* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, July 12, 2011

မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်များမှ ကောက်နုတ်ချက် အချို့


ဤစိတ္တာနုပဿနာ (စိတ်ကို ရှုပုံရှုနည်း)နှင့် ပတ်သက်ပြီး မိုးကုတ်ဆရာတော်ဘုရားကြီး ကိုယ်တော်တိုင် ဟောပြောသော တရားတို့မှ ယူ၍ အကျဉ်းချူပ် ကောက်နုတ်ဖော်ပြပါမည်။ [မိုး(၂)နှာ-၄၅၆မှ။]

"ကမ္မဋ္ဌာန်းတွေကတော့ အစုံရှိတာပဲ၊ ဒါပေမယ့် ခင်ဗျားတို့နဲ့ အလျော်ဆုံးက ကိုယ့်စိတ်ကိုယ် ရှုတာအလျော်ဆုံး (မှန်ပါ) စိတ္တာနုပဿနာပေါ့" (မှန်ပါ)
* စိတ်ဆိုတာ ဖြစ်ပြီး ပျက်ပျက်သွားတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)*
အဲဒါကို သိတဲ့စိတ်က တစ်မျိုး၊ (မှန်ပါ)
ဘယ်နှစ်မျိုးတုံး (နှစ်မျိုးပါဘုရား)
ဒါဖြင့် ဖြစ်ပျက်ကို သိတယ်ဆိုပါတော့ (မှန်ပါ)။
ဒါဖြင့်ဖြစ်ပျက်က အသေ၊(မှန်ပါ)
မဂ်က အရှင် (မှန်ပါ)
သူက နောက်မှ ပေါ်ရတာကိုး(မှန်ပါ)
ဒါဖြင့် အသေကို အရှင်နဲ့ သိပေးတယ် (မှန်ပါ)
ဒါ- ၀ိပဿနာပဲ၊(မှန်ပါဘုရား)
အသေကို အရှင်နဲ့သိတာ ဘာခေါ်မယ်(၀ိပဿနာပါဘုရား)
ဟော ...ဒီလိုဆိုတော့ ဒကာ-ဒကာမတို့ ... ၀ိပဿနာဆိုတာ အလွယ်ကလေးပါလား (မှန်ပါဘုရား)။
အသေကို အရှင်နဲ့ သိရင် ဒါ ၀ိပဿနာဖြစ်နေပြီ၊ စာလို သုံနှုန်းနေလို့ အဟန့်ကြီးပြီးတော့ ခင်ဗျားတို့က နားယောင်နေတာ(မှန်ပါ)။
တကယ်တော့ ကိုယ့်အသေကို ကိုယ့်အရှင်စိတ်နဲ့ သိရင် ပြီးတာပဲ (မှန်ပါဘုရား)
ကြည့်ပါ ဒီအထဲမှာ စိတ်ကလေးတစ်ခု ပေါ်လာတယ်၊ စိတ်အသက်က ၁ နှင့် ၂ ပဲရှိတယ်၊ ၁ ဆိုယင် ဖြစ်တယ်၊ ၂ - ဆိုရင် ပျက်တယ် (မှန်ပါ)။
အဲဒါလေးကို နောက်သိလုံးကလေးနဲ့ နောက်စိတ်နဲ့ သိပေးလိုက်တာပေါ့ (မှန်ပါ)
နောက်စိတ်နဲ့ အသက်ရှင် နေတယ် (မှန်ပါ)
ဒီရှေ့စိတ်က သေသွားပြီကိုး (မှန်ပါ) လူတစ်ယောက်သေသွားပြီ၊ မောင်ဘအေးဖြင့် မောင်ဘအေးတစ်ယောက် သေသွားပြီ၊ ကိုသန်းမောင်ဖြင့် ကိုသန်းမောင် တစ်ယောက် သေသွားပြီ (မှန်ပါ)။
ကမ္မဋ္ဌာန်းကျောင်းက ဒီမှာပဲ
* အသေဟာ ဘာသစ္စာ ခေါ်ကြမလဲ (ဒုက္ခသစ္စာပါ) –*
အသိက (မဂ္ဂသစ္စာပါ) –
ကိုယ့်ဉာဏ်နဲ့ ကိုယ့်အသေကို သိတာ ၀ိပဿနာခေါ်တယ် (မှန်ပါ)၊
ပေါ်ကြပလား (ပေါ်ပါပြီ ဘုရား)
ကိုင်း... ၀ိပဿနာဆိုတာ အသေကို အရှင်နဲ့ ကြည့်တာလို့မှတ် (မှန်ပါ)၊
ဝိပဿနာဆိုတာ(အသေကို အရှင်နဲ့ကြည့်တာပါဘုရား)
ခင်ဗျားတို့က တောကျောင်း၊ တောင်ကျောင်းသွားပြီး ရှုမှ ၀ိပဿနာ ထင်ကြတာကိုး၊ မဟုတ်ပါဘူးတဲ့၊ (မှန်ပါဘုရား)
တောမထွက်ချင်အောင်လို့ ဘုန်းကြီးက ဟောနေတာလို့ မထင်လိုက်ကြပါနဲ့၊ ခင်ဗျားတို့ လူစုတွေက ထွက်မှာလဲ မဟုတ်ပါဘူး (မှန်ပါဘုရား)

ကဲ... လိုရင်းကတော့ ကိုယ့်အသေ ကိုယ်သိနေရင် ပြီးတာပါပဲ၊ တောထဲ သွားနေပေမယ့်လို့ မြို့စိတ် ပေါက်နေမယ်၊ ရွာစိတ် ရောက်နေမယ် ဆိုရင် အလကားပါပဲ၊ ကိုယ့်အသေ ကိုယ်မရှုဘူး၊ မမြင်ဘူးဆိုရင် အလကားပါပဲ (မှန်ပါဘုရား)

တောကျောင်း တောင်ကျောင်း ဆိုတာတွေက သမထအတွက် ဟောတာ၊ (မှန်ပါ)
သမထက တိတ်ဆိတ်ဖို့ လိုအပ်တယ် (မှန်ပါ) ဒါက သုတ္တန်နည်း။

ဝိပဿနာ အတွက်ကတော့ လှေကားခုံက ခြေတစ်လှမ်း ဆင်းရင် တောကျောင်း တောင်ကျောင်းပဲ - တဲ့၊ ဒါက အဘိဓမ္မာနည်း၊ (မှန်ပါဘုရား)

ဝိပဿနာ အတွက်ကတော့ မြင်စိတ၊် ကြားစိတ်၊ နံစိတ်၊ စားစိတ် စတဲ့ စိတ်တွေကို ရှုတာ ဆိုတော့ နေရာ မရွေးဘူး၊ (မှန်ပါ)
ဘယ်နေရာမှာ ရှုရှု - ရတာပေါ့ (မှန်ပါဘုရား)။

စိတ်ရှု ရမှာမဟုတ်၊ အပျက် ရှုရမှာ

*ဒကာ-ဒကာမတို့ "ကိုယ့်စိတ် ကိုယ်ရှုပါ "ဆိုတာ "ကိုယ့်စိတ် - ကိုယ်သိပါ" လို့ပြောတာ (မှန်ပါ)
"ကိုယ်စိတ်" ဆိုတာရယ် "ကိုယ်သိ" ဆိုတာရယ် ၂-စိတ် (မှန်ပါ)၊
စိတ်-စိတ် ချင်း ရှုရမယ့်ကိစ္စ၊ အရေးကြီးတယ် (မှန်ပါဘုရား)

"စိတ် - စိတ်ချင်းရှု" ဆိုပေမယ့် တကယ်တော့ ရှုတဲ့စိတ် ပေါ်တဲ့အချိန်မှာ အရှုခံစိတ်က မရှိတော့ပါဘူး (မှန်ပါ) ဘာပြုလို့လဲ ဆိုတော့ တစ်ချိန်တည်းမှာ ၂ - စိတ် ပြိုင်၍ အသက်ရှင်ရိုး ထုံးစံ မရှိလို့ပါပဲ (မှန်ပါ)
"ဧကစိတ္တ သမာယုတ္တာ"ဆိုတဲ့အတိုင်း တစ်ချိန်မှာ တစ်စိတ်စီနဲ့သာ အသက်ရှင်ရတာ မဟုတ်လား(မှန်ပါဘုရား)

အဲဒီတော့ "ကိုယ့်စိတ် ကိုယ်သိပါ" ဆိုပေမယ့် တကယ်တော့ စိတ်ကို သိရမှာ မဟုတ်ဘူး၊ အပျက်ကို သိရမှာ (မှန်ပါဘုရား)
စိတ်ကိုသိရမှာလား၊ စိတ်ရဲ့ အပျက်ကို သိရမှာလား (စိတ်ရဲ့ အပျက်ကို သိရမှာပါ ဘုရား)
အေး... ဟုတ်တယ်။

ဒါဖြင့် အရှုခံစိတ်ကလေးက အပျက်၊ ဒီဘက် ရှုဉာဏ်စိတ်ကလေးက မဂ်၊ အဲလိုသွားကိုက်တယ် (မှန်ပါဘုရား) ဒါကလေးတွေက တော်တော် အရေးကြီးတဲ့ အချက်လေးတွေနော် (မှန်ပါဘုရား)

ခင်ဗျားတို့ကတော့ ထင်မယ်၊ ဘုရားက " စိတ္တာနုပဿနာ" လို့ဟောတော့ စိတ်ကို အရှုခိုင်းတယ်လို့ ထင်ကြမှာ၊ (မှန်ပါ)
ဘယ်ဟုတ်လိမ့်မှာလဲ၊ စိတ်ကို အရှုခိုင်းတာ မဟုတ်ဘူး၊ " စိတ်၏ ပျက်မှုကို ရှုပါ" - လို့ပြောတာ၊ (မှန်ပါဘုရား)

အေး... "သမုဒယဓမ္မာနုပဿီဝါ၊ ၀ယဓမ္မာနုပဿီဝါ" ဆိုတာတွေ လာလိမ့်မယ်၊ အဲဒါတွေ နောက်တော့ ပြောမယ်။ ထပ်မံပြောဦးမယ်၊ စိတ်ကို အရှုခိုင်းတာ မဟုတ်၊ စိတ်၏ မရှိမှုကို ရှုခိုင်းတာ (မှန်ပါဘုရား)
ရှုတဲ့အချိန်မှာ မရှိတာဘဲ တွေ့ရမယ် (မှန်ပါ)
ရှိပြီးမှ မရှိဘဲ ဖြစ်သွားတဲ့ သဘောကို တွေ့ရမှာ (မှန်ပါ)
စောစောက ဒီနား ရှိတယ်၊ အခုမရှိတော့ဘူး၊ အဲဒီသဘောကို တွေ့ရမှာ (မှန်ပါဘုရား)

ရှိတာ ရှုနေလို့ရှိရင် ခိုင်တာမြဲတာ ရှုနေသာကြောင့် သဿတဒိဋ္ဌိ ဖြစ်တယ်၊ (မှန်ပါ)
မရှိတာ ရှုမှ သာလျှင် သဿတဒိဋ္ဌိက လွတ်တယ်(မှန်ပါဘုရား)

ဒါဖြင့် ဒကာ/ဒကာမတို့ "အသေကို အရှင်နဲ့ရှုပါ" ဆိုတာ အမှန်ဆုံးပဲ (မှန်ပါ)
ဘာပြုလို့လဲ ဆိုတော့ တစ်ခု သေပြီးမှ တစ်ခု ဖြစ်ရမှာကိုး (မှန်ပါ)

ခင်ဗျားတို့က "စိတ်ကို အရှုခိုင်းတယ်" ဆိုပြီး "ကျုပ်ကတော့ စိတ်တွေလာတိုင်း ရှုနေတာပဲ"ဆိုရင် ဒါ ၀ိပဿနာ မဟုတ်ဘူး ၊ ၀ိပဿနာ အပါးမ၀သေးဘူး၊ ဆရာ ကရင် လိုနေမယ်၊ ကိုယ် ကရင်လည်း လိုနေမယ်၊ (မှန်ပါဘုရား)

စိတ်က တစ်ချိန်တည်းမှာ ၂ - ခု ပြိုင်၍ ပေါ်ကောင်းရဲ့လား? (မပေါ်ကောင်းပါ) ဒါကြောင့် ရှေ့စိတ်ကို နောက်စိတ်နဲ့ မြင်လို့ မရနိုင်ဘူး၊ (မှန်ပါ)
ရှေ့စိတ်အပျက်ကိုသာ နောက်စိတ်နဲ့ မြင်လို့ရနိုင်မယ် (မှန်ပါဘုရား)

ရှေ့က ပထမစိတ် ပျက်ပြီးမှ နောက်က ဒုတိယစိတ် ပေါ်နိုင်မယ် (မှန်ပါ)
ပထမစိတ်က အသေ၊ ဒုတိယစိတ်က ရှင်ဆဲပါ (မှန်ပါ)
အသေကို ရှင်တဲ့စိတ်နဲ့ ရှု၊ ရှင်တဲ့စိတ်ထဲမှာ ဉာဏ်ပါတယ် (မှန်ပါ)၊
အသေကို ဘာနဲ့ရှုမယ် (အရှင်နဲ့ရှုပါမယ်)
အဲဒါမှ ၀ိပဿနာအစစ်ပါ (မှန်ပါဘုရား)

အပျက်မပါဘဲနဲ့ စိတ်သက်သက်ကိုသာ ရှုနေရင် ၀ိပဿနာအစစ် မဟုတ်သေးဘူး၊ ဖြစ်လဲ မဖြစ်နိုင်ဘူး(မှန်ပါ) ဘာလို့လဲဆိုတော့ နောက်က ရှုတဲ့စိတ် ပေါ်တဲ့ အချိန်မှာ ရှေ့ကစိတ်က ရှိမှ မရှိနိုင်ဘဲ (မှန်ပါဘုရား) ပျက်သွားရပြီ၊ ပျက်သွားပြီးမှသာ နောက်က စိတ်ပေါ်နိုင်ခွင့် ရတာကိုး (မှန်ပါဘုရား)

သမုဒယ - ၀ယဓမ္မာနုပဿီဝါ
"စိတ္တာနုပဿနာ= စိတ်ရှုတယ်" ဆိုတာ အပြောကတော့ ပြေချင် ပြောပေါ့၊ ဒါပေမယ့် အမှန်စင်စစ် ကတော့ "ကိုယ့်အသေကို အရှင်နဲ့ ရှုတာပါ" ဒါမှ အမှန်ဗျ (မှန်ပါဘုရား)

ဝိပဿနာဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ကြည့်တာပါ)
အသေ မတွေ့သေးလို့ရှိရင်လည်း အနိစ္စမတွေ့သေးဘူး၊ (မှန်ပါ)
ဒါကြောင့် ၀ိပဿနာဆိုတာ (အသေကို အရှင်နဲ့ ကြည့်တာပါဘုရား)
အေး...
စိတ္တာနုပဿနာလား၊ အသေကို အရှင်နဲ့ ကြည့်တာလား? (အသေကို အရှင်နဲ့ ကြည့်တာပါ ဘုရား)
ဝေဒနာနုပဿနာလား၊ အသေကို အရှင်နဲ့ ကြည့်တာလား၊ (အသေကို အရှင်နဲ့ကြည့်တာပါ ဘုရား)
ဒါမှ လမ်းမှန် ကျတယ် (မှန်ပါဘုရား)

ဒါဖြင့် စိတ် ရှု... ရှု၊ ဝေဒနာ ရှု... ရှု၊ ရုပ် ရှု... ရှု၊ အပျက်ကို မြင်စေရမယ်လို့ ပြောတာ(မှန်ပါဘုရား)
ဒါဟာ ဘုရားဟော အထောက်အထား ရှိလို့ပြောတာ (မှန်ပါ)

*"သမုဒယဓမ္မာနုပဿီဝါ ၀ယဓမ္မာနုပဿီဝါ စိတ္တသ္မိ'ံ ၀ိဟရတိ" -တဲ့၊ မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးမှာ ပါတယ်၊ မြတ်စွာဘုရား ဟောထားတာ (မှန်ပါ)

သမုဒယ - ဆိုတာ ဖြစ်တာ၊ မွေးလာတာ၊ (မှန်ပါ)
ဝယ - ဆိုတာ ပျက်တာ၊ သေတာပေါ့ (မှန်ပါ)
အဲဒီ မွေးလာပြီး သေသွားလိုက်၊ မွေးလာပြီး သေသွားလိုက်တွေကို ရှုရမှာ၊ ဉာဏ်နဲ့ ရှုရမှာ (မှန်ပါဘုရား)

ပြောနေကျ စကားလုံးနဲ့ ပြောရရင်တော့ ဖြစ်လာပြီး ပျက်သွားလိုက်၊ ဖြစ်လာပြီး ပျက်သွားလိုက်၊ အတိုကောက် "ဖြစ် - ပျက်" ပေါ့၊ အဲဒါတွေကို ဉာဏ်နဲ့ ရှုရမှာ (မှန်ပါဘုရား)

မဟာသတိပဋ္ဌာန် ပါဠိတော်ကြီးထဲမှာ ဘုရားရှင် ကိုယ်တော်မြတ်ကြီးက အတိအလင်း ဟောထားတာပဲ (မှန်ပါ) "သမုဒယ - ၀ယ" မွေးလာပြီး သေသွားတာကို မြင်အောင် ကြည့်ရမယ် ဆိုတာလေ (မှန်ပါ)
အဲဒီထိအောင် သွားရမှာ၊ အဲဒီကျတော့မှ ၀ိပဿနာ ဖြစ်တာ (မှန်ပါ)

ခုတော့ မဟုတ်ဘူး၊ ခင်ဗျားတို့က စာကို ရှေ့ပိုင်းတွင်ပဲ ဖတ်ပြီး ရှေ့ပိုင်းတွင်ပဲ ပြောနေကြတာ၊ ဒီနောက်ပိုင်း (သမုဒယဓမ္မာနုပဿီဝါ - ၀ယဓမ္မာနုပဿီဝါ) ထိအောင် လာရမှာ(မှန်ပါဘုရား )

ကဲ...ဒါဖြင့် ပြန်မေးမယ်၊ ၀ိပဿနာဆိုတာ ဘာပါလိမ့် (အသေကို အရှင်နဲ့ ရှုတာပါဘုရား)
ဟုတ်တယ်၊ အရှင် - အရှင်ချင်း ကြည့်လို့ ဖြစ်မလား (မဖြစ်ပါ ဘုရား)
အေး... မြဲမြဲမှတ်ထားကြ၊ (မှန်ပါဘုရား) [မိုး(၂)နှာ-၄၆၇။]

စိတ္တာနုပဿနာရှုပွားနည်း အကျဉ်းဖော်ပြချက်

၁။ မြင်စိတ်၊ ကြားစိတ်၊ နံစိတ်၊ စားစိတ်၊ ယားနာကောင်းစိတ် (အပြင်ဧည့်သည်စိတ် (၅)ခု။

၂။ လောစိတ်၊ ဒေါသစိတ်၊ မောဟစိတ်၊ အလောဘစိတ်၊ အဒေါသစိတ်၊ တွေးတောစိတ် (အတွင်းဧည့်သည်စိတ် (၆)ခု)။

၃။ လေကို ထုတ်ယူသောစိတ်၊ လေကို သွင်းယူသောစိတ် (အိမ်သည်စိတ် (၂)ခု)။

ရှုပွားပုံရှုပွားနည်းစနစ်မှာ - အိမ်သည်စိတ်(၂) ခုကို အရင်းခံထား၍ မည်သည့်စိတ် ပေါ်ပေါ်၊ ပေါ်တိုင်း ပေါ်တိုင်း ဖြစ်ပျက် မလွတ်အောင် ရှုရမည် ဖြစ်သည်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP