* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 21, 2011

Homeless အေတြးမ်ား (၁)

၀ဋ္လည္တာမ်ားလားမသိပါ

ကျွန်တော် ဒီနိုင်ငံရောက်ခါစ တစ်ရက် ဆိုင်တစ်ဆိုင်ကို ၀င်သွားတော့ ကျွန်တော့်အရှေ့ မှာ အ၀တ်အစားနွမ်းနွမ်းပါးပါးနှင့် လူတစ်ယောက်ပစ္စည်းဝယ်ပြီး ပြန်ထွက်သွားတာကို တွေ့လိုက်တယ်။ သူလည်း ထွက်သွားတာနှင့် ဆိုင်ဝန်ထမ်းက Air Fresher ဗူးယူလာပြီး တစ်ဆိုင်လုံးကို လိုက်ဖြန်းပါတော့တယ်။ ကျွန်တော့်ကိုလည်း နံတယ်နော် လို့ လှမ်းပြောလိုက်ပါသေးတယ်။ ကျွန်တော်က အဲဒီတုန်းက နှာခေါင်းပဲ ပိတ်နေလို့လားမသိ။ ဘာအနံ့မှတော့ သေသေချာချာ မရလိုက်ပါဘူး။

တခါတော့ကျွန်တော်ရထားစီးသွားတုန်း ဘူတာတစ်ခုရောက်တော့ ကျွန်တော့်ဘေးက နေရာလွတ်မှာ လူတစ်ယောက်လာထိုင်ပါတယ်။ သူထိုင်လိုက်တာနှင့် ကျွန်တော်ထိုင်နေတဲ့ ခုံတန်းမှာရှိတဲ့တခြားသူတွေ အားလုံးရော၊ အရှေ့ ကခုံတန်းမှာ ထိုင်နေတဲ့သူတွေရော၊ ကျွန်တော်အရှေ့ မှာ မတ်တပ်ရပ်စီးနေသူတွေအားလုံးရော တခြားနေရာကို ထထွက်သွားကြပါတယ်။ ကျွန်တော်က သူတို့ကို ကြည့်ပြီး ဘာဖြစ်တာပါလိမ့်လို့ တွေးမိပါတယ်။ တွေးလို့မှ မဆုံးသေးခင်ဘဲ နှာခေါင်းထဲကို စူးရှပြင်းထန်တဲ့ချဉ်စုတ်စုတ် အနံ့တစ်မျိုးဝင်လာပါတယ်။ ဘယ်ကထွက်လာတဲ့ အနံ့များလဲလို့ ကျွန်တော် လိုက်ရှာကြည့်လိုက်တော့ နောက်ဆုံးသဘောပေါက်သွားပါတယ်။ ကျွန်တော့်ဘေးမှာ လာထိုင်လိုက်တဲ့သူဆီကပါ။ ကျွန်တော်ကတော့ ထိုင်လက်စနှင့် မထူးတော့ပါဘူးဆိုပြီး ဆင်းမယ့်ဘူတာအထိကို ကျိတ်မှိတ်ဆက်ထိုင်ဖြစ်ခဲ့ပါတယ်။

ဒီရောက်ပြီး တော်တော်ကြာလာတော့မှ တဖြည်းဖြည်းနှင့် ဒီက လူတန်းစားတစ်မျိုးအကြောင်းကို သိရှိလာခဲ့ပါတယ်။ သူတို့တွေကို Homeless တွေလို့ပဲခေါ်ကြပါတယ်။ သူတို့တွေရဲ့  အသွင်အပြင်က တခြားလူတွေထက် ပိုပြီးသိသာထင်ရှားပါတယ်။ အ၀တ်အစားစုတ်စုတ်ပြတ်ပြတ်တွေကိုဝတ်ထားကြတယ်။ နေတော့ ဘူတာတွေ၊ ပန်းခြံကစားကွင်းတွေ၊ တံတားအောက်တွေ၊ လူသွားစင်္ကြံဘေးတွေမှာ ကဒ်ထူပြားတွေ၊ ပလက်စတစ်တွေကို အခင်းအကာလုပ်ပြီးနေကြပါတယ်။ တချို့ တွေက သွားလေရာ လက်တွန်းလှည်းတစ်ခုပါပြီး သူတို့ရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုတင်ပြီး လျှောက်သွားတတ်ကြပါတယ်။ ဘာအလုပ်မှ မယ်မယ်ရရမလုပ်ကြပါဘူး။ သူတို့အတွက် အသုံးတည့်မယ့်ပစ္စည်းတွေကို အမှိုက်ပုံးတွေထဲကနေ နှိုက်ယူသွားတတ်ကြပါတယ်။ တချို့ တွေဆို လမ်းဘေးမှာချထားတဲ့ Automatic Vending Machines တွေအောက်ကို လက်နှိုက်ပြီး ပိုက်ဆံအကြွေတွေကို ရှာဖွေတတ်ပါတယ်။ သူတို့ကိုကြည့်လိုက်ရင် များသောအားဖြင့် အိပ်နေကြတာများပါတယ်။ ရုံးခန်းတွေ၊ ဆိုင်ခန်းတွေ ညဘက်ရောက်လို့ ပိတ်လိုက်တာနှင့် အဲဒီအခန်းတွေရှေ့ အပေါက်ဝမှာ သူတို့ကနေရာယူလိုက်တတ်ကြပါတယ်။ နေပူပူ၊ မိုးရွာရွာ၊ နှင်းကျကျ ဘယ်လောက်ပဲအေးနေနေ သူတို့တွေဟာ သူတို့တစ်နေရာစာကို ရအောင်ဖန်တီးပြီး နေတတ်ကြပါတယ်။

သူတို့တွေလာပြီဆိုရင် အရင်ဆုံးသတိထားမိမှာက သူတို့ရဲ့ အနံ့ပါဘဲ။ ကိုယ်လက်သန့်စင်မှုကို မလုပ်တာ အချိန်ဘယ်လောက်ကြာနေပြီလဲဆိုတာတော့မခန့်မှန်းတတ်ပါဘူး။ သူတို့လာရင် ဘယ်လိုမှ သည်းမခံနိုင်အောင်ကို အနံ့က ဆိုးဝါးပြင်းထန်ပါတယ်။ အထူးသဖြင့် ရထားပေါ်တက်လာရင် ကျန်တဲ့သူတွေအားလုံး ထွက်ပြေးကြတော့တာပါဘဲ။ သူတို့တွေကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ပါဘူး။ ခပ်တည်တည်နှင့် ထိုင်ခုန်မှာဝင်ထိုင်ပြီး အိပ်ပါတော့တယ်။ တချို့ လည်း စိတ်မနှံ့သူတွေလို တစ်ယောက်တည်း စကားတွေပြောနေတတ်ပါတယ်။ တခြားလူတွေကိုတော့ အကြောင်းမဲ့ ရန်ရှာလေ့ရှာထမရှိပါဘူး။ ဒါပေမယ့် သူတို့ ဂျပန်လူမျိုးအချင်းချင်းကတော့ Homeless ဆိုရင် ရွံရှာဖွယ်လူသားအဖြစ် စာရင်းသွင်း ထားတတ်ကြပါတယ်။

Homeless ဘ၀ကို အကြောင်းအမျိုးမျိုးနှင့် သူတို့ရောက်ခဲ့ကြပါတယ်။ တချို့လည်း အကျင့်စာရိတ္တပိုင်းမှာ အားနည်းခဲ့ကြလို့ အသိုင်းအ၀ိုင်းက လက်မခံကြတော့တဲ့အတွက်၊ တချို့လည်း ၀န်ထမ်းဘ၀မှာ လုပ်ကိုင်နေရင်း နိုင်ငံစီးပွားရေးကျပ်တည်းချိန် ၀န်ထမ်းလျှော့လိုက်တာနှင့် ကြုံကြိုက်လိုက်တဲ့အတွက်၊ တချို့လည်း မိမိပိုင်ငွေကြေးအားလုံးကို စီးပွားရေးလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတစ်ခုခုလုပ်လိုက်ရာက အရှုံးပေါ်သွားပြီး ပြန်လည်နလံမထူနိုင်ကြတော့တဲ့အတွက် စသည်ဖြင့် အမျိုးမျိုးပါဘဲ။

အစိုးရပိုင်း နှင့် အခြားလူမှုရေးအဖွဲ့အစည်းတွေက သူတို့တွေအတွက် နေစရာ စီစဉ်ပေးတာတို့ တခြားစောင့်ရှောက်မှုအပိုင်းတွေ လုပ်တော့ လုပ်ပေးကြပါတယ်။ ဒါပေမယ့် နိုင်နိုင်နင်းနင်းမလုပ်ပေးနိုင်တာလား၊ Homeless တွေကိုယ်တိုင်ကပဲ အစိုးရနှင့် အဖွဲ့အစည်းတွေက စီစဉ်ပေးတာကို လက်မခံကြတာလားတော့ မသိပါဘူး။ သူတို့တွေကိုတော့ နေ့စဉ်လိုပဲ အမြဲမြင်နေ တွေ့နေကြရပါတယ်။

မတ်လ(၁၁)ရက်နေ့ ဆူနာမီဖြစ်တော့ ရထားတွေအားလုံးရပ်၊ ကားတွေကလည်းကျပ်၊ လူတွေတော်တော်များများ အိမ်ပြန်လို့မရကြတော့ပါဘူး။ နောက်တစ်နေ့ရထားလိုင်းပြန်ဖွင့်တာကိုစောင့်ရင်း တော်တော်များများ ဘူတာတွေမှာ အဆင်ပြေသလိုအိပ်ကြရပါတော့တယ်။ အဲဒီနေ့ညက ကျွန်တော်နှင့် သူငယ်ချင်းတွေကားနှင့် ပြန်လာကြတော့ လမ်းတလျှောက် ဘူတာတွေရှေ့ မှာ အ၀တ်အစားသားသားနားနား ၀တ်ထားကြတဲ့သူတွေ ကဒ်ထူပြားတွေခင်း၊ သူတို့ပစ္စည်းတွေ ဘေးမှာချပြီး စိတ်ညစ်ညစ်နှင့် ထိုင်နေ၊ လှဲနေကြတာကို တွေ့ခဲ့ရပါတယ်။ ကျွန်တော်တို့ ကားပေါ်ကဆင်းပြီး လမ်းလျှောက်ကြတော့ မြေအောက်ဘူတာတွေကို ဖြတ်ပြီးလျှောက်ကြတဲ့အခါ မြေအောက်ဘူတာသွားတဲ့ စင်္ကြံလမ်းတစ်လျှောက် ကဒ်ထူပြားတွေ အ၀တ်တွေခင်းပြီး အိပ်နေကြတဲ့ လူတန်းကြီးကို မျက်စိတစ်ဆုံးတွေ့လိုက်ရပါတယ်။ သူတို့ကိုမြင်တော့ ကျွန်တော့်စိတ်ထဲ Homeless တွေကို ပြေးမြင်ယောင်လိုက်မိပါတယ်။

ညက NHK သတင်းကြည့်တော့ ဆူနာမီဖြစ်ခဲ့တာကို တစ်ပတ်စာ Documentary ပြန်ရိုက်ပြထားတဲ့ အစီအစဉ်ကို ကြည့်လိုက်မိပါတယ်။ ဆူနာမီကို အကြီးအကျယ်ထိခဲ့တဲ့ဒေသက ဒေသခံတွေကို အင်တာဗျူးထားတာတွေကို ကြည့်လိုက်ရတော့ သူတို့တွေမှာ အိမ်တွေ၊ ကားတွေလည်း ရေထဲပါလို့ ဘာမှမရှိတော့ဘူး၊ သူတို့ဝတ်ထားတဲ့ အ၀တ်အစားတစ်စုံကလွဲလို့ ဘာမှ မကျန်တော့ဘူး၊ စားဖို့လည်း မရှိ၊ သောက်ဖို့ရေလည်း မရှိ ဖြစ်နေပြီး၊ အခု အရေးပေါ်ဖွင့်ထားတဲ့ ဒုက္ခသည်စခန်းမှာ ဖြစ်သလိုနေနေကြရတယ်။ ရာသီဥတုက သုညအောက်ကျနေတဲ့အချိန်မှာ အပူပေးစက်လည်းမရှိ၊ အနွေးထည်လည်းမရှိ၊ မိသားစုဝင်တွေကလည်း သေသလား ရှင်သလား မသိ။ သူတို့တွေ ရင်ထဲမှာ ဘယ်လောက်များ ဆင်းရဲပူပန်နေလိမ့်မလဲဆိုတာကို ကိုယ်ချင်းစာကြည့်မိပါတယ်။

သူတို့တွေဟာ အရင်က တိုက်ပိုင်၊ ကားပိုင်၊ အိမ်ပိုင်တွေနှင့် သက်တောင့်သက်သာနေနိုင်ခဲ့ကြတဲ့ ဘ၀ပိုင်ရှင်တွေပါ။ အခုတော့ ထမင်းတစ်နပ်စားဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့ ကကျွေးတဲ့ထမင်းကို တန်းစီစောင့်ဆိုင်းနေကြရတဲ့ သူတွေဖြစ်နေကြပါပြီ။ ဟောခန်းမကြီးထဲမှာ လူရာပေါင်းများစွာနှင့်အတူ ရောနှောအိပ်စက်နေကြရတဲ့သူတွေ ဖြစ်သွားကြရပါပြီ။ ဒါဟာ သဘာဝဘေးဒဏ်ကပ်ဆိုးကြီးကြောင့်ပဲလား၊ သူတို့တွေရဲ့  တစ်ချိန်ကလုပ်ခဲ့တဲ့ အကုသိုလ်ကံက ၀ဋ် တဖန်ပြန်လည်တာလားဆိုတာကိုတော့ ကျွန်တော် မဝေခွဲတတ်ပါဘူးခင်ဗျား။

Ref: http://en.wikipedia.org/wiki/Homelessness_in_Japan







ဒီအောက်ကပုံက ကျွန်တော့်အိမ်နားက ရထားလမ်းတံတားအောက်က Homeless နေရာပါ



ဆက်လက်ဖတ်ရှုရန်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP