* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Monday, March 21, 2011

ကံတို့၏ လုပ်ငန်းဆောင်ရွက်ပုံ ၄ ပါး (ကိစ္စစတုက္က)

ယခင်ပို့စ်၌ ကံတို့၏ အကျိုးပေးရာ အချိန်ကာလနှင့်ပက်သက်၍ ကံ ၄ ပါး ရှိကြောင်း ရေးသားခဲ့သည်။

ယခုတခါ..လုပ်ငန်းနှင့် ပက်သက်၍ ကံ ၄ ပါး ရှိကြောင်းကို ဖော်ပြပါမည်။
၎င်းကို ကံတို့၏ လုပ်ငန်းဆောင်ရွက်ပုံ (၄)ပါးဟုလည်း ခေါ်သည်။
ပါဠိလို ကိစ္စစတုက္က ဟု ခေါ်၏။

ကိစ္စ = လုပ်ငန်း
စတုက္က = (၄)မျိုး၊ (သို့) (၄)ပါး ဖြစ်သည်။

ကုသိုလ်ကံဖြစ်ဖြစ် အကုသိုလ်ကံဖြစ်ဖြစ် လုပ်ငန်းဆောင်ရွက်ပုံ (၄)ပါး ရှိသည်။

  1. ဖြစ်စေခြင်းလုပ်ငန်း (ဇနကကံ)
  2. ထောက်ပံ့ခြင်းလုပ်ငန်း (ဥပတ္ထမ္ဘကကံ)
  3. နှိပ်စက်ခြင်းလုပ်ငန်း (ဥပပီဠကကံ)
  4. သတ်ဖြတ်ခြင်းလုပ်ငန်း (ဥပစ္ဆေဒကကံ (သို့မဟုတ်) ဥပဃာတကကံ)

ဖြစ်စေခြင်းလုပ်ငန်း (ဇနကကံ)

ဖြစ်စေခြင်းလုပ်ငန်းကို ဆောင်ရွက်လျင် ဇနကကံဖြစ်သည်။
ပို၍ တိတိကျကျ ဆိုရလျင်…ပဋိသန္ဓေ၊ ပ၀တ္တိ၊ ၀ိပါက်၊ ကဋတ္တာရုပ် တို့ကို အကျိုးပေး ဖြစ်စေနိုင်သော ကုသိုလ်(သို့)အကုသိုလ် စေတနာ(ကံ)သည် ဇနကကံ ဖြစ်၏။
ပဋိသန္ဓေအခါ၌ဖြစ်စေ၊ ပ၀တ္တိအခါ၌ဖြစ်စေ အခွင့်သင့်ရာ အခါ၌ ၎င်း၏အကျိုးကို ဖြစ်စေနိုင်သည်။

ပဋိသန္ဓေအခါ ဆိုသည်မှာ ပဋိသန္ဓေစိတ်ဖြစ်နေသော အခိုက်အတန့်လေးကို ဆို၏။
ပ၀တ္တိအခါ ဆိုသည်မှာ ပဋိသန္ဓေစိတ်နောက် ပထမဘ၀င်စိတ်မှစ၍ (စုတိ)သေသည့်တိုင်အောင် ကြားကာလကို ဆို၏။
ကဋတ္တာရုပ် ဆိုသည်မှာ ဘ၀အစ၏ ပထမဦးဆုံး ကံကြောင့်ဖြစ်သော ရုပ် (ကမ္မဇရုပ် ) ကို ဆိုလိုသည်။
ဝိပါက် ဆိုသည်မှ ၀ိပါက အကျိုးဖြစ်သည်။

ထိုကံ၏အကျိုးသည် ကုသိုလ်လည်းဖြစ်နိုင်သည်။ အကုသိုလ်လည်း ဖြစ်နိုင်၏။
ကုသိုလ်အကျိုးရလျင် ကုသိုလ်ဇနကကံသည် အကြောင်းဖြစ်မည်။
အကုသိုလ်အကျိုးဖြစ်လျင် အကုသိုလ်ဇနကကံသည် အကြောင်းဖြစ်၏။

ဥပမာ….
လူ့ပဋိသန္ဓေ၊ လူ့ ကဋတ္တာရုပ် နှင့် လူ့ပ၀တ္တိ အမျိုးမျိုးတို့ကို ဖြစ်စေခြင်းသည် ကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။
တိရိစ္ဆာန်ပဋိသန္ဓေ၊ တိရိစ္ဆာန် ကဋတ္တာရုပ် နှင့် တိရိစ္ဆာန် ပ၀တ္တိ အမျိုးမျိုးတို့ကို ဖြစ်စေခြင်းသည် အကုသိုလ်ဇနကကံကြောင့်ဖြစ်သည်။

ထောက်ပံ့ခြင်းလုပ်ငန်း (ဥပတ္ထမ္ဘကကံ)

ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်နေသော ခန္ဓာအစဉ်ကိုလည်းကောင်း တိုးတက်အောင် ထောက်ပံ့ခြင်း၊ အားပေးကူညီခြင်းဖြင့် အကျိုးပေးတတ်သော ကုသိုလ် (သို့မဟုတ်) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။
တခြားကံ၏ အကျိုးပေး ကြာရှည်အောင်၊ ဖွံ့ဖြိုးအောင် ကုသိုလ်အကျိုး၌ဖြစ်စေ၊ အကုသိုလ်အကျိုး၌ဖြစ်စေ ထောက်မ ပေးတတ်သောကံဖြစ်သည်။
တိုးပွားအောင် ထောက်ပံ့သည် အားပေးသည်ဆိုရာဝယ် မျိုးတူချင်းဖြစ်မည်။
ထို့ကြောင့် ကုသိုလ်သည် ကုသိုလ်ချင်း ထောက်ပံ့မည်။ အကုသိုလ်သည် အကုသိုလ်ချင်း ထောက်ပံ့အားပေးမည်။

ဥပမာ -
လူဖြစ်ရခြင်းသည် ကံကောင်းသောကြောင့် ကုသိုလ်ကံအကျိုးကို ရထားပြီးဖြစ်သည်။
ထို့နောက် ထိုသူသည် ဘ၀၌ အချို့သောသူတို့နှင့် ခြားနားစွာ သက်သက်သာသာ နေရသည်၊ လူချစ် လူခင်များသည် စသော ကောင်းကျိုးတို့ကိုလည်း ရရှိပြန်သည်။
ဤသည်မှာ ရထားပြီးသား ကုသိုလ်ကျိုးကို တိုးတက်အောင် ထောက်ပံ့ခြင်းဖြစ်သည်။ ထို့သို့ ထောက်ပံ့ခြင်းဖြင့် အကျိုးပေးတတ်သောကံသည် ဥပတ္ထမ္ဘကကံဖြစ်သည်။

အကုသိုလ်ဘက်မှ ကြည့်လျင်…
တိရိစ္ဆာန်ဖြစ်ရခြင်းသည် ကံဆိုးသောကြောင့် အကုသိုလ်ကံအကျိုးကို ရထားပြီးဖြစ်သည်။
ထို့နောက် ထိုတိရိစ္ဆာန်သည် ဘ၀၌ တချို့အကောင်များနှင့် ခြားနားစွာ လူတို့၏ ရိုက်နှက်ခြင်း ခံရသည်၊ ဆင်းရဲစွာလည်း အစာရှာရသည် စသော မကောင်းကျိုးတို့ကိုလည်း ခံစားရပြန်သည်။
ဤသည်မှာ ရထားပြီးသာ အကုသိုလ်အကျိုးကို တိုးပွားအောင် အားပေးခြင်းဖြစ်သည်။ ထို့သို့ အားပေးခြင်းဖြင့် အကျိုးပေးတတ်သောကံသည်လည်း ဥပတ္ထမ္ဘကကံဖြစ်သည်။

လိုရင်း တိုရှင်းမှတ်လျင်…
ကုသိုလ်ဇနကံအကျိုးကို တိုးတက်အောင် ထောက်ပံ့ အကျိုးပေးခြင်းသည် ကုသိုလ်ဥပတ္ထမ္ဘကကံဖြစ်သည်။
အကုသိုလ်ဇနကကံအကျိုးကို ကြာရှည် တိုးပွားအောင် ပံ့ပိုး အကျိုးပေးခြင်းသည် အကုသိုလ်ဥပတ္ထမ္ဘကကံဖြစ်သည်။

နှိပ်စက်ခြင်းလုပ်ငန်း (ဥပပီဠကကံ)

တခြားကံ၏ အကျိုး ကြာရှည်မတည်တံ့အောင် မဖွံ့ဖြိုးအောင် ဖျက်ဆီး အကျိုးပေးတတ်သောကံဖြစ်သည်။
ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း ဆုတ်ယုတ် လျော့ပါး ညှိုးနွမ်းအောင် နှိပ်စက်ခြင်းဖြင့် အကျိုးပေးတတ်သော ကုသိုလ် (သို့) အကုသိုလ် စေတနာ(ကံ) ဖြစ်သည်။

ကုသိုလ်ကို ဆုတ်ယုတ်အောင် နှိပ်စက်တတ်ခြင်းသည် အကုသိုလ်ဥပပီဠကကံကြောင့်ဖြစ်သည်။
အကုသိုလ်ကို လျော့ပါးအောင် နှိပ်စက်တတ်ခြင်းသည် ကုသိုလ်ဥပပီဠကကံကြောင့်ဖြစ်သည်။

ဥပမာ- တိရိစ္ဆာန်တစ်ကောင်သည် အကုသလ၀ိပါက် (အကုသိုလ်အကျိုး) ရရှိထားပြီးဖြစ်သည်။ သို့ပေမယ့် ထိုတိရိစ္ဆာန်သည် တခြားအကောင်းများနှင့်မတူစွာ
အစာကောင်းကောင်း စားရသည်၊ ဟန်ကျ ပန်ကျ နေရသည် စသော ကောင်းကျိုးများ ရသည်။
ဤသည်မှာ ထိုတိရိစ္ဆာန်၏ အတိတ်ဘ၀တခုခု၌ ပြုခဲ့သော ကုသိုလ်ပီဠကကံ၏ အကျိုးပေး ၀င်ရောက်ပြီး လက်ရှိအကုသိုလ်ကံအကျိုးပေးခွင့်များကို လျော့ပါးအောင် နှိပ်စက်ပေးလိုက်ခြင်းဖြစ်သည်။

ထို့ကြောင့်…လိုရင်း တိုရှင်းမှတ်လျင်…
ကုသိုလ်ဇနကကံအကျိုးကို လျော့ပါးအောင် နှိပ်စက်၍ အကျိုးပေးခြင်းသည် အကုသိုလ်ဥပပီဠကကံဖြစ်သည်။
အကုသိုလ်ဇနကကံအကျိုးကို လျော့ပါးအောင် နှိပ်စက်၍ အကျိုးပေးခြင်းသည် ကုသိုလ်ဥပပီဠကကံဖြစ်သည်။

သတ်ဖြတ်ခြင်းလုပ်ငန်း (ဥပစ္ဆေဒကကံ (သို့မဟုတ်) ဥပဃာတကကံ)

ဥပစ္ဆေဒကံကို ဥပဃာတကကံ ဟုလည်း ခေါ်ဆိုသည်။
အခြားကံ၏အကျိုးကို ၀င်ဖြတ်၍ ၎င်း၏အကျိုးကိုပါ ၀င်ပေးနိုင်သောကံသည် ဥပစ္ဆေဒကကံဖြစ်၏။
ကံတစ်ပါးကိုလည်းကောင်း ကံတစ်ပါးကြောင့်ဖြစ်သော ခန္ဓာအစဉ်ကိုလည်းကောင်း အကျိုးမပေး ဆိတ်သုဉ်းအောင် အတင်းဝင်ရောက် သတ်ဖြတ်အကျိုးပေးတတ်သော ကုသိုလ် (သို့) အကုသိုလ် စေတနာ(ကံ)သည် ဥပစ္ဆေဒကကံဖြစ်သည်။

ဤနေရာတွင်လည်း ကုသိုလ်ဥပစ္ဆေဒကကံ (သို့) အကုသိုလ်ဥပစ္ဆေဒကကံ ဟူ၍ (၂)မျိုးဖြစ်နိုင်သည်။

ဥပမာ- အဇာတသတ်မင်းသည် နောင်အခါတွင် မြတ်ဗုဒ္ဓကို သိပ်၍ ကြည်ညိုလာသည်။
မည်မျှပင် ဘုရားကြည်ညိုသော ကုသိုလ်များပြုပြု…၊ အဖသတ်ခဲ့သော ဥပစ္ဆေဒကကံ (ဥပဃာတကကံ) ရှိခဲ့ခြင်းကြောင့် ရှောင်လွှဲမရဘဲ၊ မဖြစ်မနေ ထိုကံ၏အကျိုးကို ခံရပြီး..ငရဲသို့ကျရလေသည်။
လက်ရှိရထားသော ကုသိုလ်ကံကျိုးတို့ကို..အတိတ်ကပြုခဲ့သော ကြီးလေးသည့် အကုသိုလ်ဥပစ္ဆေဒကကံ က…၀င်ဖြတ်၍ အကျိုးပေးလိုက်ခြင်းဖြစ်၏။

ဥပစ္ဆေဒကကံ ကို ကုသိုလ်ဘက်မှကြည့်လျင်…
အင်္ဂုလိမာလသည် သူသတ်သမား လူမိုက်ကြီးဖြစ်သည်။ အကုသိုလ်ကံတို့ကို များစွာ ပြုလုပ်ထားပြီး ဖြစ်သည်။
သို့ပေမယ့် သူသည် မြတ်ဗုဒ္ဓနှင့်တွေ့ပြီးနောက် အရဟတ္တမဂ် ကုသိုလ်ကို ပြုခွင့်ရသွားခဲ့သည်။ ရဟန္တာဖြစ်ခဲ့သည်။ နောက်ထပ် ခန္ဓာအကျိုးမရှိတော့ပြီ။
နောက်ထပ် ခန္ဓာမရတော့သောကြောင့် ထိုမကောင်းကျိုးများကို မခံစားရတော့။
သူ၏ အရဟတ္တမဂ်ကုသိုလ်ကြောင့် သူ ယခင်ပြုခဲ့သော အကုသိုလ်ကံကျိုးတို့သည် အကျိုးပေးခွင့်မရတော့ပေ။
ဤသည်မှာ ကုသိုလ်ဥပစ္ဆေဒကကံက..အကုသိုလ်ကံကျိုးတို့ကို ၀င်ဖြတ်၍ အကျိုးပေးလိုက်ခြင်းဖြစ်သည်။
ထို့ကြောင့် ကုသိုလ်ဥပစ္ဆေဒကကံ သည် လောကုတ္တရာကုသိုလ်ဟုလည်း ဆိုနိုင်သည်။

ကံ ကံ၏အကျိုးနှင့်ပက်သက်၍ အထက်ပါအတိုင်း လုပ်ငန်း ဆောင်ရွက်ပုံ ၄ ပါးကိုလည်း သိထားအပ်ပါသည်။

အောက်ပါတရားတော်မှ မှတ်သား ဖော်ပြခြင်းဖြစ်သည်။
အပိုင်း 11b- ဗုဒ္ဓဘာသာအခြေခံတရားတော်များ- ဒေါက်တာသီလာနန္ဒာဘိဝံသ
စာ-၄၈၊ အဘိဓမ္မာသင်တန်းပို့ချချက်များ - ဒေါက်တာသီလာနန္ဒာဘိဝံသ
ကမ္မစတုက္က - ဒေါ်ခင်လှတင် (ဓမ္မဗျူဟာ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP