နေ့သစ်တိုင်းလှစေဖို့
~~~~~~~~~~~~~~~~~~~~~~~~~~
လူတိုင်း လူတိုင်း လာမည့်ရက်သစ်တိုင်းသည် မိမိအတွက် မင်္ဂလာရှိသော နေ့သစ် ဖြစ်ချင်ကြမည်သာ။ မိမိဖြစ်ချင်သော နေ့သစ်မင်္ဂလာသည်လည်း နံနက်ခင်း၏ အလင်းရောင်တိုင်းကို ကုသိုလ်ကောင်းမှုတို့ဖြင့် ကြိုဆိုလိုက်မည်ဆိုရင် ထိုနေ့သစ်တွင် ဘယ်လိုနေထိုင်သွားလာရမည်ဟူသော နည်းတစ်ခု သို့မဟုတ်မူတစ်ခု ချက်မှတ်ကြရမည်။ ကျွနိုပ်တို့၏ ဗုဒ္ဓက လူသားတိုင်းအတွက် ဖြတ်ကျော်သွားလာရာ နေ့သစ်တိုင်းအတွက် မင်္ဂလာရှိစေရေးအတွက် မူ သို့ နည်းလမ်းများကို ဟောဖော်ညွှန်ကြားတော်မူခဲ့သည်။
ထိုကား
၁။ မကောင်းမှုဟူသမျှကို မပြုရာ။
၂။ ကုသိုလ်ကောင်းမှုနှင့် ပြည့်စုံစေရာ၏။
၃။ မိမိစိတ်ကို ဖြူစင်စေရာ၏။
ဤလောကတွင် ဒဿနိက ပညာရှင်၊ စိတ်ပညာရှင်၊ လူမှုရေးပညာရှင် စသည့် စသည့် ပညာရှင်တို့၏ “ဘ၀နေနည်းလမ်းညွှန်”များ အများအပြားရှိပါသည်။ သူတို့ပညာ သူတို့ ရှုထောင့်မှ ညွှန်ပြသော ဘ၀နေနည်းဆိုင်ရာ အဆိုအမိန့်များ နီတိများသည် သူတို့နည်း သူတို့ဟန်ဖြင့် အတိုင်းအတာတစ်ခုအထိ အသုံးဝင်မှန်ကန်နေပါလိမ့်မည်။ တန်ဖိုးရှိနေ ပါလိမ့်မည်။
စင်စစ်သော်… “မကောင်းမှုရှောင်၊ ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား”ဟူသော ဘုရားရှင်၏ အဆုံးအမတော်နှင့်အညီ နေထိုင်ခြင်းသည်ပင် ဓမ္မကို ဆောက်တည်ခြင်း ဓမ္မနှင့်အညီ ကျင့်ကြံနေထိုင်ခြင်းပင်ဖြစ်ပါသည်။ လူဘ၀ထဲတွင် ဓမ္မကိုလက်တွေ့အသုံးချခြင်း ဟုလည်း ဆိုနိုင်ပါသည်။ ထို့ကြောင့် အထက်ပါ ဘ၀နေနည်း လမ်းညွှန် သုံးခုတွင် မြတ်စွာဘုရားရှင်၏ နည်းညွှန်ချက်သည် အကောင်းဆုံး အပြည့်စုံဆုံး အထိမိဆုံး ဘ၀နေနည်းဖြစ်သည်။
ဒီနေ့မှာ မိမိသည်..
မကောင်းမှုတွေကို စွမ်းနိုင်သမျှ (သို့) လုံးဝရှောင်ကြဉ်မည်။
ကောင်းမှုကို စွမ်းနိုင်သမျှ (သို့) ဆောင်ရွက်မည်။
စိတ်ကို စွမ်းနိုင်သမျှ(သို့) ဖြူစင်နေအောင် ထားမည်ဟု သန္နိဋ္ဌာန်ချမှတ်ပါ။ အမြဲတမ်းပင် သတိတရရှိနေလိုက်ပါ။
လောကတွင် အတွေးအခေါ်အမျိုးမျိုးရှိသည်၊ ဒဿ အယူအဆများစွာရှိသည်။နီတိ အထွေ ထွေရှိသည်၊ ဘာသာရေးဆိုင်ရာ လမ်းညွှန်ချက် သွန်သင်ချက်တွေ များစွာ၊ ထိုများပြား လှသော အတွေးအခေါ် အယူအဆ ဒဿနနီတိများကို လေ့လာနိုင်လျှင် ကောင်းပါ၏။ ဗဟုသုတလည်း များစေပါ၏။ သို့သော် စားဝတ်နေရေး အဆင်ပြေအောင် ရုန်းကန် ကြိုးစားနေရသော မိသားစုများအတွက်တော့ ထိုဒဿနတို့သည် အကြားမျှရှိလိမ့်မည်။ စာဖက်ဝါသနာမပါခြင်း၊ စာဖက်ဝါသနာပါသော်လည်း မြင့်မားတဲ့ စာအုပ်ဈေးနှုန်းများကြောင့် အနားမကပ်ရဲခြင်း၊ စာစုံဖတ်နိုင်အောင် အေးဆေးသော အချိန် မပေးနိုင်ခြင်းစသော အခက်အခဲအဟန့်အတားများစွာရှိကြသည်။ ထိုသူတို့သည် ဘ၀နေနည်းများစွာနှင့် အဆိုမိန့် လို့ဆိုသော နီတိများကို မလေ့လာနိုင်သော်လည်း အားငယ်ဖွယ်ရာမလို၊ ၀မ်းနည်းဖွယ်ရာမလို၊ မြတ်ဗုဒ္ဓ၏ အကောင်းဆုံးလမ်းညွှန်ချက်ဖြစ်သည့် ဘ၀နေနည်းလမ်းညွှန်ဖြစ်သော အဆုံးအမ သုံးပါးကို အမြဲ နှလုံးသွင်းလျက် ထိုအဆုံးအမ နှင့်အညီ နေထိုင်သွားနိုင်ဖို့သာ လိုအပ်ပါသည်။
မကောင်းမှုရှောင်
မကောင်းမှုဟူသည် အဘယ်နည်း။
မိမိနှင့် သူတစ်ပါး အကျိုးစီးပွားကို ထိခိုက်ပျက်ပြားစေခြင်းမှန်သမျှသည် “မကောင်းမှု ”ဖြစ်ပါသည်။ ပြုသူရော၊ အပြုခံရသူကို နှစ်ဦးစလုံး၏ အကျိုးစီးပွားကို ထိခိုက်စေသော “ပြောမှု” “ပြုမှု” “ကြံစည်တွေးတောမှု” မှန်သမျှသည် မကောင်းမှုပင်ဖြစ်၏။ မကောင်းမှု ကိုယ်တိုင်က အပြစ်မကင်းသလို မကောင်းမှုပြုသူလည်း အပြစ်မကင်းပါ။ လောကတွင် ဆုံးရှုံးမှု ပျက်ပြားမှု၊ အပြစ်မကင်းမှု မှန်သမျှကို မွေးထုက်သော အရာသည် မကောင်းမှု ပင်ဖြစ်သည်။
ဆိုခဲ့သော ပြောမှု၊ ပြုမှု၊ ကြံစည်တွေးတောမှု၊ မကောင်းမှုတို့ကို မြတ်စွာဘုရားရှင်က လူသားတို့ မပြုအပ်သော ရှောင်ကြဉ်အပ်သော မကောင်းမှု (၁၀)မျိုးဟု အောက်ပါအတိုင်း ညွှန်ပြတော်မူခဲ့ပါ၏၊
ကာယကံမကောင်းမှုသုံးမျိုး
သက်ရှိသတ္တ၀ါများကို သတ်ဖြတ်ခြင်း။
မပေးသည်ကို ယူခြင်း။
သူတစ်ပါး သားမယား၌ မှားယွင်းစွာကျင့်ခြင်း။
ဝစီကံမကောင်းမှု လေးမျိုး
မဟုတ်မမှန်ပြောဆိုခြင်း။
ကုန်းချောစွာ ပြောဆိုခြင်း။
ကြမ်းတမ်းသော စကားကိုပြောဆိုခြင်း။
ပြိန်ဖျင်းသော စကားကိုပြောဆိုခြင်း။
မနောကံ မကောင်းမှု သုံးမျိုး
သူတစ်ပါးပစ္စည်းကို မကောင်းသဖြင့် ကြံစည်ခြင်း။
သူတစ်ပါးအား ပျက်စီးစေလိုခြင်း။
အယူမှားခြင်း။
အထက်ပါ မကောင်းမှုဆယ်မျိုး လေ့လာလိုက်သော် မိမိကြောင့် သူတစ်ပါးထိန်းထိုက် နစ်နာ အကျိုးမဲ့စေသော ကံအမှုများချည်းသာတွေ့ရသည်။

အမှန်တော့ လူသားအဖြစ် လူသားဘ၀ကို ရရှိပိုင်ဆိုင်နေခြင်းမှာ ဘ၀တူလူသားတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာအောင် ဆောင်ရွက်ဖို့မဟုတ်ပါ။ မိမိ အကြောင်းပြု၍ သူတစ်ပါးကို မျက်ရည်ပေါက်ကြီးငယ်ကျစေမည့် အလုပ်မျိုးလုပ်ဖို့ လူဖြစ်နေခြင်းမဟုတ်ပါ။ မိမိ၏ အသက်ရှင်နေထိုင်မှုသည် သူတစ်ပါး၏ အသက်ရှင်နေထိုင်မှုကို မထိပါး မဆော်ကားမိဖို့ လိုပါသည်။
ကြံစည်တွေးတောမှု၊ ပြောဆိုမှု့၊ ပြုလုပ်မှုစသော ကံသုံးပါးမှန်သမျှတိုင်းသည် တူသော အကျိုးကိုပေးပါ၏။ ထိုကမ္မနိယာမကို နှလုံးသွင်းလျက် နေ့စဉ်တိုင်းပင် မိမိ၏ စိတ်သည် ဘုရားရှင်နည်းညွှန်လမ်းပြတော်မူခဲ့သည် လမ်းပေါ်မှသည် လှပသောနေ့သို့ဖြတ်သန်းနိုင်ပါ စေဟု….ဆန္ဒဖြင့်……

0 comments:
Post a Comment