"မုဒိတာရွှေစကား"(၁)

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
၂၀၁၁-ခု၊ဇူလိုင်လ (၁၀)ရက်နေ့က ကာလီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ်စကို ဘေးဧရိယာထဲက ဟေးဝပ်မြို့မှာ ရေးဖေါ်ညီတော် အရှင်ဉာဏိကာ ဘိဝံသ (ကာလီဖိုးနီးယားတက္ကသိုလ်)က “မုဒိတာရွှေကျောင်း” ဆိုတဲ့ အမည်နဲ့ ကျောင်းသစ်တစ်ခု တည်ထောင်ဖွင့်လှစ်ခဲ့ပါတယ်။
ဖွင့်ပွဲနေ့က အဘိဓဇမဟာရဋ္ဌဂုရု မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တကုမာရာဘိဝံသနှင့် မစိုးရိမ်တိုက်သစ် မဟာနာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ တို့လည်း ကြုံကြိုက်ပြီး ကြွရောက်ချီးမြှောက်ကြတဲ့အတွက် ကျောင်းဖွင့်ပွဲအစီအစဉ်မှာဆရာတော်ကြီးနှစ်ပါး အပြည့်အဝ သြဝါဒစကား ပြောကြားနိုင်ဖို့အတွက် မိမိအနုမောဒနာစကား ပြောကြားမည့် အစီအစဉ်ကို ပယ်ဖျက်ခဲ့ပါတယ်။
မိမိကတော့ ဇူလိုင်(၁၆)ရက် ဝါဆိုတဲ့နေ့ရောက်မှသာ ဓမ္မစကြာသင်တန်း အကြိုအဖြစ်နဲ့ အနုမောဒနာ စကား ပြောကြားခဲ့ပါတယ်။ ဒီတရားကို အော်ရီဂွန်ပြည်နယ်၊ ပေါ့တလန်မြို့၊ သိရီမင်္ဂလာကျောင်း၊ ဝါရှင်တန်ပြည်နယ်၊ Seattleမြို့၊ တိပိဋကကျောင်း၊ အင်ဒီးယားနားပြည်နယ် ၊ ဖေါ့ဝိန်းမြို့၊ ဇေတဝန်ကျောင်း တို့မှာလည်း ဟောခဲ့ပါသေးတယ်။
“မုဒိတာရွှေကျောင်း”ဆိုတဲ့ အမည်နဲ့ပတ်သက်လို့ ဘယ်လိုရည်ရွယ်ချက် ၊ ဘယ်လိုအဓိပ္ပာယ်နဲ့ ပေးခဲ့တယ် ဆိုတာနဲ့ ပတ်သက်လို့တော့ နာမကရဏ မင်္ဂလာပြုလုပ်တဲ့ ကျောင်းတိုက်တည် ဆရာတော်အရှင်ဉာဏိကာဘိဝံသ ကိုယ်တိုင်က သူ့ကျောင်းရဲ့ လိုဂိုအောက် မှာ ကြွေးကြော် သံအဖြစ်နဲ့“ ကြည်နူးဝမ်းမြောက်ခြင်းမှသည် ငြိမ်းအေး လွတ်မြောက်ရေးဆီ”ဆိုပြီး အဓိပ္ပါယ်အကျဉ်းကို ပြဆိုကြွေးကြော် ထားပါတယ်။
ဒီစကားရပ်မှာ “ကြည်နူးဝမ်းမြောက်ခြင်းမှသည်”ဆိုတာက “မုဒိတာ”ကို ကိုယ်စားပြုဖွင့်ဆိုတာဖြစ်ပြီး “ငြိမ်းအေးလွတ် မြောက်ရေးဆီ”ဆိုတာက “ရွှေကျောင်း”ကိုကိုယ်စားပြု ဖွင့်ဆိုတယ်လို့လည်း ယူဆနိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ငြိမ်းအေးလွတ်မြောက် တယ်ဆိုတာ မြတ်ဗုဒ္ဓအလို အရတော့ ဒုက္ခအားလုံး လွတ်မြောက်ရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရမှသာ တကယ့်ငြိမ်းအေးလွတ်မြောက်ရာလို့ ဆိုရမှာမဟုတ်လား။ အဲဒီ နိဗ္ဗာန်ကို ရှေးပညာရှင်များ က “ရွှေပြည်နိဗ္ဗာန်”လို့ ရွှေနဲ့အမွှန်းတင် ဂုဏ်ပြု ခေါ်ဆိုကြတာလည်းရှိနေလို့ပါပဲ။
မိမိအနေနဲ့တော့ ဒီအမည်ကို အကြောင်းပြုပြီး မိမိသဘောပေါက် ခံစားရသလို မုဒိတာနဲ့ ရွှေကို ရူပကအလင်္ကာသဘောမျိုးနဲ့ ထပ်တူပြု အဓိပ္ပာယ်ဖွင့် ဆိုပြီးတော့ ပြောချင်ပါတယ်။ ဒီလိုပြောဆိုတဲ့အခါမှာ ရွှေအကြောင်းကို အဓိကထားပြောဆိုမှာဖြစ်လို့ ဒီအနုမောဒနာစကားစုကိုလည်း “ရွှေမုဒိတာစကား ”လို့ တောင်အမည်ပေးလိုက်ချင်ပါတယ်။
ကမ္ဘာအနှံ့ပြန့်နေတဲ့ မြန်မာတွေအားလုံးလိုလိုကပဲ မိမိတို့ကိုယ်ကို ကိုယ်စားပြုတဲ့ နာမ်စားအဖြစ်နဲ့ “ရွှေများ”လို့ ပြောဆိုလေ့ရှိတာကို တွေ့ရပါတယ်။ အံ့သြဖို့ကောင်းတာကတော့ ရောက်ရှိတဲ့ နိုင်ငံတွေ ဘယ် လောက်ပဲ ဝေးနေနေ ၊ ဘယ်လိုပဲ ခြားနားနေနေ ကိုယ့်ကိုယ်ကို “ရွှေတွေ”လို့ နာမ်စားပြုကြ တာကြတော့ တကယ့် ကိုယ်မှ ရာနှုန်းပြည့် ဆန္ဒတူညီကြတယ်လို့ ပြောနိုင်လောက်အောင် သဘောထား ကွဲလွဲမှု မရှိပဲ တူညီနေတာကို တွေ့ရပါတယ်။
မြန်မာတွေအနေနဲ့ ကိုယ့်ကိုယ်ကို “ရွှေတွေ”လို့ ကိုယ်စားပြုကြတာကို မိမိအနေနဲ့လည်း အတော်ကို သဘောကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့မြန်မာ တိုင်းကို“ရွှေ”လိုစိတ်ဓာတ်မျိုးတွေ အမြဲရှိနေစေချင်လို့ပါ၊ ဘယ်တော့မှ မိမိရဲ့ဇာတရူပလို့ဆိုတဲ့ ဝါထိန်ရောင်ဂုဏ်သိက္ခာပျောက် မသွားတဲ့ မြေရဲ့သား ရတနာ ရွှေလိုလို့ ပြောတာနော်။”ရွှေ”ဆိုတာ သေသေချာချာတွေးကြည့်လိုက်ရင် ဇာတိ ပုည ဂုဏ် မာနတို့ရဲ့ သင်္ကေတ လည်းဖြစ်တယ်။ ပြီးတော့ ဇွဲသတ္တိ၊ စိတ်ဓာတ်ခိုင်မာမှု၊ စည်းလုံးညီညွတ်မှု၊ မုဒိတာ ပြည့်ဝမှုနဲ့ သဘောထား ကြီးမြတ်မှုတို့ရဲ့ သင်္ကေတလည်းဖြစ်လို့ပါ။
ဒီအကြောင်းနည်းနည်းချဲ့ပြောပါ့မယ်၊ “ရွှေ”ဆိုတာကို ပါဠိလို “ဇာတရူပ”လို့ခေါ်ပါတယ်။ ပင်ကိုယ်ရုပ် အဆင်းဖြစ်တဲ့ ဝါထိန်မှု (ဇာတိရုပ်) ဘယ်တော့မှ မပျက်တဲ့ မြေရဲ့ အမတေ ရတနာဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒါကြောင့်လည်း ရွှေကို ဇာတိ ပုည ဂုဏ်မာနတို့ရဲ့ သင်္ကေတ တစ်ခုလည်းဖြစ်တယ်လို့ ဆိုလိုက်ရတာပေါ့။ ဒါကြောင့်ပဲထင်ပါရဲ့ ရှေးမြန်မာအဆက်ဆက်တို့ဟာ မိမိတို့အမွန်အမြတ် အမွှန်းတင်ပြောဆိုလိုတဲ့ အမည်နာမများ ရဲ့ရှေ့မှာ ရွှေနဲ့ ထပ်တူ ရူပကဂုဏ်ပြုပြီး ပြောဆိုလေ့ရှိပါတယ်။ ဘုရားရှင် သီတင်းသုံးတော်မူတဲ့ကျောင်းတော်ကြီးကိုလည်း “ဇေတဝန်ရွှေကျောင်း တော်” လို့ခေါ်ဆိုကြ သလို အခြားအမွန် အမြတ်ပြုလိုတဲ့ အရာများကိုလည်း “ရွှေပြည်တော်၊ ရွှေမြို့တော် ၊ ရွှေနန်းတော်၊ ရွှေဘုံရွှေနန်း၊ ရွှေမန္တလေး၊ မြို့ရွှေဂုန် ”စတာမျိုးတွေပေါ့။ ရွှေမြန်မာတို့ အနေနဲ့လည်း တကယ့်ရွှေအစစ်လိုပဲ မိမိတို့ရဲ့ “ဇာတရူပ”လို့ ဆိုရမယ့် မွေးရာပါ ပင်ကိုယ် ဂုဏ်လေးတွေ မပျောက်စေချင်ပါဘူး။ မပျောက်မှလည်း “ရွှေမြန်မာ” ဆိုတဲ့ ရူပကဂုဏ်ပုဒ်နဲ့ ကိုက်ညီမှာပါ။
ရွှေမြန်မာတို့ရဲ့ မွေးရာပါ ဇာတရူပဂုဏ်ဆိုတာ ဘာလဲလို့ နည်းနည်းစဉ်းစားကြည့်ကြရအောင်ပါ။ ရှေးမြန်မာတို့ရဲ့ အစဉ်အလာအရ သားသမီးများ ဖွားမြောက်လာပြီဆိုတာနဲ့ တစ်ပြိုက်နက် “ရက်ချုပ်”လို့ခေါ်တဲ့ မွေးဖွားချိန်မှတ် တမ်းများ ရေးထိုးလေ့ရှိပါတယ်။ အဲဒီမှာ ဘယ်လို ရေးထားသလဲဆိုရင် “ ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်၊ ဘယ်အချိန်မှာ ရတနာသုံးပါးဦးထိပ်ထား၍ ၊ မာတာမိခင်၊ ဖွားသန့်စင်သည်၊ အမည်သညာခေါ်စရာကား.. ဘယ်သူ ဘယ်ဝါ အသက်တစ်ရာ့နှစ်ဆယ် ရှည်စေသော်…..” ဆိုတာမျိုးပေါ့။
အဲဒီစကားရပ်ထဲမှာ အရေးအကြီးဆုံးက “ရတနာသုံးပါး ဦးထိပ်ထား၍” ဆိုတဲ့အချက်ပဲ၊ အဲဒါ မိဘနှစ်ပါး တို့က သားသမီးတို့ကို ခပ်နှိပ်ပေးလိုက်တဲ့ ဇာတရူပလို့ဆိုရမယ့် မွေးရာပါ ဂုဏ်အင်္ဂါပေါ့။
အဲဒီမိမိတို့ရဲ့ ဇာတရူပဖြစ်တဲ့ ရတနာသုံးပါးဦးထိပ်ထားမှုကို ဘယ်အရပ်၊ ဘယ်ဒေသတွေပဲ ရောက်နေနေ မပျောက်အောင် ထိန်းသိမ်းထားနိုင်မှသာ တကယ့် ရွှေဆိုတဲ့ဂုဏ်နဲ့ ကိုက်ညီမှာဗျာ။ အဲဒီလို ရွှေဆိုတဲ့ဂုဏ်နဲ့ ကိုက်ညီမှလည်း မြန်မာတို့ပြောပြောနေတဲ့ “ဇာတိ ပုည ၊ ဂုဏ်မာန”ဆိုတဲ့ စကားကလည်း တကယ် အဓိပ္ပာယ် ရှိလာမှာ။
ဒါနဲ့ပတ်သက်လို့ ရွှေမြန်မာတို့ရှိရာ နိုင်ငံရပ်ခြားကို ရောက်ရှိလို့ အခုလို ဘာသာ သာသနာနဲ့ ပတ်သက်တဲ့ အခမ်းအနားတို့ ၊တရားပွဲတို့၊ ဓမ္မသင်တန်းတို့ ကြုံရတိုင်းလည်း ပြောဖြစ်ပါတယ်။ “ ဘယ်သူမဆို တိုင်းတစ်ပါး အရပ်တစ်ပါး၊ ရောက်နေကြရတာဟာ ကိုယ့်အရပ်၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကို မချစ်နိုင်ကြလို့ ခွဲခွာလာကြသူတွေ တစ်ယောက်မှမရှိဘူး၊ မဖြစ်သာလို့ ခွဲခွာလာကြသူတွေချည်းပဲ။ ဘယ်လိုပဲ မွေးရပ်မြေတို့ ၊ မွေးမိဘတို့၊ ဆွေမျိုး မိတ်သင်္ဂဟတို့နဲ့ ခွဲခွာရ ခွဲခွာရ၊ တကယ်ကို ဘယ်လိုမှ မကွဲကွာသင့်တဲ့ ရတနာသုံးပါးနဲ့ အခုလို မခွဲမခွာ နေကြတာတွေ၊ မကွဲကွာရအောင် ဗုဒ္ဓသာသနာ ကို ဖြန့်ချီပေးနေတဲ့ ဆရာတော်တွေ၊ ကျောင်းကန်တွေကို တွေ့ရတာကတော့ “ သဲကန္တာရထဲက အိုအေစစ်ကလေး” လို့ ဆိုရလောက်အောက် တကယ်ကိုယ် စိတ်ချမ်း သာစရာလေးပါ၊ အမျိုးသာရှိပြီး ဘာသာ သာသနာကွယ်ပျောက်နေချင်းဟာ အမျိုးပျောက်တာထက် ရင်နာ စရာ၊ ခုရောနောင်ပါ ဝမ်းနည်းပူဆွေးစရာတွေနဲ့ကြုံကြရမှာဖြစ်လို့ပါ။
ဟုတ်တယ်လေ ၊ အရပ်ဒေသ ၊ မိဘဆွေမျိုးစသည်တို့နဲ့ ဘယ်လိုပဲ ကွဲကွာနေနေ၊ ရတနာသုံးပါးနဲ့ မကွဲကွာသမျှ လူဟာ သုဂတိဘုံဘဝနဲ့လည်း ကွဲကွာမသွားနိုင်သေးပါဘူး။ ဒီစကားလေးကို သေသေချာချာ စဉ်းစားပြီး အလေးအနက်ထားကြည့်ပါ။ ရတနာသုံးပါးနဲ့ မကွဲကွာသမျှ တစ်ခြား ဘယ်အရာတွေနဲ့ ကွဲကွာနေနေ သုဂတိဘုံနဲ့ ကွဲကွာသူ မဖြစ်နိုင်သလို ရတာနာသုံးပါနဲ့ ကွဲကွာနေကြပြီဆိုရင်လည်း ဘယ်လိုအရာတွေနဲ့ပဲ ပေါင်းဆုံ ကြုံတွေ့နေနေ ကိုယ့်နိုင်ငံ ကိုယ့်ဒေသမှာ ရွှေဘုံရွှေနန်းကြီးတွေလို ဆောက်လုပ်ပြီး ရွှေဘုံပေါ်မှာပဲ စံနေနေ၊ အဲလိုလူမျိုးဟာ ဒီတစ်ဘဝသာ လူပြည်ကို ရောက်ခွင့်ရပြီး နောက်ဘဝတွေမှာတော့ သုဂတိဘုံနဲ့ ပြန်လည်ဆုံတွေ့ခွင့်မရနိုင်တော့ဘူး ဆိုတဲ့ အဓိပ္ပါယ်ကိုလည်း ညွှန်းဆိုနေပါတယ်။
ဒါကြောင့် ရွှေမြန်မာတို့ကို အရေးအကြီးဆုံး နံပါတ်တစ်အနေနဲ့ ရွှေရဲ့ အနွတ္ထသညာဖြစ်တဲ့ “ဇာတရူပ (မွေးရာပါဇာတိရုပ်) ” မပျောက်သလို ၊ မိမိတို့ရွှေမြန်မာများဟာလည်း မိမိတို့ရဲ့ “ဇာတရူပ” လို့ဆိုရမည့် “ရတနာ သုံးပါးဦးထိပ်ထား၍” ဆိုတဲ့ မွေးရာပါဂုဏ်ကို အလေးထား ထိန်းသိမ်းထားပါလို့ ဦးစွာတိုက်တွန်းလိုက်ရတာပါ။
ပြီးတော့ ရွှေဆိုတာ ဇွဲသတ္တိ၊ စိတ်ဓာတ်ခိုင်မာမှုတို့ရဲ့ သင်္ကေတလို့လဲ အထက်မှာ ပြောခဲ့တယ်နော်၊ ဟုတ်ပါတယ်။ ရွှေနဲ့ပတ်သက် လို့ ရွှေကျွမ်း ကျင်သူ ရှေးပညာရှိများရဲ့ ဆိုရိုးစကားတစ်ခုရှိပါတယ်
“ရွှေဆိုတာတဲ့-- မီးဖုတ်လို့လဲမမည်းရဘူး၊ တူနဲ့ထုလည်း မကွဲရဘူး၊ နန်းဆွဲလို့လည်း မပြတ်ရဘူး၊ ငရဲမီးနဲ့တို့လည်း မစားရဘူး၊ ”တဲ့။ ဒါကြောင့်ပဲ မြန်မာတို့ရဲ့အစဉ်အလာမှာ အမြတ်တနိုး အခိုင်အမာ ပြုလိုတဲ့ အမည်တွေ ရဲ့ရှေ့မှာ ရွှေထက်တန်ဘိုးကြီးမားတယ်ဆိုတဲ့ စိန်တို့ ၊ မြတို့၊ ပတ္တမြားတို့နဲ့ ထပ်တူပြု အမွှန်းတင်ပြီးမသုံးဘဲ ရွှေနဲ့သာ ထပ်တူပြု အမွှန်းတင်ကြတာ ဖြစ်မှာပေါ့။
အဲဒီတော့ စဉ်းစားကြည့်လေ ၊ လောကသားမျာဖြစ်ကြတဲ့ အခုရွှေမြန်မာတို့ ရင်ဆိုင်နေရတဲ့ လောကဓံတရားတွေဆိုတာ တစ်ခါတစ်ခါ မီးဖုတ်သလို ပူတာတွေလဲ ကြုံရတာပဲ၊ တစ်ခါတစ်ခါတော့လည်း တူနဲ့ထုသလို ပြင်းထန်တာမျိုးလည်းရှိတယ်၊ တစ်ခါတစ်ခါ နန်းဆွဲပေါက်ထက် ကျဉ်းကျပ်တတ်လို့ “အသက်တောင်ဘယ်က ရှုရမှန်းမသိတော့ဘုူး”ဆိုတာမျိုးလည်း ရှိတတ်ပါတယ်။ တစ်ချို့ဆို ငရဲမီးနဲ့တို့တာထက် ဆိုးဝါးတဲ့ ညှင်းပန်းနှိပ်စက် မှုမျိုးတွေနဲ့ ကြုံကြရတာတောင် ရှိတယ်မဟုတ်လား။ အဲဒီလို ရင်ဆိုင်ရတဲ့အခါမျိုးမှာ မည်းသွားမယ်၊ ကွဲသွားမယ်၊ ပြတ်သွားမယ်၊ စားသွားမယ်ဆိုရင် ဘယ်လိုလုပ်ရွှေစစ်တော့မလဲ။ ဇာတိရုပ်ပျောက်ရင် “ဇာတရူပ” မဖြစ်နိုင်တော့ဘူးလေ။ အဲဒါကြောင့် ရွှေမြန်မာတို့ကို ရွှေရဲ့ဂုဏ်တွေနဲ့ ထပ်တူဖြစ်အောင် လောကဓံမျိုးစုံ ဘယ်လိုပဲကြုံရကြုံရ၊ ဘယ်တော့မှ အားလျော့စိတ်ပျက်တာတို့ ကြောက်ရွံနောက်တွန့်တာမျိုးဆိုတာမျိုးတွေ မဖြစ်ကြပါစေနဲ့လို့လဲ တိုက်တွန်းလိုပါတယ်။ ဒါမှသာ ရွှေနဲ့တူတဲ့ ရွှေမြန်မာစစ်စစ်တွေ ဖြစ်ကြမှာပါ၊
နောက်တစ်ခါ ”ရွှေဆိုတာ စည်းလုံးညီညွတ်မှု၊ မုဒိတာပြည့်ဝမှု၊ သဘောထားကြီးမြတ်မှုတို့ရဲ့ သင်္ကေတလည်းဖြစ်တယ်”လို့ ဆိုခဲ့တယ်နော်။ ဟုတ်တယ်၊ သေသေချာချာစဉ်းစားကြည့်ပါ၊ စိန်တို့၊မြတို့၊ ပတ္တမြားတို့စတဲ့ ရတနာတွေဟာ အရည်အသွေးခြင်း တူရင် အရွယ်ကြီးမားလေ ဈေးက အဆမတန်ပိုပြီးတော့ ကြီးမားလေဖြစ်မယ်မဟုတ်လား၊
အလေးချိန်နဲ့ပြောရရင် တစ်ကလာပ်ရှိတဲ့ စိန်က တစ်ထောင်တန်ရင် နှစ်ကလာပ်ရှိတဲ့ စိတ်ကြတော့ သူ့ထက် နှစ်ဆ၊ သုံးဆမက ဈေးတန်သွားမှာလေ၊ အဲသည်ထက် ပိုကြီးရင် တန်ဘိုးတွေလည်း အဆမတန်တိုးသွားမှာ သေချာတယ်။ ဒါပေမယ့်ခက်တာက တစ်ကလာပ်ရှိတဲ့စိန်ဟာ နောက်ထပ် တစ်ကလာပ်ရှိတဲ့ စိန်နဲ့ တစ်သားတည်း ပေါင်းပြီး နှစ်ကလာပ်ဖြစ်အောင် လုပ်လို့မရဘူးလေ။ မိမိနဲ့ အဆင့်တူခြင်းကို တစ်သားတည်း သဘော မထားနိုင်ဘူး၊ အဆင့်တူကို မစည်းလုံးလိုတဲ့သဘော၊ အဆင့်တူလာတာကို တွေ့လို့ ဝမ်းမမြောက်နိုင်တဲ့ သဘောမျိုးဖြစ်လို့ မုဒိတာ ကင်းတဲ့ သဘောလိုလည်း ဖြစ်နေတယ်မဟုတ်လား။
ရွှေကတော့ ဒီလိုမဟုတ်ဘူး၊ တစ်ရွေးသားလောက်ရှိတဲ့ရွှေဟာ နောက်ထပ် တစ်ရွေးသားနဲ့ တစ်သားတည်း ပေါင်းပြီး နှစ်ရွေးသားရွှေတုံြး ဖစ်အောင် ပေါင်းစည်းလို့ရတယ်။ ဒီလိုနဲ့ နောက်ထပ် နောက်ထပ် ဘယ်လောက်ပဲတိုးလာလာ တစ်ကျပ်သား နှစ်ကျပ်သားမကလို့ ပိဿာတွေ ရာနဲ့ထောင်နဲ့ ချီလာအောင် ပေါင်းစည်းလာရင်လည်း ရွှေရွှေချင်း တစ်သားတည်း ပေါင်းစည်းနိုင်တယ်။ အမျိုးအနွယ်တူမှန်သမျှအပေါ်မှာ မုဒိတာ သဘောမျိုးနဲ့ တစ်သားတည်း လက်ခံနိုင်စွမ်းရှိတယ် မဟုတ်လား။ ရွှေမြန်မာတို့လည်း အဲဒီလို အမျိုး အနွယ်တူ၊ ရည်ရွယ်ချက်တူ၊ စိတ်ဓာတ်တူတဲ့ ကိုယ်လိုလူမျိုးတွေ ဘယ်လောက်ပဲ များနေနေ၊ မခွဲမခြား၊ တစ်သားတည်း၊ တစ်ပေါင်းတစ်စည်းတည်းဖြစ်နေရမှာပါ။ အဲဒီလို ဖြစ်နေမှ ရွှေဆိုတဲ့ ဂုဏ်နဲ့ ကိုက်ညီမှာ မဟုတ်လား။
တစ်ချို့ ရှိကြတယ်လေ၊ “ညီညွတ်ခြင်းသည် အင်အား”လို့တော့ ကြွေးကြော်ကြပါရဲ့ ၊ ကိုယ်လို တိုင်းကျိုး၊ ပြည်ကျိုး၊ အမျိုး ဘာသာ၊ သာသနာကျိုး၊ သယ်ပိုးလိုသူတွေ နောက်ထပ် တိုးလာကြပြီဆိုရင်တော့ ဘယ်နှယ့် ဖြစ်ကုန်သလဲ၊ နေရာပဲလုတော့မလိုလို၊ ဖက်ပြိုင်အန်တုသူတွေ ပဲ ဖြစ်ကြတော့သလိုလိုနဲ့ ရန်သူလိုသဘောထားကြပြီး ကွဲကြပြဲကြတွေ ဖြစ်ကုန်တာ ရှိတယ်လေ၊ အဲဒါ ရွှေရဲ့ စည်းလုံးညီညွတ်ခြင်းဂုဏ်ကို မုဒိတာပြည့်ဝမှုဂုဏ်တွေ ပျောက်သွားတဲ့သဘောပဲ။ ဒီလိုဖြစ်နေကြရင် ရွှေဆိုတဲ့ဂုဏ်နဲ့ ထိုက်တန်တဲ့ “ရွှေမြန်မာတွေ” ပီသကြပါဦးမလား။
လွန်ခဲ့တဲ့ ရက်ပိုင်းလောက်ကတောင် တစ်ခြားပြည်နယ် တစ်ခုရောက်တုံးက သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေက မေးကြတဲ့ ပြဿနာလေးတစ်ခုနဲ့ ကြုံခဲ့ရတယ်။ သူတို့ပြောပြမေးလျှောက်တာကတော့ “ဗုဒ္ဓဘာသာ အဖွဲ့အစည်းလေးတစ်ခု ဖွဲ့စည်း တည်ထောင်ပြီး ဘာသာ၊ သာသနာတိုး တက်ရေးအတွက် ဆောင်ရွက်ကြတာ အတော်ကလေး အဆင်ပြေလာပြီတဲ့၊ အားလုံးက ဝမ်းသာလို့မှ မဆုံးလိုက်ခင်၊ နှစ်ဖွဲ့ကွဲသွား ပြန်သတဲ့၊ အဲဒါ ဒီပြဿနာကို ဘယ်လိုဖြေရှင်းရရင် နောက်နောင်မှာ အကွဲအပြဲတွေ ကင်းစင်မလဲ”ဆိုပြီး မေးကြ တာပါ။
အဲဒီတော့ ဦးဇင်းက “ အမေးရှိလာတော့ အဖြေကတော့ ရှိရမှာပေါ့၊ အဲ. တစ်ခုတော့ရှိတယ်၊ ဒါက ဓမ္မဓိဋ္ဌာန်ကျကျ ပြောရမှာဆိုတော့ “ဓမ္မဓိဋ္ဌာန် နဲ့ ပတ်သက်လာရင် လူကြိုက်ကိုမကြည့်နဲ့၊ လူကျိုးကိုသာ ကြည့်ရမယ်”ဆိုတဲ့ မင်းကွန်းတိပိဋကဓရဆရာတော်ဘုရားကြီးရဲ့ သြဝါဒအတိုင်းပဲ ဒီကိစ္စမှာ အားလုံးရဲ့ ရေရှည် ကောင်းကျိုးကိုပဲကြည့်ပြီး ဦးဇင်းသဘောပေါက်သလို ပြောမယ်နော်”လို့ အစချီပြီးတော့မှ “ပြောသာပြောပါဘုရား” လို့ သူတို့က တိုက်တွန်းကြတဲ့အတွက် ပြောပြဖြစ်ခဲ့ တာကတော့….
အဲ. ကျုပ်တို့ ရွှေမြန်မာတွေက မတိမ်ကော၊ ပျောက်ပျက်သင့်တဲ့ ဇာတိရုပ်ကောင်းကလေးတွေလို့ ဆိုရမည့် အမျိုး၊ ဘာသာ၊ သာသနာအပေါ် ရိုသေ၊ လေးစား၊ တန်ဘိုးထားမှုတွေကြတော့ လျော့ရဲ ပျောက်ကွယ် သွားတတ်ကြပြီး၊ ဖျောက်ဖျက်ပစ်ရမယ့် အကွဲအပြဲစိတ်ဓာတ်တွေကျတော့ ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ပျောက်ကို မပျောက်ကြဘူးဗျာ။ အဲ. ကြားဖူးတဲ့ ရယ်စရာစကားပုံတစ်ခု သွားသတိရမိတယ်၊ လူတစ်ယောက်ကတဲ့..၊ ဘယ်တော့မှ သွားမတိုက်ဘူးတဲ့၊ သူနဲ့ ထမင်းတစ်ပွဲတည်း စားရမည့်သူတွေက သူ့သွားတွေ မြင်မကောင်းတော့ ဥပါယ်တမျဉ်နဲ့ “ကြံရိုးလေး ဝယ်စုပ်ချေပါ”ဆိုပြီး ပိုက်ဆံပေးလိုက်သတဲ့၊ မောင်မင်းကြီးသားက ဈေးထဲသွားပြီး ပြန်လာတော့ ကြံရိုးဝယ်မစုပ်ခဲ့ဘဲ ကဇွန်းဥပြုတ်တွေ ဝယ်စားလာလို့ ငါးပါးကို မှောက်ပါရော့တဲ့။ အဲ. ဒီမှာ ကြုံရတဲ့ အဖြစ်ကလည်း အဲသည်ထက်တောင် ဆိုးနေပါကလားလို့ ပြောရမလို ဖြစ်နေပြီနော်၊ အဲဒီတော့-
ဒီကိစ္စမှာ ဘယ်သူက ကြံရိုးစုပ်ရမည့်အစား ကဇွန်းဥပြုပ်တွေ ဝယ်စားနေမိသလဲဆိုတာကို ကိုယ့်ဟာကိုယ်ပဲ ပြန်ပြီး စစ်ဆေးကြည့်ကြပါ။ အခြေခံကျကျ စဉ်းစားတတ်အောင် မြန်မာပြည်မှာ ဦးဇင်းရဲ့ ကျောင်းက ဂေါပက လူကြီးများကို ပြောခဲ့တဲ့အတိုင်းပဲ ပြန်ပြောပါ့မယ်။
“ ကုသိုလ်ရေးဆောင်ရွက်တဲ့အဖွဲ့အစည်း”ဆိုပြီး ထစ်ကနဲဆို ငြင်းကြခုန်ကြ၊ ကွဲပြဲကြဆိုတာ ကျုပ်တို့မြန်မာတွေရဲ့ အဖွဲ့အစည်းတိုင်းလိုလို မှာ ဖြစ်နေကြတယ်၊ အဲဒီတော့ အဓိကရည်ရွယ်ချက်ကဘာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပေးကြည့်ပါ၊
(၁) နေရာရချင်တာလား။
(၂)အာဏာပြချင်တာလား။
(၃)ကုသိုလ်ရချင်တာလား။
အဲဒါ သေသေချာချာစဉ်းစားပြီး ဖြေကြပါ။ ကုသိုလ်ရချင်လို့ ဆိုတဲ့ စိတ်ကောင်း စေတနာကောင်း နဲ့ ရည်ရွယ် ချက်ကောင်းရှိရိုးမှန်ရင် ကိုယ့်လိုပဲ ကုသိုလ်ရချင်လို့ဆိုတဲ့ ရည်ရွယ်ချက်တူ ဆန္ဒတူတွေ များလေ အားရှိလေ မဖြစ်နိုင်ပေဘူးလား။
မုဒိတာရွှေစကား အပိုင်း(၂)ကို ဆက်လက်ဖေါ်ပြပေးသွားပါမည်။
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်
2011-ခု၊ သြဂုတ်လ ၁၄-ရက်၊ တနင်္ဂနွေနေ့။

0 comments:
Post a Comment