* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Thursday, February 17, 2011

ဗုဒ္ဓဘာသာမှာ ထင်ဟပ် ဖော်ပြထားတဲ့ စကြာဝဠာ ကမ္ဘာလောက (၃)



လောကဓာတ်သုံးမျိုးနှင့် အနန္တစကြာဝဠာ
အင်္ဂုတ္တရနိကာယ်၊ စူလနိကာသုတ်တော်မှာ လောကဓာတ်သုံမျိုးအကြောင်းကို ဟောထားတာ တွေ့ရပါ တယ်။ အဲဒီ ဟောကြားချက်ကတော့ -

“အာနန္ဒာ လ နေတို့ လှည့်လည်လျက် အရပ်မျက်နှာတို့ ထွန်းလင်းတောက်ပရာ (စကြာဝဠာ) တစ်ခု အပိုင်းအခြားကို တစ်ထောင်ဖြင့် မြှောက်ယူရသော လောကသည် ရှိ၏” လို့ ဆိုထားတာကြောင့် ကမ္ဘာ၊ လနှင့် နေတို့ကို စကြာဝဠာတစ်ခုလို့ ယူရတဲ့ အယူအဆ ပါပါတယ်။ အဲဒီမှာ လတစ်ထောင်၊ နေတစ်ထောင် စတာတွေနှင့် နတ်ဘုံတစ်ထောင်၊ ဗြဟ္မာဘုံတစ်ထောင် ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ စူဠနိကာလောကဓာတ် တစ်ထောင်ကို တစ်ထောင်ဖြင့် ထပ်မြှောက်လို့ ရတဲ့ လောက (1,000,000)ကိုတော့ မဇ္ဈိမိကာ လောကဓာတ်လို့ ခေါ်ပါတယ်တဲ့။ အဲဒီ မဇ္ဈိမိကာ လောကဓာတ်ကို တစ်ထောင်ဖြင့် ထပ်မြောက်လို့ရတဲ့ လောက (1,000,000,000,000)ကိုတော့ မဟာလောကဓာတ်လို့ ခေါ်ပါတယ်။

အဲဒီသုတ်တော်မှာပဲ ဘုရားရှင်ရဲ့ အသံတော်ကို (ဘုရားရှင် အလိုတော်ရှိလျှင်) ကြားနိုင်ရာ အရပ်ကို အရှင်အာနန္ဒက သုံးကြိမ်တိုင်တိုင် မေးလျှောက်လို့ ဖြေကြားထားရာမှာ စကြာဝဠာ ကုဋေတစ်သိန်းရှိ မဟာလောကဓာတ် တစ်ခုလုံးကိုလဲ ကြားသိစေနိုင်ကြောင်းနှင့် ထို့ထက်အလွန်လည်း အလိုရှိရာ အရပ်အပိုင်းအခြား တိုင်အောင် ကြားသိစေနိုင်ကြောင်း မိန့်ကြားတော်မူပါတယ်။ ဒါကိုကြည့်ရင် စကြာဝဠာ ကုဋေတစ်သိန်းကို မဟာလောကဓာတ်လို့ ခေါ်ကြောင်း သိနိုင်တဲ့ အပြင် စကြာဝဠာတွေဟာ ဒီထက်လဲ ပိုများကြောင်း သိနိုင်ပါတယ်။ ဒီတော့ အားလုံးသိပြီးသား စကားရပ်ဖြစ်တဲ့ “အနန္တ စကြာဝဠာ“ ဆိုတာ ဖြစ်လာတာပါပဲ။ စကြာဝဠာတွေဟာ ရေတွက်လို့ မရနိုင်လောက်အောင်ပါပဲ။

တစ်လောကပဲ ကမ္ဘာရဲ့ အနီးလေးမှာတင် ရှိနေပေမဲ့ အရင်က မမြင်မိတဲ့ ကြယ်တစ်လုံးကို တွေ့ရှိတဲ့ သတင်းတွေ ထွက်ရှိခဲ့ပါတယ်။ နောက် ဒီ ဖေဖော်ဝါရီလ (၂) ရက်လောက်ကပဲ စကြာဝဠာထဲမှာ သက်ရှိတွေ နေထိုင်နိုင်တဲ့ ကမ္ဘာအရွယ်အစား ဂြိုဟ် (၅)ခုကို နာဆာက တွေ့ရှိကြောင်း သတင်းတွေ ထွက်လာပြန်ပါတယ်။

နက္ခတ္တဗေဒ ပညာရှင်တွေက “စကြာဝဠာကြီးဟာ ခုလောလောဆယ် သူတို့ တွေးထင်ထားတဲ့ ကြယ်အရေအတွက်ထက် သုံဆခန့် ပိုမိုများနိုင်ကြောင်း” ပြောကြပါတယ်။ ကျွန်ုပ်တို့ နဂါးငွေ့တန်းနှင့် မတူတဲ့ အခြားသော နဂါးငွေ့တန်းတွေမှာ တွေ့မြင်ရတာတွေကို စောင့်ကြည့် လေ့လာပြီးတော့ သူတို့က ဒီလို အကဲဖြတ်ချက် လုပ်ကြတာပါ။ သုတေသနပညာရှင်တွေက The Journal Nature ကို ပြောတာက “ကြယ်တာရာတွေ ပိုများတာက မြေကမ္ဘာလိုမျိုး ဂြိုလ်တွေဟာ ကုဋေပေါင်းများစွာ ("trillions" of Earth-like worlds ) ကောင်းကောင်းကြီး ရှိနေနိုင်တယ်လို့ ဆိုလိုနိုင်ကောင်း ဆိုလိုနိုင်ပါတယ်” တဲ့။

ဒါကြောင့်ထင်ပါတယ်။ C. P. Ranasinghe က သူ့ရဲ့ The Buddha’s Explanation of the Universe စာအုပ်မှာ “စကြာဝဠာအကြောင်းကို ဆင်ခြင်ရာတွင် ဗုဒ္ဓသည် အပိုင်အခြားရှိသော သင်္ချာနည်းနှင့် အပိုင်အခြား မရှိသော သင်္ချာနည်း နှစ်နည်းလုံးကို အသုံပြုကြောင်းနှင့် အပိုင်းအခြားရှိတဲ့ သင်္ချာပညာ သဘောတရားများကို အပိုင်းအခြား မရှိသော သင်္ချာပညာတွင် အသုံးမပြုနိုင်ကြောင်း၊ အပိုင်းအခြား မရှိသော ပုစ္ဆာမှန်သမျှရဲ့ အဖြေဟာ တစ်ခုတည်းပဲ ရှိပြီး ထိုတစ်ခုတည်းသော အဖြေမှာလည်း အပိုင်းအခြား မရှိသော ကိန်းပင် ဖြစ်လိမ့်မည် ဖြစ်ကြောင်း” သုံးသပ်ပြပါတယ်။

စကြာဝဠာရဲ့ ဗဟိုချက်မ
အဲဒီလို စကြာဝဠာ ကမ္ဘာလောကတွေဟာ မရေမတွက်နိုင် (အနန္တ)ဖြစ်တဲ့ အတွက်ကြောင့် စကြာဝဠာရဲ့ ဗဟိုကို မတွက်ချက်နိုင်ဘူးလို့ သူက ဆိုပါတယ်။ စကြာဝဠာရဲ့ ဗဟိုနှင့် ပတ်သက်လို့ Ranasinghe ရဲ့ အဆိုက -

“ စကြာဝဠာသည် အကျယ် ပမာဏ၌လည်းကောင်း၊ အချိန်ကာလ ရှည်ကြာမှု အစရှိသည်တို့၌လည်းကောင်း မည်သည့်ဘက်တွင်မျှ အပိုင်းအခြားမရှိဟု ဗုဒ္ဓက ဆို၏။ အဆိုပါ အပိုင်းအခြား မရှိမှုကို မည်ကဲ့သို့မျှ သင်္ချာနှင့်တွက်၍ မရနိုင်။ ထို့ကြောင့် အဆိုပါ အပိုင်းအခြား မရှိမှုကို သမုဒ္ဒရာကြီး အတွင်း၌၊လည်းကောင်း၊ ဟင်းလင်းပြင် အတွင်း၌လည်းကောင်း ရှိသမျှသော အစက်အပြောက်များသည် စကြာဝဠာ၏ ဗဟိုချည်းသာ ဖြစ်ကြကုန်၏။ နက္ခတ္တဗေဒပညာရှင်များ တွေ့ရှိရသည့် ကြယ်များအနက်မှ အဝေးလံဆုံးဖြစ်သော ကြယ်ကို စကြာဝဠာ၏ ဗဟိုဟု ဆိုနိုင်သကဲ့သို့ ဤစကြာဝဠာမြေကြီးကိုလည်း စကြာဝဠာ၏ ဗဟိုဟု ဆိုနိုင်သည်သာ ဖြစ်၏။ အချိန်သည်လည်း ထိုနည်းအတိုင်းပင် ဖြစ်၏။ အချိန်၌လည်း အစလည်းမရှိ၊ အဆုံးလည်း မရှိ။ အချိန်သည် အတိတ်ဘက်တွင်လည်း အပိုင်းအခြားမရှိ။ အနာဂတ်ဘက်တွင်လည်း အပိုင်းအခြားမရှိအောင် ရှည်လျှား၏။ ထို့ကြောင့် အချိန်အစက်အပြောက်အားလုံးသည် အချိန်၏ ဗဟိုချည်း ဖြစ်ကြကုန်၏။ ပစ္စုပ္ပန်အချိန်သည် နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် ကြာသောအခါကျမှ ဖြစ်ပေါ်မည့် အနာဂတ် အချိန်တို့ကဲ့သို့ပင် အချိန်၏ ဗဟိုပင် ဖြစ်၏။” တဲ့။
သိပ္ပံပညာအဆမတန် တိုးတက်ထွန်းကားလာလို့ ရှာဖွေတွေ့ရှိမှုတွေ၊ အဖက်ဖက်မှာ တိုးတက်မှုတွေက အံ့မခန်းပါပဲ။ ဒါပေမဲ့ အဲဒီ ရှာဖွေတွေ့ရှိမှုဆိုတာကလဲ အချိန်နှင့် အမျှ ပြောင်းလဲနေပါတယ်။ ဒီနေ့ ဒီလိုတွေ့လို့ ဒီလိုပြောဆို တင်ပြနိုင်၊ အမှန်လို့ယူဆနိုင်တာတွေက ဒီနေ့အတွက်မျှပဲ ဖြစ်ပါတယ်။ မနက်ဖြန် အထောက်အထား တစ်မျိုးတွေ့ရင် ဒီနေ့ လက်ခံခဲ့တဲ့ အမှန်တရားဟာ မမှန်တော့ပြန်ပါဘူး။

ရှာဖွေတွေ့ရှိမှုနှင့် ပတ်သက်လို့ကလည်း တွေ့ရှိထားချက်တွေဟာ အများအပြားပဲဆိုတာ မှန်ပေမဲ့ တကယ်တော့ ကမ္ဘာဂြိုဟ်နှင့် စကြာဝဠာတွေရဲ့ လျှို့ဝှက်ချက်တွေကို ခုထိ နားမလည်နိုင်သေးတာတွေက သိပြီး နားလည်ပြီးတာတွေထက် အလွန်တရာမှ ပိုများနေသေးတယ်လို့ ပြောဆိုထား ကြတယ် မဟုတ်ပါလား။

ရည်ညွှန်း။
  1. စူဠနိကာသုတ္တံ၊ (အင်္ဂုတ္တရနိကာယ၊ တိကနိပါတ)၊ အံ ၁၊ ၂၂၇။
  2. Ranasinghe C. P., The Buddha’s Explanation of the Universe, p. 40.
  3. http://www.bbc.co.uk/news/science-environment-11888362

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP