ဒို့ဘာသာ (၃၁) နိဂုံးပိုင်း
အစောကပြောခဲ့သလို မင်းတုန်းမင်းကြီးလက်ထက်မှာ ပဉ္စမသင်္ဂါယနာတင်ပွဲကျင်းပခဲ့ပါတယ်။
သာသနာ အတော် စည်ပင်ပြန့်ပွါးခဲ့ပါတယ်။
မင်းတုန်းမင်းပြီးတော့သီပေါမင်း။
သာသနာတော်တိုးတက်မှု အရှိန်အဟုန်ကောင်းတုန်းပါဘဲ။
နောက် အင်္ဂလိပ်တွေ ၀င်လာတယ်ပဲ ဆိုကြပါဆို့။
ဘာသာခြားတွေ ကိုယ့်နိုင်ငံတွင်းဝင်လာတော့ ရှိရင်းစွဲကိုယ့်ဘာသာကို
ထောက်ပံ့မှုတွေ လျော့နည်းလာတာ အမှန်ပါပဲ။
အဲ့ဒီအချိန် အုပ်ချုပ်တဲ့အင်္ဂလိပ်အစိုးရက ဗုဒ္ဓဘာသာကို အားမပေးတော့
ဘာသာရေးနိုးကြားတဲ့သူတွေက တစ်ပိုင်တစ်နိုင်အဖွဲ့အစည်းတွေ ဖွဲ့ကြတယ်။
အမိနိုင်ငံတော်က မိမိတို့ယုံကြည်ကိုးကွယ်ခဲ့တဲ့ဗုဒ္ဓဘာသာ မပျောက်ပျက်သွားဘို့၊
အမိမြန်မာနိုင်ငံတော်မှာ ဗုဒ္ဓဘာသာ ရေရှည်တည်တံ့ဘို့၊ ထွန်းကားပြန့်ပွါးဘို့
ဆရာတော်သံဃာတော်တွေဦးဆောင်ပြီး အထက်ဗမာပြည်၊ အောက်ဗမာပြည်
ဆိုင်ရာဆိုင်ရာဒေသတွေမှာ အဖွဲ့ဖွဲ့ကာ ကြိုးပမ်းခဲ့ကြတယ်။
ဒီလိုအဖွဲ့အစည်းတွေထဲမှာ သံဃသာမဂ္ဂီအဖွဲ့အစည်းကြီးဟာ
အင်မတန် အားကောင်းခဲ့တယ်။
၁၉၂၀ ပြည့်လွန်နှစ်ခန့် အင်္ဂလိပ်အစိုးရအုပ်စိုးစဉ်
ဒီသံဃာသာမဂ္ဂီအဖွဲ့ကြီးက ဆဋ္ဌသင်္ဂါယနာတင်ဘို့ ဆော်သြခဲ့ပါသေးတယ်။
အင်္ဂလိပ်အစိုးရက ဒီကိစ္စကို ခေါင်းထဲလုံးလုံး မထည့်ခဲ့ပါဘူး။
တကယ်တော့ အင်္ဂလိပ်အစိုးရအုပ်ချုပ်တဲ့အချိန်မှာကိုက
ဗုဒ္ဓဘာသာ ပိဋကတ်စာပေနှင့်ပတ်သက်ပြီး
စိုးရိမ်ရမည့်အခြေအနေရောက်နေပါပြီ။
လက်ရှိ ပိဋကတ်စာပေတွေကို
တစ်ဆင့် ကူးယူတဲ့အခါမှာဖြစ်စေ၊ ပုံနှိပ်တဲ့အခါမှာဖြစ်စေ
ပုဒ်၊ ပါဌ်၊ အက္ခရာ၊ ၀ါကျ ချို့ယွင်းမှုများ တဖြည်းဖြည်း ပေါ်ပေါက်လာနေပါပြီ။
ပုဒ်၊ ပါဌ်မမှန် အက္ခရာချို့ယွင်းရင် အဓိပ္ပာယ်ပြန်ဆိုမှုမှာလည်း လွဲမှားတော့တာပါဘဲ။
အဓိပ္ပာယ် လွဲမှားပါက သင်ကြားမှု ပရိယတ္တိဒေသနာများ ပျက်စီးသွားတော့တာပေါ့။
ပရိယတ္တိဒေသနာပျက်စီးသွားရင်
ပဋိပတ္တိအကျင့်တရားတွေလည်း ဘယ်မှန်ကန်တော့ပါ့မလဲ။
အကျင့်လွဲမှားရင် ဘယ်လိုလုပ် ပဋိဝေဓလို့ခေါ်တဲ့ တရားထူးရနိုင်တော့မှာလဲ။
ဒီအရေးကို မြင်လို့ ဒီအရေးကို စိုးရိမ်လို့ အင်္ဂလိပ်အစိုးရလက်ထက်မှာ သံဃသာမဂ္ဂီဆရာတော်များက
ဆဋ္ဌသံဂါယနာတင်ပွဲကျင့်ပဖို့ လှုံ့ဆော်ပေမဲ့ အချည်းနှီးသာဖြစ်ခဲ့ရပါတယ်။
၁၉၄၈ ခုနစ်၊ လွတ်လပ်ရေးရပြီးခါမှ ဦးနုဝန်ကြီးချုပ်ဖြစ်မှ
သံဃာတော်တွေရဲ့ဆန္ဒတော်ဖြစ်တဲ့ ဆဋ္ဌသံဂါယနာတင်ပွဲကို ကျင်းပနိုင်ခဲ့တယ်။
နေရာကတော့ ရန်ကုန်မြို့၊ ကမ္ဘာ အေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူတော်ကြီးမှာပါ။
ဒီဆဋ္ဌသံဂါယနာတင်ပွဲကြီးကို
၁၉၅၄ - ခုနစ် မေလ (၁၇) ရက်နေ့မှာ စတင်ကျင်းပပြီး
၁၉၅၆ -ခုနစ်၊ မေလ (၂၄) ရက်နေ့မှာ အောင်မြင်ပြီးဆုံးပါတယ်။
မန္တလေးမြို့မှ ညောင်ရမ်းဆရာတော်ဘုရားကြီးက
သဘာပတိဆရာတော်အဖြစ်ထမ်းဆောင်ပါတယ်။
အမေး(ပုစ္ဆက) ဆရာတော်အဖြစ်
မဟာစည်ဆရာတော်ဘုရားကြီးက တာဝန်ယူဆောင်ရွက်ပြီး
အဖြေ (၀ိဿဇ္ဇက) ဆရာတော်အဖြစ်
မင်းကွန်းဆရာတော်ဘုရားကြီးက ဆောင်ရွက်တော်မူပါတယ်။
ဆဋ္ဌသံဂါယနာတင်ပွဲကြီးသို့ ထိုင်း၊ ကမ္ဘောဒီးယား၊လော၊ သီရိလင်္ကာနိုင်ငံတို့မှ ထေရ၀ါဒရဟန်းတော် ၁၄၄-ပါး၊ မြန်မာနိုင်ငံမှ ရဟန်းတော် ၂၄၇၃-ပါးတို့က
၂၄၅-ရက်တိုင်တိုင် ရွတ်တော်မူကြပါတယ်။
ထူးခြားတာက ဒီသံဂါယနာတင်ပွဲကို
ထေရ၀ါဒမဟုတ်တဲ့ ဂျပန်၊ တိဗက်၊ ဗီယက်နမ်၊ ကိုရီးယား၊
ဂျာဗားကျွန်း၊ မလေးကျွန်း၊ ဆစ်ကင်းပြည်စတဲ့ နိုင်ငံတို့မှ
မဟာယာနဂိုဏ်းဝင် ရဟန်းတော်များလည်း ကြွရောက်ချီးမြှင့်အားပေးခဲ့ကြပါတယ်။
ဒီခြောက်ကြိမ်မြောက်သံဂါယနာတွင်ပွဲမှာ
ဘုရားရှင်ဟောကြားတော်မူခဲ့တဲ့ ပိဋကတ်စာပေတွေကို
စက္ကူထက်မှာ အက္ခရာတင်ပြီး ပိဋကတ်စာပေသန့်စင်ရေးကို ဆောင်ရွက်နိုင်ခဲ့တယ်။
ဒီပွဲကြီးဖြစ်မြောက်အောင် ထောက်ပံ့ပေးသူများကတော့
ထိုအချိန်က အစိုးရများဖြစ်ကြတဲ့ နိုင်ငံတော်သမ္မတ ဦးဘဦး၊
နိုင်ငံတော် အစိုးရအဖွဲ့၏ အကြီးအကဲဖြစ်သူ ၀န်ကြီးချုပ် ဦးနုတို့က
ကူညီဆောင်ရွက်တာဝန်ယူပေးပါတယ်။
သတိုးသီရိသုဓမ္မ သူဌေးကြီး ဆာဦးသွင်ဦးဆောင်တဲ့ နိုင်ငံတော် ဗုဒ္ဓသာသနာအဖွဲ့ကြီးကလည်း တိုင်းသူပြည်သားတို့ကိုယ်စား ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ပူဇော်ဘို့ တာဝန်ယူကြပါတယ်။
ဝန်ကြီးချုပ်ကတော် ဒေါ်မြရီဦးဆောင်တဲ့ အမျိုးသမီးများကလည်း
သံဂါယနာ ဝေယျာဝစ္စ လုပ်ငန်းများကို အားတက်သရော ပါဝင်ပြီး
လုပ်အားဒါနများ လှူဒါန်းကြကြောင်း သိရပါတယ်။
ဦးနုတို့ခေတ်ကနေပြီး ယနေ့မျက်မှောက်ခေတ်အထိ
ဆရာတော် သံဃာတော်အရှင်သူမြတ်တွေဟာ
ကမ္ဘာ့အလည်မှာ ဗုဒ္ဓဘာသာ မကျရှုံးသွားဘို့၊ မပျောက်ကွယ်သွားဖို့
အဓိကအခန်းကဏ္ဍကပါဝင်နေဆဲပါ။
တကယ်လို့သာ ဆရာတော် သံဃာတော်အရှင်သူမြတ်တွေ
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့မယ်ဆိုရင်
ဗုဒ္ဓဘာသာ ကမ္ဘာမြေကြီးပေါ်က ကွယ်ပျောက်သွားခဲ့ပြီပေါ့။
ဒီနေ့ဒီခေတ်လို တစ်ကမ္ဘာလုံးက ပြောပြောနေတဲ့
ကမ္ဘာ့ဘာသာကြီးလေးခုဆိုတဲ့စကားဘယ်ဖြစ်လာနိုင်မလဲ။
ကမ္ဘာဘာသာကြီးသုံးခုလို့ပဲ သုံးနှုန်းတော့မပေါ့။
တကယ်လို့သာ ရှေးရှေးဆရာတော် သံဃာတော်အရှင်သူမြတ်တွေ
မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆနေခဲ့လို့
ဗုဒ္ဓဘာသာ ကမ္ဘာမြေကြီးပေါ်က ကွယ်ပျောက်သွားခဲ့ရင်
အခု ဒီစာရေးနေတဲ့အရှင်လည်း ဘုန်းကြီးတစ်ပါးဘယ်ဖြစ်နိုင်တော့မလဲ။
ဘုန်းကြီးတစ်ပါးဖြစ်နေစေဦးတော့။
ဗုဒ္ဓဘာသာဘုန်းကြီးတော့ ဖြစ်မှာမဟုတ်တော့ဘူး။
အခြားဘာသာရဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးဦးဖြစ်နေရောပေါ့။
(ဒါမှမဟုတ်၊ အရည်းကြီးဘုန်းကြီးဖြစ်နေရောပေါ့)
ဒီစာကိုဖတ်နေတဲ့သူတွေလည်း ဒီလိုပဲပေါ့။
ဗုဒ္ဓဘာသာဝင်တွေ ဘယ်ဖြစ်နိုင်တော့မှာလဲ။
နောက်တစ်မျိုးစဉ်းစားကြည့်ရအောင်၊
ဒီနေ့ဒီအချိန်ကာလ ဒီနေ့ခေတ်ဗုဒ္ဓဘာသာဝင်တွေ ငါးပါးသီလကျင့်စဉ်မှသည်
သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ကျင့်ခွင့်၊ လေ့လာခွင့်ရနေတာဟာ ဒီနေ့ခေတ်ဆရာတော် သံဃာတော်တွေ
ဟောပြောပြသပေးနေလို့မို့လား။
ကိုယ့်အဖိုးအဖွားတွေခေတ်တုန်းကရော။
သူတို့လည်း သူတို့နဲ့ခေတ်ပြိုင်ဆရာတော် သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်
ငါးပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ကျင့်ခွင့်၊ လေ့လာခွင့်ရခဲ့ကြတာပေါ့။
ဆိုတော့ကား
မိမိတို့ဗုဒ္ဓဘာသာဝင်တွေရဲ့ သားသမီးတွေ ခေတ်ရောက်ရင် သူတို့လေးတွေကို
ငါးပါးသီလ၊ သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ပဋိစ္စသမုပ္ပါဒ် စတဲ့တရားတွေကို
ဘယ်သူက ပြောပြ ဟောပြပေးမှာလဲ။
ရှင်းပါတယ်။
အခုလောလောဆယ် မိမိတို့ရဲ့ သားသမီးလေးတွေနဲ့ ရွယ်တူဖြစ်နေတဲ့
ပရိယတ္တိစာသင်တိုက် အသီးသီးမှာရှိနေတဲ့
ကိုရင်လေးတွေ ဦးဇင်းလေးတွေက ပြောပြ ဟောပြပေးမှာပါ။
ဒါ့ကြောင့်မို့ ဘုရားရှင်ရဲ့တရားတော်တွေကို ပြန်လည်ဖောက်သည်ချပေးနေတဲ့ သံဃာထုအခန်းကဏ္ဍ ပြတ်မသွားအောင်၊ ဆက်လက်တည်တံ့အောင်
ဗုဒ္ဓဘာသာဝင်မိသားစုတွေအနေနဲ့ အသက်ငယ်ရွယ်တဲ့ကိုရင်လေးပင်ဖြစ်လင့်ကစား
“ဒီကိုရင်လေးဟာ ဒို့သားသမီးတွေကို ဗုဒ္ဓဘာသာတရားတော်တွေကို
ပြန်လည်ဟောကြားပေးမည့် ဆရာတော်ကြီးဖြစ်လာမှာပါလား” လို့နှလုံးသွင်းပြီး
ရိုသေစွာ ဆက်ဆံကာ ထောက်ပံ့မှုများ ပြုလုပ်သင့်ပါတယ်။
ဒါဟာ ဗုဒ္ဓဘာသာကမ္ဘာမြေပေါ်က ပျောက်ကွယ်မသွားအောင် ထောက်ပံ့တာနဲ့ အတူတူပါပဲ။
ဒါတွေကို ဘာလို့ဒီလောက်ရှည်ရှည်ဝေးဝေးကြီး ပြောနေရသလဲ၊ ရေးနေရသလဲဆိုရင်
သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ
ဗုဒ္ဓဘာသာမှာ ဘယ်လောက်အရေးပါတယ်ဆိုတာ သိစေချင်လို့ပါ။
ဗုဒ္ဓဘာသာ ဒီနေ့အထိရေရှည် တည်တံ့ပြန့်ပွါးနေတာဟာ
ဆရာတော်သံဃာတော်တွေရဲ့ လုံ့လအားကြောင့် ဆိုတာကို သိစေချင်လို့ပါ။
ဒါ့အပြင် ဗုဒ္ဓဘာသာဟာ မြန်မာလူမျိုး မြန်မာနိုင်ငံအပေါ်မှာ
အများကြီးလွှမ်းမိုးမှုရှိပါတယ်။
မြန်မာနိုင်ငံသားအများစုကို ဘာလူမျိုးလဲလို့မေးရင်တောင်
ဗုဒ္ဓဘာသာလူမျိုးလို့ဖြေတဲ့သူတွေကိုတောင် အများကြီးတွေ့ဘူး ကြားဘူးပါတယ်။
ရိုးရာ၊ ယဉ်ကျေးမှု၊ မြို့ပြအဆောက်အဦတွေမှာလည်း
ဗုဒ္ဓဘာသာအငွေ့အသက်တွေ လွှမ်းမိုးခံရတာပါဘဲ။
နောက်ဆုံးကုန်ကုန်ပြောရရင်
မြန်မာပြည်ယဉ်ကျေးမှုမှာ ဗုဒ္ဓဘာသာယဉ်ကျေးမှုကို ပယ်နှုတ်လိုက်ရင်
သုညယဉ်ကျေးမှုသာ ကျန်မှာပါ။
မြန်မာနဲ့ဗုဒ္ဓဘာသာ၊ မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာခွဲခြားလို့ မရပါဘူး။
ဒါ့ကြောင့် ဒို့ဘာသာဖြစ်တဲ့ ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးကို
ဒို့ဘာသာဝင်တွေက အဓိပ္ပါယ်ရှိရှိ၊ အနှစ်အသားပါပါ
ကိုးကွယ်ဆည်းကပ်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။


0 comments:
Post a Comment