* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Wednesday, June 22, 2011

ရှင်တော်ဟောကြားဓမ္မစကားတော်များ(ဗြဟ္မဏ၀ဂ္ဂ)

ဆောင်းပါးအမှတ်စဉ်(၂၆) အပိုင်းတစ်

ဤ၀ဂ်ကို အပိုင်းသုံးပိုင်းခွဲ၍ စာရေးသူသည် ရေးမည်ဖြစ်ပါသည်။ အကြောင်းမှာ နောက်ဆုံး ၀ဂ်ဖြစ်သဖြင့် နိဂုံပိုင်းနှင့်တွဲပြီးရေးသားလိုခြင်း၊ ဤ၀ဂ်တွင် ၀တ္ထုပေါင်းလေးဆယ်ပါသဖြင့် အခြားသောနှစ် ဆယ့်ငါးဝဂ်ထက် ရှည်လျားနေခြင်း၊ သမဏနှင့် ဗြာဟ္မဏအုပ်စုကြီး နှစ်ခုရှိရာတွင် ဤ၀ဂ်ကို ဗြာဟ္မဏဟု အမည်ပေးသည်မှာ ထူးခြားနေခြင်း၊ဗြဟ္မဏနှင့်ဗြာဟ္မဏဟူ၍ဗြသဒ္ဒါတွင်ရေးချပါသည့်ပုဒ်၊ မပါသည့် ပုဒ်နှစ် ခုရှိရာတွင် ပုဏ္ဏားဟုမြန်မာပြန်ဆိုသည့်နေရာတွင် ပုဒ်နှစ်ခု စလုံးကိုပင် သုံးစွဲနေခြင်း၊ ထိုရေးချပါ သည့်ဗြာ ဟ္မဏပုဒ်ကိုပင် ဗုဒ္ဓသာသနာတော်က ရဟန္တာဟုမြန်မာပြန်ဆိုပြီး အသံထွက်တူ၊ ပုဒ်တူ အဓိပ္ပါယ်မတူ ထူးခြားဖြင့် သုံးစွဲနေသည်ကိုတွေ့ရခြင်းဖြစ်ပေရာ ဤ၀ဂ်သည် ထူးခြားသောဝဂ်ဖြစ်ပါသည်။ အထူးအနေဖြင့် ဓမ္မပဒအဋ္ဌကထာကို ဖတ်ရှုပြီး ကျင့်ကြံအားထုတ်ပါက ရဟန္တာအဖြစ်သို့ရောက်နိုင်စေခြင်းဟူသော အဋ္ဌကထာဆရာ၏နှလုံးသွင်းကြောင့်ပင် ဤ၀ဂ်ကိုနောက်ဆုံးတွင် ထားခြင်းပေလောဟူသော အတွေး ကိုဖြစ်စေခြင်းကပင် အပိုင်းသုံးပိုင်းခွဲပြီးရေးလိုစိတ်ဖြစ်ပေသည်။ ပထမအပိုင်းတွင်ဗြာဟ္မဏဟူသော စကား လုံးနှင့် ပုဏ္ဏားဟု ဘာသာပြန်ခြင်း၊ ရဟန္တာဟုဘာသာပြန်ခြင်းကို စေ့ငုစွာတင်ပြလိုပါသည်။ အပိုင်းနှစ်တွင်မူ ဤ၀ဂ်တွင်ပါသော ၀တ္ထုများ၏ လိုရင်းအဓိပ္ပါယ်ကို တိုတိုကျဉ်းကျဉ်းနှင့် သိစေမည့် အဓိက အချက် ကိုဖေါ်ပြခြင်း၊ နောက်ဆုံးပိုင်းတွင်မူ ၀တ္ထုအချို့နှင့် အဋ္ဌကထာဆရာ၏ နိဂုံးပိုင်းကို ဖေါ်ပြပါမည်။ ဤနည်းဖြင့် ပါဠိတော် စာမျက်နှာ ၂၀ခန့်ကို အဋ္ဌကထာဆရာက စာမျက်နှာ တစ်ထောင်နီးပါးသုံးပြီး ပါဠိဘာသာဖြင့် ဖွင့်ဆိုပါသည်၊ စာရေးသူက စာမျက်နှာ (၁၇၅) ခန့် အခန်းဆက်ဆောင်းပါးရေးပြီးမြန်မာဘာသာဖြင့် စာရေးသူက သိစေပါသည်။

၁။ ဗြဟ္မဗန္ဓု၊ ဗြဟ္မုနောဗန္ဓု၊ ဗြဟ္မာဗန္ဓုယဿာတိ ဗြဟ္မဗန္ဓု။( ပုဏ္ဏားဟူသည် ဗြဟ္မာမင်း၏ မိတ်ဆွေများ) ၂။ ကုလာစာရဗြာဟ္မဏဘာ၀၀သေန ဒွိက္ခုတ္တုံ ဇာတတ္တာ ဒွိဇော။ ( ပုဏ္ဏားဟူသည် အမျိုးဇာတ်ပုဏ္ဏား၊ အကျင့် စဉ်ပုဏ္ဏား) ၃။ ၀ိပ္ပေါ၊ ၀ပိသ္မာပေါ။ ၄။ဗြဟ္မာဗြဟ္မုနော အပစ္စံဗြဟ္မာ၊ဗြာဟ္မဏောစ။ (ပုဏ္ဏား ဟူသည်ဗြဟ္မာ မင်း၏ သားများ) ၅။ဘောဝါဒီဗြဟ္မဏောဘောဘောတိ ၀စနံ ၀ဒတိ သီလေနာတိဘောဝါဒီဗြဟ္မဏော။ (ပုဏ္ဏားဟူသည်ဘောဘောဟု ဆိုတတ်သူများ) ၆။သောတ္တိယော ဆန္ဒသောသောထ၊ (ပုဏ္ဏားဟူသည် ဆန်း ကျမ်းနှင့် ဗေဒင်ရွတ်ဖတ်သူများ)

၁။ အဂုင်္တ္တရနိကာယ၊ တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ပထမနှင့် ဒုတိယဒွေဗြာဟ္မဏသုတ် နှင့် အညတရဗြဟ္မဏသုတ် များရှိပါသည်၊ အသက်ကြီးသူများဖြစ်ပြီး ကုသိုလ် မလုပ်ရသေးဖြင့် အကြံဥာဏ်ေ တာင်းခံခြင်းဖြစ်ပါသည်။ အဂုၤတၱရနိကာယ၊ ပ၊ တိကနိပါတ ၁၅၄။ ဤဗြဟ္မဏ၀ဂ်တွင် ပုဏ္ဏားနှင့်စပ် သည့်သုတ် ပေါင်းဆယ်ခုရှိပါသည်။

၂။ အဂုင်္တ္တရနိကာယ၊ စတုက္ကနိပါတပုဏ္ဏား (ဗြာဟ္မဏ) နှင့်စပ်သည့် သုတ်ပေါင်းငါးသုတ်ခန့် တွေ့ရပါသည်။ အဂုင်္တ္တရနိကာယ၊ပဉ္စကနိပါတ၊ဗြဟ္မဏ၀ဂ်တွင် သုတ်ပေါင်းဆယ်ခုရှိရာတွင် ငါးခုမှာဗြဟ္မဏများ အကြော င်းဖြစ်ပါသည်၊သောဏပုဏ္ဏား၊ဒေါနပုဏ္ဏား၊သင်္ဂါရ၀ပုဏ္ဏား၊ကာရဏပါလီပုဏ္ဏား၊ ပိင်္ဂိယာနီပုဏ္ဏား တို့ငါး ဦးဖြစ်ကြပါသည်။သောဏပုဏ္ဏားကိုရှေးပုဏ္ဏားတို့၏အကျင့်ငါးမျိုးကိုဘုရားရှင်က ပြောပြပြီး ဗြဟ္မာနှင့်တူသော ပုဏ္ဏား၊ နတ်နှင့်တူသော ပုဏ္ဏား စသည့်ငါးမျိုးသရုပ်ကိုဒေါနပုဏ္ဏားအား ဘုရားရှင်က ဟောပြပါသည်။ သင်္ဂါရ၀ပုဏ္ဏားကမူ ရွတ်ဖတ်လျက်ပင် မန္တာန်များ မေ့ရခြင်းအကြောင်းကို လျောက်တားသဖြင့် ဖြေဆိုပြရပြီး ကာရဏပါလီပုဏ္ဏားကမူ မေးခွန်းများကို မေးပါ သည်။ ပိင်္ဂိယာနီပုဏ္ဏားကို အကြေင်းပြု၍မူ ရခဲသော ပုဂ္ဂိုလ်များအကြောင်းကို ဟောပြတော်မူပါသည်။

၃။ အဂုင်္တ္တရနိကာယ၊ ဆက္က၊ သတ္တက၊ အဋ္ဌက၊ န၀ကနှင့် ဧကာဒသက နိပါတတို့တွင်မူ ဗြဟ္မဏ၀ဂ်ဟူ၍ သီးသန့် မတွေ့ရပေ။ သို့သော် ခတ္တိယသုတ်၊ ဓမ္မိကဝဂ်၊ ဆက္ကနိပါတ်၊ အင်္ဂုတ္တိုရ် ပါဠိတော်လာ ပုဏ္ဏားနှင့် ဗုဒ္ဓမြတ်စွာဘုရားအမေးအဖြေတွင်(ရှင်ဘုရင်)တို့သည်ဘယ်ကိုအလိုရှိကုန်သနည်း၊အဘယ်အလို့ငှါ လေ့လာကုန်သနည်း၊ အဘယ်လျှင်တည်ရာရှိကုန်သနည်း၊အဘယ်ကို နှလုံးသွင်းကုန်သနည်း၊အဘယ်လျှင်အဆုံးရှိကုန်သနည်းဟု လျှောက်၏။

မင်း(ရှင်ဘုရင်)တို့သည် စည်းစိမ်ကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏၊ ဗိုလ်ပါ အပေါင်းလျှင် တည်ရာရှိကုန်၏၊ရေမြေကို အစိုးရခြင်းကျိုနှလုံသွင်းကုန်၏၊ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏။ တူညီသောမေးခွန်းကိုပင် ပုဏ္ဏားအတွက်မူ ပုဏ္ဏားတို့သည် စည်းစိမ်ကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏မန္တာန်လျှင်တည်ရာရှိကုန်၏၊ယဇ်ပူ ဇော်ခြင်းကို နှလုံးသွင်းကုန်၏၊ ဗြဟ္ဗာ့ဘုံသို့ ရောက်ခြင်းလျှင်အဆုံးရှိကုန်၏။ သူကြွယ်တို့အတွက်မူ စည်းစိမ်ဥစ္စာကို အလိုရှိကုန်၏၊ ပညာအလို့ငှါ လေ့လာကုန်၏၊ အတတ်ပညာလျှင် တည်ရာရှိကုန်၏၊ အလုပ်ကိစ္စကိုနှလုံးသွင်းကုန်၏၊ ပြီးဆုံးပြီးသော အလုပ်ကိစ္စလျှင် အဆုံးရှိကုန်၏။ မိန်းမတို့အတွက် အဖြေမှာမူ မိန်းမတို့သည် ယောက်ျားကိုအလိုရှိကုန်၏၊တန်ဆာဆင်ခြင်းငှါ လေ့လာကုန်၏၊ သားလျှင် တည်ရာရှိကုန်၏၊ လင်တူမယား မရှိမူကိုနှလုံးသွင်းကုန်၏၊ အစိုးရခြင်းလျှင် အဆုံးရှိကုန်၏ဟု မိန့်တော်မူ၏၊ ခိုးသူတို့အတွက်မှာမူ ခိုးသူတို့သည် သူတစ်ပါးဥစ္စာ ပစ္စည်းကို ယူခြင်းကို အလိုရှိကုန်၏၊ ပုန်းအောင်းရန်အလို့ငှါလေ့လာကုန်၏၊ လက်နက်လျှင် တည်ရာရှိကုန်၏၊ အမိုက်မှောင်ကို နှလုံးသွင်း ကုန်၏၊ ဥစ္စာရှင်တို့ မမြင်ရခြင်းလျှင် အဆုံးရှိကုန်၏။ ရဟန်းတို့အတွက် အဖြေသည်လည်း သည်းခံမှု သီလစင်ကြယ်မှုကို အလိုရှိကုန်၏၊ ပညာအလို့ငှါလေ့လာကုန်၏၊ သီလလျှင် တည်ရာရှိကုန်၏၊ကြောင့်ကြ မရှိမှုကို နှလုံးသွင်းကုန်၏၊ နိဗ္ဗာန်လျှင် အဆုံးရှိကုန်၏။

ဒေသနာအဆုံးတွင် ပုဏ္ဏားက အသျှင်ဂေါတမ အံ့ဖွယ် ရှိပါပေစွ၊ အသျှင်ဂေါတမ မဖြစ်ဘူးမြဲ ဖြစ်ပါပေစွ၊ အသျှင်ဂေါတမသည် မင်းတို့၏ အလိုကို လည်းကောင်း၊လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊နှလုံးသွင်းကို လည်းကောင်း၊အဆုံးကိုလည်းကောင်းသိတော်မူပါပေ၏။အသျှင် ဂေါတမသည် ပုဏ္ဏား၊ သူကြွယ်၊ မိန်းမ၊ ခိုးသူ၊ ရဟန်းတို့၏ အလိုကိုလည်းကောင်း၊ လေ့လာရာကို လည်းကောင်း၊ တည်ရာကို လည်းကောင်း၊နှလုံးသွင်းကို လည်းကောင်၊ အဆုံးကို လည်းကောင်း သိတော်မူပါပေ၏။ အသျှင်ဂေါတမ တရားတော်သည် အလွန်နှစ်သက်ဖွယ် ရှိပါပေ၏။ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်တတ်သူ 'ဥပါသကာ'ဟူ၍ မှတ်တော်မူပါဟုလျှောက်၏။ အဂုင်္တ္တရနိကာယ၊ ဒသကနိပါတတွင်လည်းဗြဟ္မဏ၀ဂ်ကို သီးသန့် မတွေ့ ရသော်လည်း ဇာဏုေဿာဏိပုဏ္ဏား အကြောင်းပါရှိပါသည်။

ဒီဃနိကာယ၊ သီလက္ခန္ဓ၀ဂ်တွင်ရှိသော တစ်ဆယ့်သုံးသုတ်တွင်မူ (၇) သုတ်မှာပုဏ္ဏား အ ကြောင်းဖြစ်ပြီး မဟာဝဂ်တွင်ရှိသည့် ဆယ်သုတ်တွင်မူ ပုဏ္ဏားအကြောင်း မရှိပေ။ သို့သော် ပါထိက တွင်ရှိသည့် တစ်ဆယ့်တစ်သုတ်တွင်မူ တစ်သုတ်မှာပုဏ္ဏားအကြောင်းပါရှိပါသည်။

မစ္ဇျိမနိကာယ၊ မူလပဏ္ဏာသတွင် ပုဏ္ဏားအကြောင်းကို မတွေ့ရသော်လည်း မစ္ဇျိမပဏ္ဏာသတွင် မူ ဗြဟ္မဏ၀ဂ်သီးသန့် ပါရှိပါသည်။ ဗြဟ္မာယု၊ သေလ၊ အဿလာယန၊ ဃောဋမုခ၊ စကီ င်္၊ ဧသုကာရီ၊ ဓ နဉ္စာနီ၊ ၀ါသေဋ္ဌ၊ သုဘ နှင့် သင်္ဂါရ၀တို့ဖြစ်ကြပါသည်။ ဥပရိပဏ္ဏသတွင်လည်း ဗြဟ္မဏ၀ဂ် မပါရှိပေ။ ဤသို့ အားဖြင့် ပုဏ္ဏးနှင့် စပ်သော သာသနာတော်ဆိုင်ရာကျမ်းများက များလှပေသဖြင့် လျစ်လျူရှုရပါတော့မည်။

သာသနာတော် ကျမ်းများ၌ ပုဏ္ဏား ဆယ်မျိုးကွဲ၍ သက္ကတ ကျမ်းများ၌ ပုဏ္ဏား လေးမျိုး ကွဲလေသည်။ သက္ကတကျမ်းများအရ မင်းမှီစိုးကပ်ခြင်း မပြု ၊ ကုန်စည်မသွယ် ၊ လယ်ယာမလုပ်၊အစေ အပါးမခံ ၊ အလှူခံခြင်း ဟောပြောခြင်းဖြင့်သာ အသက်မွေးသော ဗြဟ္မဏ ပုဏ္ဏားမျိုး ၊ မင်းမှီစိုးကပ် သူရဲသူခက် အလုပ်ဖြင့်အသက်မွေးသောခေတြပုဏ္ဏားမျိုးလယ်ယာလုပ်ဆောင်ခြင်း၊ကုန်သွယ်ခြင်းဖြင့်အသက်မွေးသော ဗိသျှပုဏ္ဏားမျိုး နှင့် အစေအပါးခံ၍ အသက်မွေးသော သုဒြပုဏ္ဏားမျိုး ဟူ၍ လေးမျိုး ခွဲထားလေသည်။

မဃဒေ၀ (၂၇၁ ပိုဒ်၌) "အာနိသံသာ၊ ထူးဂုဏ်ဝါနှင့်၊ သိက္ခာကျင့်ဝတ်၊ တင်ဆောင်မှတ်သည်၊ မျိုးဇာတ်စင်ကြယ်၊ ဆင်စလွယ်လည်း၊ ကိုးသွယ် ဗြာဟ္မဏ၊ ခြောက် ခတြနှင့်၊ ဗိသျှသုံးမူ၊ သုဒြမူကား၊ မတူ လက္ခဏာ၊ မတင်ရာတည့်" ဟုမိန့်ဆိုထားလေသည်။ ပုဏ္ဏားမျိုး ၉-ပါး၎င်း သရုပ် အဓိပ္ပါယ်ကို ဓမ္မသတ်ကျမ်းမှ ယူသည်။ (၁) မယားမနေ ဥစ္စာမစု တော၌နေ၍ အလှူခံစားသော 'ဗြဟ္မစာရီ' ပုဏ္ဏားမျိုး၊ (၂) အိမ်ထောင် မယားသားနေ၍ သူ့အလှူကို ခံစားသော 'ဗြဟ္မဏ'ပုဏ္ဏားမျိုး၊ (၃) ဗြဟ္မဏ ပုဏ္ဏားမျိုးမှ မင်းဧကရာဇ်ဖြစ်လာသော 'ခတ္တိယ' ပုဏ္ဏားမျိုး၊ (၄) ကုန်သွယ်၍ သားမယားတို့ကိုကျွေးမွေးလျက် အလှူ လည်းခံသော 'ဒယ' ပုဏ္ဏားမျိုး၊ (၅) သားမယားနှင့်နေ၍ အလှူမခံ လယ်လုပ်စားသော 'ဗိသျှ' ပုဏ္ဏားမျိုး၊ (၆) ဗိသျှမျိုးတွင် အမျိုးကို အစဉ်စောင့်သော 'ရက္ခိတ' ပုဏ္ဏားမျိုး၊ (၇) ကြမ်းကြုတ်သော အလေ့ရှိသည့် 'ဘာရဒွါဇ' ပုဏ္ဏားမျိုး၊ (၈) ဘာရဒွါဇမျိုးမှ အကျင့်ပျက်၍ ယုတ်မာသောကြောင့် အမျိုးကောင်း တို့က နှင်ထုတ်ထားသော 'စဏ္ဍာလ' ပုဏ္ဏားမျိုး၊ (၉) ပုဏ္ဏားမျိုးဇာတ်မှ ထွက်၍ သား မယားကိုစွန့်ခွါလျက် ကျင့်သော 'တပသီ'ပုဏ္ဏားမျိုး။

နိမိတ်ဖတ်ပုဏ္ဏားတော်၈ယောက်အလောင်းတော်မင်းသားဖွားမြင်ရာ၌လက္ခဏာတော်နိမိတ်ဖတ် အထူးရွေးချယ်ခံ ပညာရှိပုဏ္ဏား ရှစ်ယောက် ရှိသည်။ ရာမပုဏ္ဏား၊ ဓဇ၊ လက္ခဏ၊ မန္တိ၊ ကောဏ္ဍည၊ ဘောဇ၊ သုယာမနှင့် သုဒတ္တပုဏ္ဏားတို့ဖြစ်ကြ၏။

ပုဏ္ဏားဆိုတာ ဘာစကားလဲ၊ ဘာအဓိပ္ပာယ်ရှိလဲ ဟူသော အမေးကို ၀က်ဘ်ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။ ဒကာ။ ပါဠိလို " သာမဏ,ဗြာဟ္မဏ"မြန်မာလို “ရဟန်း, ပုဏ္ဏား” ဟု အနက်ပြန်ဆိုကြရာမှာ၊ သမဏ-ရဟန်းဆိုတာတော့ ထင်ရှားရှင်းလင်းကြပါတယ်၊ဗြာဟ္မဏ-ပုဏ္ဏား ဆိုတာက ရသေ့လား, ဟိန္ဒူကုလားဘုန်းကြီးမျိုးလား၊ အဲဒီပုဏ္ဏားဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ အနက်အဓိပ္ပာယ်ကို သိပါရစေ ဆရာတော်။

ဆရာ။ အင်း...ဒီပုဏ္ဏားဆိုတဲ့ဝေါဟာရရဲ့ အနက်အဓိပ္ပာယ်သိလို့ အကျိုးစီးပွား ဘာများဖွံ့ဖြိုးတိုး တက်လာမှာမို့လဲ၊ လူအများက ဒါဟာ ပုဏ္ဏားပဲ လို့ဆိုရင် ပုဏ္ဏား ဟု မှတ်ထားရုံပေါ့၊ အမေးအမြန်း ထူတယ်ကိုး။

ဒကာ။ ဆရာတော်က မြန်မာအဘိဓာန်ကျမ်းပြုဆရာတော်ဖြစ်လို့ လူမှုရေးရာအရ သိထားသင့်သော အရာမို့ အမှန်သိရအောင် လာမေးတာပါ ဆရာတော်။

ဆရာ။ "ပုဏ္ဏား" ဆိုတဲ့ အဘိဓာန်ပုဒ်က ပါဠိလည်းမဟုတ်ဘူး၊ မြန်မာသက်သက်လည်း မဟုတ်ဘူး၊ ပါဠိလို "ဗြာဟ္မဏ"ကိုမြန်မာလို"ပုဏ္ဏား"ဟုရှေးဆရာ့ဆရာများကအနက် ရေးသွားကြလို့ နောက်အဆင့်ဆင့်လိုက်ခေါ် ရေးသားနေကြတာပဲဖြစ်တယ်၊ အဲဒီပုဏ္ဏားဆိုတဲ့ အမျိုးအပြားတွေကလည်းတော်တော်များတာ၊ ပိဋကတ်တော်လာဒေါနသုတ္တန် နိပါတ်တော်၌ ပုဏ္ဏားမျိုးလေးပါး အပြားရှိတယ်၊ဓမ္မသတ်ကျမ်းမှပုဏ္ဏားမျိုးကိုးပါးအပြားကို ဖော်ပြထားတယ်၊ အဲဒါကို လွယ်လွယ်နဲ့ သိချင်ရင် ဆရာတော်ရေးတဲ့ "သုတေသန သရုပ်ပြအဘိဓာန်ကျမ်း" စာမျက်နှာ(၃၇၂၊ ၃၇၃)ပု+ဏ်။ကဏ္ဍမှာရှာကြည့်ပေတော့။ယင်း"ပုဏ္ဏား"ဆိုတဲ့အဘိဓာန်ပုဒ်ရဲ့မူရင်းဝေါဟာရ ရေသောက်မြစ်ကို လိုက်ဖော်တဲ့အခါ ရာဇ၀င်ရေစီးကြောင်းထဲမှာ ပါရှိနေတာ တွေ့ရတယ်၊ (၁) ပြည်,-သရေခေတ္တရာ၊ (၂) ပုဂံ၊ (၃) ပင်းယ၊အဲဒီခေတ် သုံးမျိုးတို့တွင်ပြည်,-သရေခေတ္တရာက စ,တင် စိမ့်ဝင်ရောက် လာတာတွေ့ရတယ်။ ယင်းခေတ်မှာဝေဒကျမ်းတတ် ဟိန္ဒူဗြာဟ္မဏ ပဏ္ဍိတ်ကြီးတွေ အိန္ဒိယနိုင်ငံ မှမြန်မာနိုင်ငံ သရေခေတ္တရာသို့ရောက်လာကြကာ မိမိတို့ ကျွမ်းကျင်လိမ္မာ တတ်မြောက် တဲ့ဝေဒကျမ်း စာအရဗေဒင်ဟောခြင်း၊ ယတြာပြုခြင်း စသည်တို့ဖြင် ဘုရင်မင်းများထံမှောက် ၀င်ရောက် ခစား အမှုတော် များ ထမ်းဆောင်ကြတယ်၊ သူတို့က ဟိန္ဒူဗြာဟ္မဏ မျိုးတွေဖြစ်ကြလို့နွားကို ချစ်မြတ်နိုးကြ တယ်၊ နွားမွေးပြီး နို့, ထောပတ်, ဒိန်ချဉ် စသည်ရောင်းချပစ္စည်းရှာသောကြောင့် သရေခေတ္တရာ ရာဇ၀င်အ ပိုင်းမှာ ယင်းတို့ကို (ဂ၀ံပတိ-လို့) ခေါ်ဆိုကြတယ်၊မြန်မာလိုတော့ "နွားပိုင်ရှင်" ဟုအနက်ထွက်တဲ့ ပါဠိစကား ပဲဖြစ်တယ်၊ ယင်းခေတ်၌ ပါဠိ ဘာသာ အသုံးများဟန်တူ၏ လို့မှတ်ရမယ်။

ပုဂံခေတ်ကျတော့ ဗေဒင်, ယာယီ, ယတြာ တို့ကို ယုံစားသူတွေ အတော်များလာလေပြီ၊ ယင်းခေတ်၌ ထို ဂ၀ံပတိ ဆရာဗြာဟ္မဏကြီးတို့ကို "ဟူးရား" ဟုခေါ်ဆိုသုံးနှုံးကြပြန်တယ်၊ ယင်း ဟူးရား ဆရာဗြာဟ္မဏ ကြီးတို့ကိုပင် "ဟူးရားဖြူ, ဟူးရားညို" ဟု အသားအရောင်လိုက်ကာနှစ်မျိုးနှစ်စား ခွဲခြားထား တာတွေ့ ရပြန်တယ်၊ ဟူးရား, ဟူသောပေါရာဏ စကားသည်ဗေဒင်,နက္ခတ် ဟူသော အနက်ထွက်တယ်။ ပုဂံခေတ် လွန်မြောက်၍ ပင်းယခေတ်သို့ရောက်သောအခါ ယင်းဗေဒင်, နက္ခတ်, ဓာတ်ရိုက်, ဓာတ်ဆင် အတတ်တို့သည် အဆင့်ဆင့် လူသားတို့၏ အရိုးထဲ စွဲဝင်နေပြီဖြစ်ရကား ယင်းဂ၀ံပတိဝေဒကျမ်းတတ် ဟူးရား ဆရာဗြာဟ္မဏကြီး တို့ကို ဟူးရား မခေါ်ဆိုဘဲ "ပုဏ္ဏား" ဟုခေါ်ဆိုရေးသားကြတာကို ကျမ်းအစောင်စောင်တို့မှာ တွေ့ရ ပြန်တယ်၊ ပါဠိဘာသာ(ဗြာဟ္မဏ) ပုဒ်ရှိသမျှကိုလည်း အကုန်လုံး "ပုဏ္ဏား" ချည်းပဲ မြန်မာပြန်ဆို ရေးသားလာကြတယ်။

အဲဒီ "ပုဏ္ဏား" ဆိုတဲ့ အဘိဓာန်ပုဒ်ရဲ့ရေသောက်မြစ်ဖျားခံကို လိုက်ရှာတဲ့အခါ ယင်း-ဂ၀ံပတိ, ဟူးရား,ဗြာဟ္မဏပဏ္ဍိတ်ဝေဒကျမ်းတတ်ဗေဒင်ဆရာကြီးတို့ဟာ များသောအားဖြင့် အိန္ဒိယနိုင်ငံ ပုနားမြို့ မှ မြန်မာနိုင်ငံသို့ လာရောက်ကြသော ပုနားမြို့နယ်သားတွေသာဖြစ်၍ ၎င်းတို့ အား ပုဏားလူမျိုး, ပုဏားသား, ပုနားခေါ်ဆိုရာမှ အဆင့်ဆင့် အသံပြောင်းကာ "ပုဏ္ဏား" ဟူသောဝေါဟာရ နာမ်ပိုင်း သို့ ရောက်ရှိတွင်ကျယ်လာကြောင်း မှတ်သားရမည်၊ ပုနားမြို့က ဘုံဘေနယ်မှာ ရှိတယ်။ ပုံပမာအားဖြင့် ပုဂံမြို့မှ လာရောက်သော ရဟန်းတော်များကို သီရိလင်္ကာတို့, ထိုင်း တို့က ပုဂံသား, ပုဂံဂိုဏ်း ဟုခေါ်ဆိုကြသလိုပင် တဲ့။ ကဲ...အဲဒါ ပုဏ္ဏားအဘိဓာန်ပုဒ်တခုရဲ့ဖြစ်လာပုံ သိထားစရာ လူမှုရေးရာ အဖြေပါပဲ၊ မကျေနပ်သေးရင်လည်း တခြားဆီ သွားမေးကြပေတော့

ဒကာ။ ဒီလို ရာဇ၀င်ကြောင်း သမိုင်းနဲ့ချီပြီး ခိုင်လုံတဲ့ အဖြေစကားတွေ မှတ်သားရလို့ ကျေးဇူးတင် ၀မ်းသာလှပါတယ် ဆရာတော်။မြန်မာနိုင်ငံမှ အမျိုးသားစာပေဆုရရှိခဲ့သည့် 'ရာဇ၀င်ထဲမှာ ပုဏ္ဏား' စာအုပ်ကို ဂုဏ်ပြုသည့် အနေဖြင့် အိန္ဒိယနိုင်ငံ ၊ ကောလကတ္တားမြို့ သိပ္ပံရှိ ရှေးဟောင်းယဉ်ကျေးမှု ဆိုင်ရာ ပါရဂူဘွဲ့ကိုဒေါက်တာဒဂုန်အား ချီးမြှင့်ခဲ့ခြင်းကြောင့် ပါရဂူဘွဲ့ သုံးကြိမ်ရရှိခဲ့သော သူ၏ ထိုစာအုပ် တွင်လည်း ပုဏ္ဏားအကြောင်းကို အသေးစိတ် သိနိုင်ပါသည်။

ဆောင်းပါးအမှတ်စဉ် (၂၆) အပိုင်းနှစ်ကို ဆက်လက်ဖတ်ရှုတော်မူကြပါရန် စာရှုသူများကို သိစေ အပ်ပါသည်။ ဒေါက်တာအရှင်နန္ဒ

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP