* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, June 4, 2011

ဒေါင်းလန်းကြီးရဲ့အလယ်

အဆောင်မှာ နိုင်ငံပေါင်းစုံက ကျောင်းသားပေါင်းစုံရှိတယ်။ အထူးသဖြင့် အာရှနိုင်ငံများကပေါ့။ အီရန် အီရတ်၊ ပါကစ္စတန်၊ အာဖဂန်၊ အမေရိကန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ။ ယီမင်။ မွန်ဂို၊ ဂျပန်၊ ကိုရီးယား၊ အာဖရိကန်၊ မြန်မာ၊ ထိုင်း၊ သီရိလင်္ကာ၊ ဗိယက်နာမ် စတာ စတာတွေပေါ့။ ကျောင်းသား ကျောင်းသူ အဆောင်ခွဲထားတယ်။ ကျောင်းသားများ နေတဲ့ အခန်းတွေထဲကို အမျိုးသမီးများ မ၀င်ရသလို ကျောင်းသူများရဲ့ အခန်းထဲကိုလည်း အမျိုးသားတွေ သွားလာခွင့် မရှိဘူး။ တွေ့ချင်ရင် ဧည့်ခန်းမှာပဲ တွေ့လို့ရတယ်။ အဆောင်မှာ အသောက် အစား မလုပ်ရဘူး။ ည ၉ နာရီကျော်ရင် အဆောင်မှာ ဧည့်တွေ့ခွင့် မရှိတော့ဘူး။ တွေ့ချင်ရင် အပြင်မှာ တွေ့ပေါ့။ အဆောင်မှာ ဗိယက်နမ်တွေက အဖွဲ့တောင့်တယ်။ ပြီးတော့ မြန်မာ၊ ထိုင်း။ ဒီနိုင်ငံတွေက ကျောင်းသားအားလုံးနီးပါးဟာ ဘုန်းကြီး ရဟန်းများဖြစ်ကြတယ်။ အရှေ့ အလယ်ပိုင်းက ကျောင်းသားတွေ ကလည်း တကယ့် ဘာသာရေး သမားတွေများတယ်။ အဆောင်အပေါ်ဆုံးထပ်မှာ စုပေါင်း ၀တ်ပြု ဆုတောင်း တာတွေလုပ်ကြတယ်။ ဒါကြောင့် အဆောင်က ဘုန်းကြီးကျောင်းလိုပဲ သိပ်ဆူညံမှု မရှိဘူး။ အမျိုးသမီး အဆောင် ဆိုရင် ဗိယက်နာမ် သီလရှင်တွေက များတယ်။ နိုင်ငံခြားသား အဆောင်တွေမှာ ဘာလို့ နိုင်ငံခြား သား ဘုန်းကြီး သီလရှင်တွေက များနေတာလဲ။ ဒါလဲ ထူးခြားချက်ပဲ။ ဘုန်းကြီး သီလရှင်ဆိုတာ လူတွေလို မဟုတ်ဘူး။ နေတာ ထိုင်တာ အေးဆေးကြတယ်။ ပြဿနာ မရှာဘူး။ ပြောရဆိုရတာလည်း လွယ်တယ်။ ပြီးတော့ ယုံကြည် စိတ်ချရတယ်။ စတဲ့ ကောင်းကွက်တွေကြောင့် အဆောင်မှုးက ဦးစားပေးစနစ်နဲ့ ပေးထား တယ်လို့ ပြောလို့ ရတယ်။


မြန်မာကျောင်းသားတွေဆိုရင် အားလုံးဟာ ဘုန်းကြီး ရဟန်းများဖြစ်ကြတယ်။ သူတို့က သူများထက် အနည်းငယ်ထူးတယ်။ သီးသန့်နေတတ်တယ်။ အခန်းအောင်း များတယ်။ စကားနည်းတယ်လို့ အများက သုံးသပ်ကြတယ်။ ဟုတ်တယ် မြန်မာတွေက ဘုန်းကြီး ရဟန်းဖြစ်နေလို့လား မသိဘူး အများနှင့် ဖက်လည်း တကင်း ပြောလား ဆိုလား လုပ်တာ မရှိသလောက်ဘဲ။ ဒါကြောင့် အင်္ဂလိပ်အပြောမှာ အားနည်းတတ်ကြတယ်။ အခန်းအောင်း စာဖတ်၊ စာရေးနေတာ များတာမို့ အရေးအသားဘက်မှာ အညံ့ကြီးတော့ မဟုတ်ကြဘူး။ ဒါကြောင့် မြန်မာတွေက အများနှင့်စာလျှင် ကျောင်းပြီးမြန်တာများတယ်။ မြန်မာတွေက အချင်းချင်းကတော့ ခေါင်းတက် နင်းမတတ် ခင်မင်ကြတယ်။ စကားပြောစရာရှိရင် အားပါးတရ ပြောတတ်ကြတယ်။ အချင်းအချင်း အမှားထောက်ပြနေတာတွေ ရှိပြန်တော့ အချေအတင် စကားရည်လုနေတာ တွေကလည်း ရှိတာပဲ။ သူတို့က စုပေါင်းစား သောက် တတ်ကြတယ်။ ဒီစနစ်က မြန်မာတို့ရဲ့ ရှေးနှစ်ပေါင်း များစွာကတည်းက အခြေကျနေခဲ့တဲ့ ဒေါင်းလန်းကြီး စနစ်ပဲ။ ညီညွတ်ရေးကို အခြေခံထားတဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာ ယနေ့အထိ ကျင့်သုံးနေတဲ့ မရိုးနိုင်တဲ့စနစ် တစ်ခုပေါ့။ ဒီစနစ်က ဘယ်နေရာ ရောက်ရောက် မဖျောက်နိုင်တဲ့ မြန်မာတို့ရဲ့ ကိုယ်ပိုင်ဟန် စနစ်လိုဖြစ် နေပြီ။ မြန်မာကျောင်းသား အများစုက စုပေါင်းစားသောက်တာဆိုတော့ နေ့စဉ်နေ့ တိုင်း မျက်နှာစုံညီအစည်းအဝေး ရှိနေတော့တာ ပေါ့။ ပြောစရာ ရှိတာတွေ ဒီမှာပြောကြတယ်။ ဆွေးနွေး စရာရှိတာတွေ ဒီမှာဆွေးနွေးကြတယ်။ အသစ်အဆန်း သတင်း ပလင်းတွေကိုလည်း ဒီမှာပဲ ဖွင့်ချကြတယ်။ အချေအတင် ပြောစရာ ရှိရင်လည်း ဒီမှာပဲပေါ့။ အဲဒီတော့ မြန်မာကျောင်းသားများအဖွဲ့ စတိုင်က အများနဲ့ မတူတတ်ဘူးဖြစ်နေတာပေါ့။

မြန်မာကျောင်း သားတွေရဲ့ စုပေါင်း စားသောက်တတ်တဲ့ စနစ်ကို အများက သိပ်သဘောကျကြတယ်။ သဘောကျလွန်းလို့ အချို့ ဈေးဘိုးပေး လှူတာတွေ ရှိတယ်။ အချို့က ပါဝင်ခွင့် ရမလားလို့ လာမေးကြတယ်။ ကိုရီးယား၊ ဂျပန်တွေဆို အတူစားဘို့ နေနေသာသာ အချင်းချင်း မျက်နှာချင်းဆိုင် စကားပြေနေတာကို မတွေ့ရလောက်အောင်ပဲ။ ဗိယက်နမ်တွေက မဆိုးသေးဘူး အဖွဲ့အစည်းနဲ့ နေတတ်ကြသေးတယ်။ ထိုင်းတွေ ဆိုလည်း စုပေါင်း စားသောက်စနစ် မလုပ်ကြဘူး။

မြန်မာတွေက စူးစူးရဲရဲ အရသာတွေကို ကြိုက်တယ်။ ငါးပိ ငါးခြောက်များဟာ မြန်မာတို့ရဲ့ အသည်းစွဲ ဟင်းလျာတစ်ခုပဲ။ ငါးပိကို မြန်မာတွေက ကြိုက်ပေမယ့် အခြားနိုင်ငံခြားသားများကတော့ အထူးသဖြင့် အိန္ဒိယ နှင့် အရှေ့အလယ်ပိုင်းက ကျောင်းသားတွေကတော့ သေချင် အောင် မုန်းကြတယ်။ ဒါပေမယ့် အတွေ့အကြုံရှိ လာတော့ မထူးသလို ဖြစ်လာကြတယ်။ အချို့အကြိုက်တွေ့ပြီး လာတောင်းတာတောင်ရှိတယ်။ မြန်မာတွေက အသီးအရွက်ဆိုလည်း မျိုးစုံ စားတတ်ကြတယ်။ အိန္ဒိယသားအများစုက အသီးအရွက်စားတယ်လို့ ကမ္ဘာမှာ နာမည်ကြီးတယ်။ သူတို့လောက်တော့ မြန်မာတွေက ရီတာပေါ့။

ကြည့်လေ အဆောင်ဝန်းကျင်မှာ ရှိနေတဲ့ ခွေးတောက်ပင်က အရွက်အညွှန့်တွေဆို မြန်မာ တွေလက်ချက်နဲ့ နလံမထူအောင်ဖြစ်နေတာ။ မန်ကျည်းပင်က မာန်ကျည်းရွက်နုနု၊ အသီးနုနတွေကိုလည်း မျက်စောင်း တခဲခဲနဲ့ ပဲ။ ကန်ဇွန်းရွက်တွေက main building နားက ကျောက်ရေ ကန်ထဲမှာ အထွေးသားရှိတယ်။ ဇိမ်နဲ့ ထိုင်ခူး နေရုံပဲ။ တမာရွက်၊ အဝေရာရွက်၊ ပြီးတော့ မိုးရာသီဆို မျှစ်၊ ထိုင်းတွေကလည်း မျှစ်စားတတ်တာမို့ တစ်ခါတစ်ခါ ဦးသူက ရတတ်တယ်။ တရုပ် စကားတန်းက vice chancellor ရုံးခန်းနားမှာ အတန်းလိုက်ရှိတယ်။ တိဘက်တန် ရိုးရာ ဆေးဖော်မှာလိုလိုနဲ့ ခပ်တည်တည်နဲ့ လိုက်ကောက်ရင် မကြာပါဘူး တစ်အိပ် အပြည့်တော့ ရတတ် တယ်။ ၀န်းကျင်က အသီးအပွင့်မှန်သမျှ မြန်မာတွေ စားနေတာကို အားလုံးမြင်ကြ သိကြတယ်။ ဘာမှ မဖြစ်ဘူး ဆိုတာ သိတော့ အချို့(ထိုင်းတွေ)လိုက် စားကြတယ်။ အချို့(ဗိယက်နာမ်)က အဲဒါ ချက်ရင် ပေးပါဦးလို့ တောင်းကြတယ်။ မြန်မာတွေက သဘာဝ သစ်သီး သစ်ဥတွေ အကြောင်းကို အများထက် ပိုသိနေသလိုပဲ။ အများက စားရကောင်း မှန်းတောင် မသိတာတွေကို မြန်မာတွေ က အရသာပါပါ စားသောက်နေတာ ကြည့်ပေ တော့။ ဒါက ဘာလဲဆိုတော့ မြန်မာရိုးရာ တိုင်းရင်း ဆေးပညာနှင့်အညီ ရှေးရှေးမြန်မာတွေက အစား အစာများ ကို အစာလည်း ဆေး၊ ဆေးလည်းအစာ ဖြစ်အောင် ပြုပြင်စီမံပေးခဲ့ကြလို့ဖြစ်တယ်။ ဒါပေမယ့် အိန္ဒိယမှာ အသီးအရွက် ခူးရတဲ့ ဒုက္ခကလည်း မသေးလှဘူး။ လူရှင်းလောက်မှ ခူးရတယ်။ လူလာရင် မယောင်မလည် လုပ်နေရတယ်။ မေးလာရင် ဆေးရွက်ခူးတာပါလို့ ဖြေရတယ်။ အများထက် ထူးနေတော့ တစ်မျိုးမြင်မှာလည်း စိုးရတယ်လေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP