှာ နေလုံးကြီးရဲ့ စွမ်းအားဟာ ကုန်ခမ်းသွားလိမ့်မယ်။ နေလုံးကြီးဟာ ဖြည်းဖြည်း ဖြည်းဖြည်းချင်း အေးသထက် အေးလာလိမ့်မယ်။ နေလုံးကြီး အေးလာတာနဲ့အမျှ ကမ္ဘာကြီးကလည်း အေးသထက် အေးလာလိမ့်မယ်။ အဲဒီနောက်မှာတော့ တိရစ္ဆာန်တွေအားလုံး သေကြလိမ့်မယ်။ သစ်ပင်တွေလည်း သေကြလိမ့်မယ်။ လူတွေလည်း သေကြရမှာပါပဲ။ ဒို့တွေက မြဲတယ် (မြဲလိမ့်မယ်) လို့ ထင်နေကြတာတွေ အားလုံးဟာ အချိန်ကုန်တဲ့အခါ ဘာဆိုဘာမှ မကျန်တော့တဲ့ အနေအထားသို့ ဆိုက်ရောက်ကွယ်ပျောက်သွားလိမ့်မယ်။

(ဆက်လက်ပြန်ဆိုရေးသားပါမည်။)

မေတ္တာဖြင့်

အရှင်ဝိသာရဒ (ရမ္မာဝတီ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP