* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, September 27, 2011

မေတ္တာစစ်စစ် (၂)

ကျွန်မရေးသားမျှဝေလျှက်ရှိပါသော မေတ္တာစစ်စစ် စာစုများသည် ခန့်ခန့်ညားညား တင်ပြ မှု မျိုး တော့မဟုတ်ပါ။ကျွန်မ ကျင်လည် ပေါင်းသင်းဆက်ဆံရသော ဝန်းကျင် အတွင်း မေတ္တာဖြင့်နေထိုင် နိုင်အောင် ကြိုးစားရင်း တွေ့ကြုံရပါသော.. အဖုအထစ်များ ။တစ်ခါ တစ်ခါ မြင့်မြတ်မှု ကို စိန်ခေါ်ခြင်းခံရပါသော အတားအဆီးများ၊ တည်ကြည်ညိမ်သက်မှုကို ယိုင်နဲ့စေသော…ဝေခွဲရခက်စေသော …..တစ်စုံတစ်ရာများစွာ က အားစမ်းလာသော အခါ မေတ္တာတရား စစ် စစ် နှလုံးသွင်းမှုများကို လိုက်လံ ရှာဖွေရင်း စိတ်ခွန်အား ပြန်လည် ဖြည့်တင်းရသော တွေ့ရှိလာသမျှ တရားဓမ္မ လေးများ ကို ဝေမျှ ထားခြင်းသက်သက်မျှသာဖြစ်ပါတယ်..။

ပထမ ပိုစ့်များမှာ ကျွန်မ ဆရာကြီး ဦးရွှေအောင် ရဲ့ စကားလုံးများကိုးကားခဲ့ဘူးပါတယ်..။

ဘုရားရှင်သည် အလောင်းတော်ဘဝများစွာ မှာ မိမိ ၏ ချစ်သူနှင့် မိသားစုတို့ကို ချစ်သူချစ်နှင့် မိသားစုချစ်အဆင့်မှ လောကချစ် အဆင့်သို့ တက်လှမ်းရာမှာ ပါရမီဖြည့်ဖက်များအဖြစ် အားယူခဲ့ဘူးပါတယ်..။

*ငါ အပွား ဆုံး ပါသည့်အခါ ချစ်သူချစ်ဖြစ်လာပြီး..ငါအပါး ဆုံးပါဝင်တဲ့အခါ မှာလောကချစ်ဖြစ်လာ ပါတယ်.. မိသားစု အချစ် မိခင်ချစ်သည် အလယ်မှာရှိပြီး ပွားရာသို့လည်းရှေ့ရှု၏ ။ ပါးရာသို့လည်းရှေ့ရှုတတ်ပါတယ် *

လို့ ဆရာကြီးဦးရွှေအောင်က(လောကသားတို့၏ အနှိုင်းမဲ့ကျေးဇူးရှင်) စာအုပ်မှာ ရေးဘူးပါတယ်..။

လောကချစ်၊ပါရမီချစ် စစ် စစ် ဖြစ်လာတဲ့ အခါမှာ မိမိချစ်ရသောလောက အတွက် အနစ်နာခံဘို့ ဆို တာ ဘာမှ ဝန်လေးတဲ့လုပ်ငန်း မဟုတ်တော့ပါဘူး။မေတ္တာစစ်စစ် စာစုများ ရဲ့ ဦးတည် ချက်ကတော့ ငါအပါးဆုံး ပါတဲ့ ပါရမီချစ် မေတ္တာကျင့်စဉ်လေးတွေ ဖြစ်အောင်လို့ ကြိုးစားဦးတည်ထားပါတယ်။

ကိလေသာ နဲ့ ထာဝစဉ် နပမ်းလုံးနေရတဲ့ ကျွန်မတို့ လူသားတွေကတော့ ငါအပွားဆုံး ပွားတဲ့အခါလည်းပွားမိ တာပေါ့လေ..။ပါး အောင်နေတတ်တဲ့အခါလည်း ကိုယ်နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် ကော ကိုယ်ပါ အေးချမ်း ရတော့တာပါပဲ။အေးချမ်းအောင်နေတတ်တဲ့လူတစ်ယောက် တိုးလာတာဟာ နားခိုတည်မှီရာ တစ်ခုတိုးလာသလိုပါ။

မေတ္တာစစ် စစ် (၁) မှာ 7 Habits Of Highly Effective People ဆိုတဲ့စာအုပ်ထဲမှာ စာရေးဆရာ Stephen R. Covey ကတော့ Love is not feeling, Love is a verb ဆိုတဲ့ဖွင့်ဆိုချက် နဲ့အတူ မေတ္တာ ကို “My friend, love is a verb. Love -- the feeling -- is a fruit of love -- the verb. So love her. Sacrifice. Listen to her. Empathize. Appreciate. Affirm her. Are you willing to do that?” ဆိုတဲ့ကိုးကားချက်နဲ့ မေတ္တာ ကို ပေးဆပ်မှု နဲ့ကြင်နာမှု စောင့်ရှောက်မှု နဲ့ ရုပ်လုံးဖော်ကြည့်မိပါတယ်..။

တစ်ချို့သော ကိစ္စတွေမှာ အနစ်နာခံပြီး အလို လိုက်ဖြည့်ဆည်းဆောင်ရွက်ပေးသော်လည်း သူ့အတွက် အကောင်း ဆုံး တော့မဟုတ်နိုင်သေးပါဘူး။ *အသိ တရားနဲ့ ယှဉ်တဲ့ ကောင်းကျိုး လိုလား မှု * ကိုထည့်သွင်း ပေးအပ် သင့်တဲ့အကြောင်း ရေးသားခဲ့ပါတယ်..။

တစ်ခါ တစ်ခါ တရားကိုကြိုးစားနေတဲ့ ပတ်ဝန်းကျင်မှာ ပင် မေတ္တာ တရားကင်းမဲ့ သလို သတိလက်လွတ်ဖြစ်ရပ်များကြောင့် တရား နဲ့ဝေးကွာသွားကြရတာတွေကို လည်းတွေ့ရတတ် ပါသေးတယ်..။

တချို့ကလည်း အနစ်နာ ခံရတယ် ဆိုပြီး သူချစ်တယ်လို့ယူဆ ရတဲ့ သူတွေရဲ့ ဘဝကို ပိုင်စိုးချင်ကြ ပါတယ်..။ ထိုထို သူတွေရဲ့ ဘဝ မှာအရေး ပါ တဲ့သူတွေ ဖြစ်ချင်ကြပြန်ပါတယ်..။

*ငါအနစ်နာခံရတယ်နော်၊ ငါ လုပ်ပေးရတယ်နော်*…ဆိုပြီး သူတို့ ဘဝကိုချယ်လှယ်ချင်ကြပါတော့တယ်။ အဲတာကိုပဲ *ငါ့မှာတော့ နင်တို့အတွက် အနစ်နာ ခံလိုက်ရတာ… ကြိုးစားလိုက်ရတာ…ပေးဆပ်လိုက်ရတာ ..နင်တို့ ကျတော့ င့ါကိုမသိတတ်ကြဘူး …မတုံ့ပြန်တတ်ကြဘူး…* ရယ်လို့လည်း ပေါက်ကွဲလှစွာ ခံစားတတ်ကြပါတယ်..။ ကျေးဇူးရှင် ရယ် လို့ သူတို့ ဘဝ မှာ နေရာပေးတာကို လည်း မက်မော လှစွာခံယူ ချင်ကြပြန်ပါသေးတယ်။

တစ်ခါ တစ်ခါကျတော့လည်း သူတို့ ကမေတ္တာ ယောင်ယောင် ဂရုစိုက် အရေးပေး သလို တခြားသောသူ တစ်ယောက်ယောက်က ယှဉ်ပြိုင် ပေးအပ် လာခဲ့ရင်လည်း တစ်ဦးတည်း မေတ္တာပေးအပ်ခွင့် ကို မူပိုင်ခွင့် လိုင်စင်ဆွဲထား သလို ရန်လုပ်တတ်ကြပါသေးတယ်..။

ဤ ကဲ့ သို့ ငါအပွားဆုံး ဖြင့် ပေးဆပ်ရမှုကို မေတ္တာထင်ကာ မေတ္တာကြီးမားသော သူများလိုလို ကိုယ့်ကိုကိုယ်ယူဆတတ်ကြပါသေး တယ်..။ ထိုထို သူများစွာ ထဲမှာ ကျွန်မလည်း မပြည့်ဝစွာ ပါဝင်ခဲ့ဘူးပါတယ်။

အဲလို အခါမျိုးမှာ မေတ္တာရဲ့ အေးမြတဲ့သဘော ပျောက်ကွယ်ပြီး ပေးသူဘက်ကလည်းခံစားရ ပါတယ်။ ရရှိ သွားတယ် ဆိုတဲ့သူကလည်း စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းပူပင်ကြရတယ်ဆိုကတည်း က မေတ္တာ စစ်စစ် မဖြစ်လောက်သေးပါဘူး။

တကယ်မေတ္တာစစ်စစ် ဟာ အနစ်နာ ခံလိုက်သည့်တိုင်အောင်…..ပေးဆပ်လိုက်ရသည့်တိုင်အောင်..

*ပြန်လည် တုံ့ပြန်ပေးဆပ်မှုကိုလည်း မမျှော်လင့်တော့ပါဘူး။

*ပြန်လည် ဂုဏ်မဖေါ်လိုတော့ပါဘူး။

*ပြန်လည် သိတတ်မှုကိုလည်းမတောင်းဆိုတော့ပါဘူး။

*အများအလယ် ထင်ပေါ်မှုကိုလည်း မမက်မောတော့ပါဘူး။

*ကျေးဇူးရှင်ရယ် လို့ နေရာပေးလာတာကို လည်းမရယူလိုတော့ပါဘူး။

တကယ်မေတ္တာရှင် ဖြစ်လိုသူတစ်ဦးဟာ… အော်..ဘဝ သံသရာ ရှည်ခဲ့ပြီ..ဘဝတွေလည်းများ အမေဖြစ်လိုက် သမီးဖြစ်လိုက် သားဖြစ်လိုက်..မတော်ဘူးတဲ့အမိမတော်ဘူးတဲ့ အဘ မရှိ… ပါတကား။

အဲဒီ မိဟောင်းဖဟောင်း တော်စပ်ခဲ့ ဘူးသူ တွေကို တွေ့သည့်ခိုက် ကြုံ သည့်ခိုက် ကျေးဇူးဆပ်ခွင့်ရပါပေ တယ်ရယ်လို့ သာ ကြည်နူး ဝမ်းမြောက် နေပါသတဲ့။ ရိုးရိုးလေးတွေးပြီး အေးအေးလေး ညိမ်သက်နေပါတော့ သတဲ့။

ဘဝ လမ်းကြောင်း…. ပြန်ပြောင်း ဓလေ့ မွေ့မွေ့ထုံထုံ

ကကြိုးစုံခဲ့…မိုးချုပ်ခဲ့ တယ်..။

ညဉ့်နက် သန်းကောင်

မိုးမှောင်ကျခဲ့ အလင်းမဲ့ရက်တွေ သံသရာရှည်ပေါ့..။

ဒီဘဝ မှာ ရတောင့်ရခဲ…အလင်း ထဲ မှာ…နေခွင့်ရသူ

လူဖြစ်လာရခဏ…သည်ခဏမှာ

ပေးဆပ်ခွင့်ရ….ရသအလင်း…

ထွန်းလင်းမေတ္တာ …. ကရုဏာ ပြုခွင့်….

ရပိုင်ခွင့်သာ ..ရတနာ တစ်ပါး

ဆုလဘ်များရသလို ငါကားဝမ်းမြောက်နေမှာပါ..။

မေတ္တာဖြင့်-သစ္စာအလင်း

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP