* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, March 19, 2011

သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ။


သီတဂူဆရာတော်ကြီး၏ မွေးနေ့ မင်္ဂလာ ဂုဏ်ပြု ချီးကျူး ပူဇော်လွှာ။

မြတ်စွာဘုရား သာသနာတော်အကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်တော်မူနေသော ကျေးဇူးတော်ရှင် မဟာဓမ္မကထိကဗဟုဇနဟိတဓရ၊အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာပဏ္ဍိတ သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ၏ ၁၃၇၂ခုနှစ် ၊ တပေါင်းလပြည့် (၁၉-၃-၂၀၁၁)နေ့တွင် ကျရောက်သော သက်တော်(၇၄)နှစ်ပြည့် ၀ိဇာတ မွေးနေ့မင်္ဂလာ ကို တပည့်တော် ရိုသေစွာ ရှိခိုး ကန်တော့လျှက် ချီးကျုး ပူဇော်ပါသည် ဘုရား………။

ပညာရွှေအိုး ၊ပြည့်လျှံဖြိုးအောင်၊

ကြိုးပမ်းပို့ချ၊ သင်ကြားပြ၍

ဖြူစွမနော၊ မိတ်သဘောဖြင့်

မြတ်သောအမွေ ပေးလေသူ။

ပညာရှိများ၏ စကားအတိုင်း သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ်၊ ဆရာဂုဏ် တို့ဖြင့် ပြည့်စုံတော်မူသော သာသနာတော်အတွက် အားထားကိုးစားရာ သာသနာ့အာဇာနည် ဖြစ်သော ဆရာတော်ဘုရားအား ဂုဏ်ပြုချီးကျူးခွင့်ရတဲ့အတွက် ရွှင်ပြုံးကြည်သာ ပီတိဖြာခဲ့ရပါသည်။ မွေးနေ့ ချီးကျုးဂုဏ်ပြုလွှာကို ဒုတိယအကြိမ် ရေးသားခွင့်ပေးသော အရှင်ကောဝိဒသိရီ (သီတဂူစတား) ပူနေး အရှင်ဘုရားအားလည်း ကျေးဇူးတင်ပါသည်..ဘုရား။

သူ့ကိုချီးမြောက်၊ ကိုယ်ဂုဏ်မြောက်၏

ယွင်းဘောက်အလို၊ ၀န်မတိုနှင့်

သူ့ကို ဂုဏ်နှိမ့် ၊ ကိုယ်ဂုဏ်နိမ့်၏

စည်းစိမ်အရာ၊ သူချမ်းသာနှိုက်

ဣဿာမပြု၊ ၀မ်းမြောက်ရှုလော့။

သူ့ကိုစောင့်မှ၊ သူက ကိုယ်ကို

ကြည်ညိုမေတ္တာ၊ စောင့်နိုင်ရာ၏။ (မာဃဒေ၀ ၁၈၅)


သူတစ်ပါး၏ အမှန်တကယ်ရှိသည့် ဂုဏ်ကျေးဇူးကို ထုတ်ဖော်ချီးကျူးခြင်းသည် ဘုရားအလိုကျ သူတော်ကောင်းတို့၏ အလိုကျဖြစ်သည်ဟူသော အချက်ကို ဖော်ပြပါ လင်္ကာဖြင့်သိနိုင်ပါသည်။

ယနေ့ ချီးမြောက်ပူဇော်မည့် သီတဂူဆရာတော်ကြီး အရှင်ဥာဏိဿရ ဆရာအရှင်မြတ်သည် သာသနာအတွက်၊ အများအတွက် အချိန်ကို အကျိုးရှိစွာ အသုံးချနေသည့် သာသနာပြု ရဟန်းတော်တစ်ပါးဖြစ်သည် ကို ဆရာတော်ကြီး၏ သာသနာပြု လုပ်ငန်းများက သက်သေပြ လျက်ရှိပါတယ်။


ဆရာတော်၏ သာသနာပြုလုပ်ငန်းများ၊


ဆရာတော်ကြီး၏ ရေအလှူတော်စီမံကိန်း၊ အာယုဒါန ဆေးရုံအလှူများ၊ ပညာရေးနယ်ပယ်မှာလည်း အပြည်ပြည်ဆိုင်ရာ ထေရ၀ါဒတက္ကသိုလ်ကြီးများ ညီလာခံကြီး ကို လက်ခံကျင်းပ နိုင်ခဲ့သည့်အထိ ဆောင်ရွက်ခဲ့ခြင်း၊

စစ်ကိုင်းမြို့ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကြီး သက်ဝင်လှုပ်ရှား အထူးအောင်မြင်လျက်ရှိခြင်း၊ ရန်ကုန်၊မန္တလေး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်ကို၎င်း ဖွင့်လှစ်ခဲ့ခြင်း ။


ထို့ပြင် တက္ကသိုလ်၏ ပါမောက္ခ၊ ကထိက ဆရာများကို ပြည်ပသို့ပညာတော်သင် စေလွှတ် ၍အမေရိက၊ အင်္ဂလန်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ နှင့် နိုင်ငံတကာ တက္ကသိုလ်အသီးသီးမှ ဒေါက်တာဘွဲ့များ၊ အမ်အေဘွဲ့များ ရယူစေခဲ့ခြင်း၊ တပည့်များသည် လည်း သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များတွင် စာပေများ သင်ကြားပို့ချလျက် တာဝန်များ ထမ်းဆောင်နေကြပြီဖြစ်ကြောင်းကြားသိရပါသည်။ဒါအပြင် ဆေးကျောင်းသား များကိုလည်းပညာသင်စရိတ်ထောက်ပံ့ ပညာသင်ပေး လျက်ရှိ ကြောင်း ၊ စက္ခုဒါနဆေးရုံတော်ကြီးများအား နိုင်ငံအ၀ှမ်း တည်ဆောက်လှူဒါန်းမှု သတင်းများ၊ ဘာသာရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှု့ရေးဆိုင်ရာ ကူညီထောက်ပံ့မှု့များ အကြောင်းကိုလည်း ပြောမကုန်နိုင်လိုက်အောင် ကြားသိရပြီး သာဓု အကြိမ်ကြိမ်ခေါ်မိပါတယ်။


ဆရာတော်၏ Ground to Crown ဆောင်ပုဒ်အတိုင်း ရေကြည်ရာ မြက်နုရာ မဟုတ်ဘဲ ရေမကြည်သေးတဲ့ နေရာ ရေကြည်လာအောင် မနုသေးတဲ့မြက် နေရာ မြက်နုလာအောင် အရိုင်းပန်းမှ တော်ဝင်ပန်း (သရဖူပန်း)အထိ အောင်မြင်လာအောင် ဆောင်ရွက်လာခဲ့သည် ကိုတွေ့ရပါသည်။


ဆရာတော်ကြီးသည် ကျမတို့မြို့သို့ ယခုနှစ်အတွင်းပင် တရားပွဲ ၂ကြိမ် လာရောက်ဟောကြားခဲ့သော်လည်း အနီးကပ်ဖူးမျှော်ခွင့် မရခဲ့ပါဘူး။ ၀ီရိယအား နည်း တဲ့ အတွက် တရားပွဲကို ပရိုဂျက်တာ ကပင်ဖူးမျှော်ရတာများပါတယ်။ သို့သော် ဆရာတော်ကြီး ၏ ဆုံးမ သြ၀ါဒများကတော့ ဘ၀အတွက်အဖိုးတန်စွာ နှလုံးသားထဲ တည်ရှိလျက်ရှိပါတယ်။


မကောင်းတာလုပ်မှ လူမိုက်မဟုတ်ဘူး။

အချိန်တွေကို အကျိုးရှိအောင် အသုံးမချပဲ အလကားကုန်ဆုံးစေတဲ့သူသည်လည်း လူမိုက်ပဲ ဆိုတဲ့ ….


သြ၀ါဒကတော့ ကျမတို့လို လူငယ်တွေအဖို့ အင်မတန်မှ ထိရောက်လှပါတယ်။ အချိန်တွေရှိပါလျက် ဘာအလုပ်မှ မလုပ်ဖြစ်လိုက်ဘူး၊ ကုန်ဆုံးသွားတဲ့ အချိန်တွေမှာ အကုသိုလ်၊ တွေလုပ်သလားဆိုတော့လည်း မဟုတ်ပြန်ဘူး၊ ဘာကိုမှ မလုပ်ပဲ ဖြုန်းတီး ကုန်ဆုံးစေတာပါပဲ။


ဘုရားဟော တရားတော်မှာ လူတစ်ယောက်ဟာ တစ်နေ့တာအတွက် ကုသိုလ်၊ပညာ၊ဥစ္စာ၊ ကျန်းမာရေးတစ်ခုခု ကိုရအောင် ကြိုးစားထိုက်တယ်။ တစ်ခုတည်းသော အကျိုးကျေးဇူး ကိုပင်ရအံ့၊ ဒီနေ့ဟာ မင်္ဂလာရှိတဲ့နေ့ပဲ ဆိုတဲ့ သြ၀ါဒ ကို သတိရမိပါတယ်။


ဆရာတော်သည် မိမိသြ၀ါဒများ အဟောအပြောများနှင့်အညီ သမာသမတ်ကျစွာ ရှေ့ကနေပြီး မားမားမတ်မတ်လုပ်ဆောင်ပြခဲ့ပါတယ်။ ဆရာတော်ကို ကြည်ညိုလေးစား၍ ကိုးကွယ်ကြသော တပည့်ဒကာ၊ ဒကာမများ အနေဖြင့် ဆရာတော်၏ သာသနာအတွက်စွမ်းစွမ်းတမံ ဆောင်ရွက်ချက်များကို တတ်နိုင်သလောက် အတုခိုး ကျင့်သုံးကြလျင်...ယခုဘ၀၌ပင် ကောင်းကျိုးချမ်သာ အဖြာဖြာတို့ ဖြစ်ထွန်း၍ မဂ်ဖိုလ်နိဗ္ဗာန်တိုင်အောင် တက်လှမ်းနိုင်သော အထောက်အပံ့များ ရရှိနိုင်ကြလိမ့်မည်ဟု ယုံကြည်ကာ သဒ္ဓါတရားဖြစ်ပေါ်မိပါတယ်။


ဆရာတော် အရှင်မြတ်၏ (၇၄)နှစ်မြောက် မွေးနေ့မင်္ဂလာ ရက်ြ့မတ်မှ သာသနာတော်မြတ်ကြီး တည်တံ့နေသရွေ့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဘာသာအကျိုး ဆောင်ရွက်နိုင်ပါစေဟု ဤဆောင်းပါဖြင့် ဂုဏ်ပြုပူဇော် ကန်တော့လိုက်ပါသည်ဘုရား…


ညခင်း
၁၇-၃-၂၀၁၁၊

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP