* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 12, 2011

*ကိုယ့်တွက်ကိုယ်တာ ကျင့်ကြံပါ*

စကားလုံး တစ်လုံးချင်းကို ဖြည်းဖြည်းချင်းဖတ်ပြီး နှလုံးသွင်းကြည့်ဖို့ အကြံပြုပါရစေ။ နောက်ပြီး ဖတ်ရင်းနဲ့ ပြောင်မြောက်လှတဲ့ ဥပမာအလင်္ကာ အရေးအဖွဲ့တွေကိုလည်း တစ်ပါတည်း မှတ်သားကြည့်ကြရအောင်..။

ဆိုပိန့်ဟုတ်ရာ၊ စဉ်းစားပါလော့…၊ ခန္ဓာဘာရ၊ ပဉ္စကကား (= ခန္ဓာငါးပါးတည်းဟူသော ၀န်ထုပ် ၀န်ပိုးကြီးကား)၊ ယုယခင်မင်၊ စိန်ရွှေဆင်၍၊ ပြုပြင်ပိုက်ထွေး၊ နင်ကျွေးမွေးလည်း၊ အရေးမရောက်၊ သဲရေမှောက်သို့၊ နင့်နောက်မပါ၊ နင်လိုရာကို၊ ဘယ်ခါမလိုက်၊ နင့်အကြိုက်နှင့်၊ တိုက်ရိုက်ဖီလာ၊ ဆန့်ကျင်ပါခဲ့။

ရုပ်ဝါနုနယ်၊ ရှုစဖွယ်နှင့်၊ တင့်တယ်ရွှန်းစို၊ နင်လှလိုလည်း၊ အအိုစာရင်း၊ သူကသွင်း၏။

ဘေးကင်းရန်ကွာ၊ လွန်ချမ်းသာ၍၊ မနာရလို၊ တောင်းဆုဆိုလည်း၊ နင့်ကိုမညှာ၊ ဘေးရောဂါနှင့်၊ ခါခါမငဲ့၊ မိတ်ဆွေဖွဲ့၏။

နင်နဲ့တူညီ၊ ချစ်ကြိုးသီသား၊ ပလီပလာ၊ အပြစ်ကွာသည့်၊ ချစ်စွာမယား၊ သမီးသားနှင့်၊ စီးပွားဥစ္စာ၊ ဉာတကာကို၊ ဘယ်ခါမကွဲ၊ အတူတွဲ၍၊ အမြဲပြုံးချို၊ နင်ရလိုလည်း၊ နင့်ကိုမထောက်၊ နင့်နောက်မလိုက်၊ အပူတိုက်၍၊ နင်ဟိုက်နင်ခွေ၊ နင့်ကိုသေအောင်၊ ကျားမြွေခံတွင်း၊ အစာသွင်းသို့၊ သေမင်းလူ့လက်၊ ပဏ္ဏာဆက်၏။

လရက်နှစ်တွေ၊ အသင်္ချေနှင့်၊ လွန်လေဘ၀၊ အနန္တက၊ ဆုံးစမပိုင်၊ ယခုတိုင်အောင်၊ နိုင်နိုင်နင်းနင်း၊ ဉာဏ်မသွင်း၍၊ သေမင်းသူလျှို၊ ခန္ဓာကိုယ်ကို၊ မငြိုငြင်ရက်၊ စွဲလမ်းချက်ဖြင့်၊ မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့၊ အမြင်မဖြောင့်၊ ၀ိပလ်မှောင့်၍၊ တကြောင့်ကြကြ၊ ပြုခဲ့လှပြီ။ ဘုရားသာသနာ၊ ခုအခါ၌၊ ပညာစက္ခု၊ ဖန်ဖန်ရှုလော့။

ဥတုဂိမှန်၊ အချိန်တန်သော်၊ သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့။

သူငါကစ၊ ရှိသမျှလည်း၊ နေ့ညဥ့်မလပ်၊ အစဉ်စပ်လျက်၊ ဥပါဒ်-ဌီ-ဘင်၊ မပြတ်နှင်လျက်၊ ပျော်ရွှင်စရာ၊ မရှိပါဘဲ၊ ဖျားနာကိုက်ခဲ၊ ရောဂါစွဲ၍၊ သေပွဲသေတမ်း၊ သေစခန်းနှင့်၊ သေလမ်းသို့သာ၊ နီးကပ်လာ၏။

ငါငါတက်ကြွ၊ မာန်မာနနှင့်၊ လောဘဒေါသာ၊ အစဖြာသား၊ ယုတ်မာစွာလှ၊ အဓမ္မကို၊ ဝေးကမလာ၊ ကင်းရှင်းကွာအောင်၊ ခါခါမပွား၊ အပျင်းများမူ၊ လေးပါးပါယ်ရွာ၊ နင့်အိမ်သာဟု၊ စိတ်မှာစွဲကပ်၊ သတိချပ်လော့။

လူ့ရပ်နတ်ရွာ၊ ထက်ဗြဟ္မာနှင့်၊ မဟာသုခ၊ နိဗ္ဗာနသို့၊ ရှစ်ဝမဂ္ဂင်၊ သင်္ဘောယာဉ်ဖြင့်၊ ဆောလျင်ကပ်ခို၊ ရောက်ရလိုမူ၊ ထိုထိုပုည၊ ကုသလကို၊ နေ့ညမစဲ၊ လုံ့လသဲလော့။

ကြုံခဲလှစွာ၊ သာသနာနှင့်၊ နင့်မှာမရွေ့၊ ယခုတွေ့ပြီ၊ မေ့မေ့မူးမူး၊ နင်မရူးနှင့်၊ ဆီဦးထောပတ်၊ ရသာဓာတ်ကို၊ အမြတ်တစ်ခု၊ မှတ်မရှုဘဲ၊ ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့၊ အမြိုက်တရား၊ နင်ရှောင်ရှား၍၊ ငါးပါးအာရုံ၊ မစင်ပုံကို၊ စုံစုံမက်မက်၊ မနှစ်သက်နှင့်၊ ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်ဟု၊ ဉာဏ်ကျယ်သလောက်၊ အပြစ်ကောက်၍၊ တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့၊ တောင်ခေါင်းရိပ်မြှောင်၊ သင်္ခမ်းချောင်ဝယ်၊ တိမ်းရှောင်တစ်ကိုယ်၊ တော-တောဆို၍၊ မဂ်ဖိုလ်မနှောင်း၊ အရချောင်းမှ၊ အပေါင်းဒုက္ခ၊ ကင်းလွတ်ရဟု၊ ဗုဒ္ဓရွှေနှုတ်၊ ကြာကမုခ်မှ၊ လှစ်ထုတ်မြွက်ကြား၊ မိန့်တော်ထားသည်၊ နင့်ကားနင့်တွက် ကျင့်တော့တည်း။

လယ်တီဆရာတော်ဘုရားကြီး၏ ဆုံးမလွှာ
(ဖားအောက်တောရ ဆရာတော်ဘုရား၏ “စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး တရားဒေသနာတော်” စာအုပ် ကျောဖုံးမှ)

ခိုင်းနှိုင်းရေးဖွဲ့ထားသည့် တန်ဖိုးရှိစွာသော ဥပမာအလင်္ကာတွေက..

 အရေးမရောက်၊ သဲရေမှောက်သို့..
 ကျားမြွေခံတွင်း၊ အစာသွင်းသို့..
 မြိုင်နက်စွန်ဖျား၊ တောသစ်ကျားကို၊ မယ်ဘွားမိခင်၊ နွားငယ်ထင်သို့..
 သူရကန်ဝှေ့၊ အပူငွေ့ကြောင့်၊ ရေသွေ့ခန်းငြား၊ အိုင်ပက္ကားဝယ်၊ ကျက်စားနေကြ၊ ငါးမစ္ဆတို့၊ ရေကလည်းနဲ၊ သိန်းစွန်ဝဲ၍၊ ပျော်ပွဲမြူမျှ၊ ရှာမရဘဲ၊ သေကြဖို့သာ၊ နီးကပ်လာသို့..
 ရွာသူ့ဝက်မိုက်၊ မစင်ကြိုက်သို့..
 ထက်မြက်အဖျား၊ သင်တုန်းသွားဝယ်၊ ပျားသဖွယ်..
 တောင်ချောက်မြိုင်ကြား၊ သမင်များကို၊ သစ်ကျားပုန်းအောင်း၊ အရချောင်းသို့..

လေးစားရိုသေစွာဖြင့်
ဖိုးသား

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP