Dustbin Monks - ဘုန်းကြီးအမှိုက်ပုံးများ
ဘုရားရှင် လက်ထက်ကတော့ ဘယ်လိုလဲ မသိ။ စာပေအရှိကို သတိမထားမိသေး။ ဒီနေ့ခေတ်မှာ လူတွေရဲ့ ပြဿနာတွေကို ဆရာတော်တွေ နားထောင်ပေးရတာဟာ သာသနာရေး အလုပ်တစ်ခုလိုကို ဖြစ်နေပြီ ထင်ပါတယ်။ တောမှီဂူအောင်း မနေနိုင်ကြတဲ့ ဆရာတော်တွေ ဆိုတော့လည်း ဒီလိုပဲပေါ့။ တောမှီဂူအောင်းတယ် ဆိုရင်တောင်မှ လူ့ပြဿနာတွေက လွတ်ပါလိမ့်မယ်လို့ တစ်ထစ်ချ မပြောနိုင်ပါဘူး။ ဒကာဒကာမတွေက တောထဲထိ လိုက်လာပြီး သူတို့ပြဿနာတွေကို ရင်ဖွင့်ချင် ဖွင့်ကြပါလိမ့်အုံးမယ်။ ကူကယ်ရာ ရှာချင်ရှာကြပါလိမ့်အုံးမယ်။ အထူးသဖြင့် မြန်မာဒကာဒကာမ တော်တော်များများဟာ နီးစပ်ရာ ဆရာတော်တွေကို သူတို့ရဲ့ လူ့ကိစ္စ လူ့ပြဿနာတွေကို ရင်ဖွင့်လျှောက်ထားလေ့ ရှိကြပါတယ်။ ဆရာဒကာ ဆက်ဆံရေး လမ်းကြောင်းပေါ်က ယုံကြည်မြတ်နိုးမှု၊ ချစ်ခင်လေးစားမှု၊ ရင်နှီးကျွမ်းဝင်မှု၊ မှီခိုအားထားမှု၊ ယုံကြည်ကိုးစားမှု စတဲ့စတဲ့ လှိုင်းတံပိုးတွေက တွန်းပင့်ပေးလိုက်လို့ ပွင့်ထွက်လာတဲ့ သဘောပေါ့။ ထုံးစံအားဖြင့် ဒကာဒကာမတွေဟာ၊ အထူးသဖြင့် ဒကာမတွေဟာ ပြဿနာတစ်ခုခုကို ဆရာတော်တွေဆီမှာ တင်ပြလျှောက်ထားပြီး ပြဿနာပြေလည်အောင် “မေတ္တာပို့ပေးပါအုံး ဘုရား”လို့ ကျိုးကျိုးနွံနွံ ယုံယုံကြည်ကြည် အားကိုးတကြီး မေတ္တာရပ်ခံလေ့ရှိကြပါတယ်။
“အိမ်မကပ်ရဲတာ ကြာပြီဘုရား။”
“ချဲ ပေါ့ဘုရား ချဲတဲ့ ချဲ ချဲ . . .။ ကော်မရှင်လုပ်တာ ဒိုင်က မလျော်တော့ သူပြေးနေရတယ် ဘုရား။”
----------------
“ဒီ ဆယ်တန်း ခဏခဏ ကျနေမှတော့ ကျောင်းလည်း ဆက်မထားနိုင်တော့ဘူး ဘုရား . . .”
“ခုတော့ ရွှေတောမှာ . . .”
“ငွေ ပို့နိုင်ရမထားလို့ . . .။ ဆိုးတယ် ပွေတယ် ကြားတယ် ဘုရား . . .”
----------------
“လိုက်ပြေးလို့ ပေးစားလိုက်ပြီ။ ကိုယ့်ဟာကိုယ်ပဲ နေတော့တယ် ဘုရား။”
----------------
“အလုပ်က ခုထိမရသေးဘူးဘုရား။ စတေးက ကုန်တော့မယ်။”
----------------
“ကုမ္ပဏီက လူလျှော့လိုက်တာ တပည့်တော်တို့လည်း ပါသွားတယ်။ ခု အလုပ်သစ် ရှာနေတာ။”
----------------
. . . . . ဒါတွေဟာ တကယ်တော့ အမှိုက်တွေ ဖြစ်ပါတယ်။ ဆရာဒကာ လူမှုဆက်ဆံရေးနယ်မှာ ဒါတွေကို လက်မခံလို့လည်း မဖြစ်ပါဘူး။ ငြင်းလည်း မငြင်းရက်စရာပါ။ ကြုံရတဲ့ အဖြစ်အပျက် အခက်အခဲကို ပြောပြရင်ဖွင့်လိုက်ရတော့၊ မေတ္တာဓာတ် အရှိန်အ၀ါကို ခံယူရရှိတန်ကောင်းရဲ့လို့ ယုံကြည်မျှော်လင့်လိုက်ရတော့ ဒုက္ခသည် လူဒကာဒကာမတွေ အနေနဲ့ ရင်ထဲ နည်းနည်းတော့ ပေါ့သွားနိုင်ပါတယ်။
ရင်းနှီးတဲ့ အနေနဲ့ ရင်ဖွင့်လို့ပဲဖြစ်ဖြစ် အားကိုးတဲ့ အနေနဲ့ ပြောပြလို့ပဲဖြစ်ဖြစ် မကင်းရာ မကင်းကြောင်း ပတ်သက်ရာ ပတ်သက်ကြောင်း လူ့အခက်အခက်အခဲတွေ နားထောင်နေရတဲ့ (ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မေတ္တာပို့ပေးနေရတဲ့) ဒီနေ့ခေတ် ဆရာတော် တော်တော်များများဟာ လူ့ဒုက္ခ လူ့အပူ အမှိုက်သရိုက်တွေ စွန့်ပစ်ရာ အမှိုက်ပုံးနဲ့ တူနေပါတော့တယ်။ ပြဿနာတွေ အခက်အခဲတွေကို ကြားသိရတဲ့ ဆရာတော်တွေလည်း အနည်းနဲ့အများ သောကငွေ့ ရိုက်ခတ်တာ ခံရနိုင်တာပေါ့။ အမှိုက်သရိုက် အပုပ်အသိုး အနံ့တွေ စွဲလာနိုင်တာပေါ့။ စုမိဆောင်းမိတဲ့ အမှိုက်တွေကို မစွန့်နိုင်ရင်တော့ ပိုဆိုးပါလိမ့်မယ်။ အမှိုက် ဘယ်လိုစွန့်မလဲ။
:)
ရှင်အာစာရ
Ref: pp 97-98, Being a dustbin, "Opening the Door of Your Heart and other Buddhist tales of Happiness"
by Ajahn Brahm
Thomas C. Lothian Pty Ltd
132 Albert Road, South Melbourne, Victoria 3205
First published 2004
Printed in Singapore by Brahm Education Centre 2006 - 5000 copies


0 comments:
Post a Comment