* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, February 19, 2011

ရွှေစကားတို့၏ မြစ်ဖျား (၁)

“ငါ၏အူခွေအူမတို့သည် ဆာလောင်မွတ်သိပ်သည့်အတွက် မိမိတည်ရာ ၀မ်းဗိုက်အတွင်းမှထွက်၍ အပြင်၌ အစာရှာစေကာမူ၊ အသက်ကို စွန့်၍ရစေကာမူ၊ အသက်မွေးမူကို စောင့်ရှောက်ခြင်း၊ အာဇီဝ သီလကို မဖျက်ပေအံ့”

(ရှင်သာရိပုတ္တရာမထေရ်)

ဗုဒ္ဓ၀င်ကိုဇာတ်လမ်းတွဲရှည်ရုပ်ရှင်ကားကြီးသာ ရိုက်ဖြစ်ကြမယ်ဆိုရင် ကားတော်တော်များများမှသာ အရှင်သာရိပုတ္တရာနဲ့ အရှင်မောဂ္ဂလာန်ကို တစ်ပါးစီလှုပ်ရှားမူ ပုံရိပ်ထက် တပူးတွဲတွဲပုံရိပ်တွေကို စုပြီးဖူးတွေ့ကြရမှာထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗုဒ္ဓ၀င်စာမျက်နှာတွေကို လှန်ကြည့် လိုက်ရင် လူဝတ်ကြောင်ဘ၀နဲ့ တပူးတွဲတွဲတရားရှာခဲ့ကြပုံ၊ ရဟန်းဘ၀နဲ့ တပူးတွဲတွဲ သာသနာပြုခဲ့ကြပုံ စတဲ့ပုံရိပ်တွေက တစ်ပါးစီလှုပ်ရှားမူ ပုံရိပ်တွေထက် ပိုပြီး ရုပ်လုံးကြွနေ သလားလို့ပါ ဒီရုပ်လုံးကြွပုံရိပ်တွေကို ဒါရိုက်တာတွေကလည်း အလွတ်ပေးမှာမဟုတ်ပါဘူး။ ဒါက အနုပညာ ရှု့ထောင့်က တွေးကြည်မိတာပါ။

အရှင်သာရိပုတ္တရာရဲ့ စကားတော် မြစ်ဖျားခံရာ လိုက်ကြည့်လိုက်တော့ အရှင်မောဂ္ဂလာန်ကိုပါ ဇာတ်ဆောင်တစ်ပါးအနေနဲ့ ပူးတွဲတွေ့ရပါတယ်။

အခါတစ်ပါးမှာ အရှင်သာရိပုတ္တရာ မထေရ်မြတ်ဟာ အရှင်မောဂ္ဂလာန်မထေရ်နဲ့အတူ တစ်ခုသောတောအုပ်မှာ အရဟတ္တဖိုလ်သမာပတ်ကိုပွားများပြီး သီတင်းသုံးနေတော်မူပါတယ်။ အဲဒီလိုနေရင်း တစ်နေ့ အရှင်သာရိပုတ္တရာမထေရ်မှာ လေနာရောဂါတစ်ခု ဖြစ်ပေါ်လာတယ်။ ရောဂါဖြစ်လာတော့ ရောဂါရဲ့ဒဏ်ကို အနည်းနဲ့အများ ခံစားရစမြဲပေါ့။ အရှင်သာရိပုတ္တရာမထေရ်လည်း ရောဂါရဲ့ဒဏ်က သက်သာသလို သက်သာငြား လဲလျောင်းနေ တော်မူပါတယ်။ အဲဒီအချိန်မှာပဲ အရှင်မောဂ္ဂလာန်က အရှင်သာရိပုတ္တရာကို ခစားဖို့ ရောက်လာပါတယ်။ အရှင်သာရိပုတ္တရာပြူမူနေပုံ အနေအထားကို ကြည့်ပြီး ရောဂါတစ်ခုခု ခံစားနေရတာပဲလို့ သိလိုက်ပါတယ်။

“ငါ့ရှင် ဘာရောဂါ ခံစားနေရပါသလဲ”

“တပည့်တော်လေနာရောဂါ ခံစားနေရပါတယ်”

“ငါ့ရှင်ရှေးတုန်းက ဘာဆေးနဲ့ပျောက်ဖူးသလဲ”

“အို့ ငါ့ရှင် လူ့ဘောင်မှာနေစဉ်အခါတုန်းက ဒီလေနာရောဂါဖြစ်ပြီဆိုရင် ငါရဲ့မယ်တော်က ထောပတ်ပျားသကာတွေနဲ့ ရောနှောပြီး ရေမရောတဲ့နို့ရည်နဲ့ချက်တဲ့ “ဃနာနို့ထမင်း”ကို ကျွေးပါတယ်။ အဲဒီ ဃနာနို့ထမင်းနဲ့ ပျောက်ပါတယ်”

ငါ့ရှင် သာရိပုတ္တရာ သင့်ရဲ့ဘုန်းကံ ငါ့ဘုန်းကံ တစ်ကယ်လို့ရှိမယ်ဆိုရင် မနက်ဖြန်ခါ သင်ပြောတဲ့ ဃနာနို့ထမင်းကို ရကောင်းပါရဲ့

မထေရ်နှစ်ပါးအပြန်အလှန်ပြောဆိုနေတာကို သစ်ပင်စောင့်နတ်က ကြားသွားပါတယ်။ ဒီသစ်ပင်စောင့်နတ်က အရှင်သာရိ ပုတ္တရာမထေရ် ကြည်ညိုရင်းစွဲသူပါ။ သူလည်းအရှင်သာရိပုတ္တရာမထေရ် ရောဂါကို တစ်ဖက်တစ်လမ်းက ကူညီချင်ဟန် တူပါတယ်။ ဒါကြောင့် အရှင်သာရိပုတ္တရာရဲ့ ဒါယကာအိမ်သွားပြီး မနက်ဖြန် အရှင်သာရိပုတ္တရာအတွက် နို့ဃနာ ဆွမ်းလောင်းရင် သားကြီးကို လွှတ်ပေးမယ်လို့ ပြောဆိုပါတယ်။ ဒီတော့ အိမ်ရှင် တွေက “သင်မပြောလဲ အရှင်သာရိပုတ္တရာကို ငါတို့လောင်းလှူနေကျပဲ” လို့ ပြန်ပြောလိုက်ပါတယ်။

တိုတိုပြောရရင်တော့ နောက်တစ်နေ့ နံနက် အရှင်မောဂ္ဂလာန်ဆွမ်းခံကြွ၊ အရှင်မောဂ္ဂလာန်ကို အိမ်မှာ ဘုန်းပေးသုံးဆောင်စေ၊ အရှင်သာရိပုတ္တရာ အတွက် “နို့ဃနာဆွမ်း” သပိတ်ထဲအပြည့်လောင်းလှူ၊ အရှင်မောဂ္ဂလာန်ကျောင်းပြန်ပြီး အရှင်သာရိပုတ္တရာကို ဆွမ်းကပ်ပေါ့။

အရှင်သာရိပုတ္တရာက အရှင်မောဂ္ဂလာန်ကပ်တဲ့ “နို့ဃနာဆွမ်းကို ဆင်ခြင်ကြည့်လိုက်တော့ “ပယောဂ” ပါနေတယ်ဆိုတာ သိလိုက်ပါတယ်။ ဒါကြောင့် ငါ့ရှင် မောဂ္ဂလာန်၊ သုံးဆောင်ခြင်းငှာမထိုက်၊ သင့်လျော်ရာ တစ်နေရာမှာ သွန်ပစ်လိုက်ပါ။လို့ မိန့်ဆိုပါတယ်။အရှင်မောဂ္ဂလာန်ကလည်း “ငါကဲ့သို့ သောသူ ယူဆောင်လာသောဆွမ်းကို မသုံဆောင်လေတကား” လို့စိတ်ထဲစနိုး စနှောင့်အဖြစ်ဘဲ သင့်လျော်ရာမှ သွန်ပစ်လိုက်ပါတယ်။ နို့ဃနာဆွမ်း မြေပေါ်မှာ ရောက်တာနဲ့ အရှင်သာရိပုတ္တရာ မထေရ်က အောက်ပါနိဒါန်းစကားကို ကျူးရင့်လိုက်ပါတယ်။

“၀စီဝိညတ်ပြန့်ခြင်းဟုဆိုအပ်သော နှုတ်မြွတ်ပြောဆိုခြင်းကြောင့် ဖြစ်ပေါ်သော ပျားသကာတို့နှင့် ရောနှောအပ်သော နို့ဃနာဆွမ်းကို ငါသည် အကယ်၍ စားမိသည် ဖြစ်အံ့။ ငါ၏အသက်မွေးခြင်းကို သူတော်ကောင်းတို့ကဲ့ရဲအပ်သည် ဖြစ်ရာ၏။ ငါ၏အူခွေအူမတို့သည် မိမိတည်ရာဝမ်းဗိုက်အတွင်းမှထွက်၍ အပြင်၌အစာရှာစေကာမူ အသက်ကိုစွန့် ရစေကာမူ အသက်မွေးမူကိုစောင့်ရှောက်ခြင်း၊ အာဇီဝသီလကို မဖျက်ပေအံ့။ ငါသည် မိမိ၏စက်ကို နှစ်သက်စေအံ့၊ မလျောက်ပတ်သော ရှာမှီးခြင်းကို ငါစက်ဆုပ်ရွံရှာတော်မူအပ်သော မသင့်သောရှာမှီးခြင်းကို ငါရှောင်ကြဉ်ပေအံ့။ ငါသည် မြတ်စွာဘုရားကိုယ်တော်မြတ် စက်ဆုပ်ရွံရှာတော်မူအပ်သော မသင့်သော ရှာမှီးခြင်းမျိုးကို အမြဲပင်မပြုပဲနေအံ့။”

ဒီနေရာမှာ ရှင်းပြစရာတစ်ခုရှိပါတယ်။ ဘာလို့လဲဆိုတော့ အရှင်သာရိပုတ္တရာနို့ဃနာဆွမ်းကို သွန်ပစ်ရတဲ့အကြောင်းပါ။

မြတ်စွာဘုရားရဲ့ တပည့်သားရဟန်းတော်တွေဟာ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေးဆိုတဲ့ ပစ္စည်းလေးပါးအတွက် ဒကာ၊ ဒကာမတွေကို အမှီပြုပြီး နေကြရတာပါ။ အမှီပြုပြီး နေရတယ်ဆိုတာကို အလှူခံချင်ရင် ခံခွင့်မရှိပါဘူး။ စည်းတွေဘောင်တွေရှိပါတယ်။

စာထဲမှာအလှူခံခြင်းနှင့် ပက်သက်ပြီး နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ၀ိညတ်ဆိုတဲ့ဝေါဟာရလေးမျိုးရှိပါတယ်။ နိမိတ်ဆိုတာက လိုချင်တဲ့ပစ္စည်း တစ်ခုကို အမှတ်နိမိတ်ပြုပြီး အလှူခံတာပါ၊ သြာဘာသဆိုတာက အဖြောင့် တိုက်ရိုက်မဆိုတဲ့ ရိပ်ခါဝဲခါနဲ့ ပြောဆိုပြီး အလှူခံတာပါ။ ပရိကထာဆိုတာက ပရိယာယ်စကားကိုပြောပြီးအလှူခံတာပါ။ ၀ိညတ်ဆိုတာက “ကျောင်းလှူလော့” လို့အဖြောင့်တိုက်ရိုက် အလှူခံတာပါ။

ရဟန်းတော်တွေဟာ ပစ္စည်းလေးပါးထဲက ဆွမ်းနဲ့သင်္ကန်းကို အထက်ကပြောခဲ့တဲ့ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ၀ိညတ်ဆိုတဲ့ လေးမျိုးနဲ့ လုံးဝအလှူခံမကောင်းပါဘူး။ ကျောင်းကို နိမိတ်၊ သြဘာသနှစ်မျိုးနဲ့ အလှူခံကောင်းပါတယ်။ ဆေးပစ္စည်းကျတော့ နိမိတ်၊ သြဘာသ၊ ပရိကထာ၊ ၀ိညတ်လေးမျိုးလုံးနဲ့ အလှူခံခွင့်ရှိပါတယ်။ ဒါကစာမှာလာတဲ့ အဆုံးအဖြတ်ပါ။

အခု အရှင်မောဂ္ဂလာန်ရလာတဲ့နို့ဃနာဆွမ်းဟာ ကိုယ်တိုင် ပယောဂမပါပေမယ့် သစ်ပင်စောင့်နတ်ရဲ့ နှုတ်မြွက်ခြင်းဆိုတဲ့ ၀ိညတ်ပယောဂ ပါနေပါတယ်။ ဒါကိုကြည့်ပြီး အရှင်သာရိပုတ္တရာက သွန်ပစ်ခိုင်းတာဖြစ်ပါတယ်။

ဒီအပြုအမူကိုသီလထဲမှာထည့်ရင် အာဇီဝပါရိသုဒ္ဓသီလပါ။ အာဇီဝပါရိသုဒ္ဓိသီလဆိုတာက ဗေဒင်ဟောလို့ ဆေးကုလို့စသည့်ဖြင့် မသင့်သောနည်း တွေနဲ့ ရှာမှီးလို့ရတဲ့ ပစ္စည်းလာဘ်လာဘရှောင်ကြဉ်တာပါ။

အပြစ်မကင်းတဲ့အပြူအမူတွေနဲ့ ကြုံတဲ့အခါ ကြိုက်အရှက်၊ ငိုက်မရှက်အစရှိတဲ့ လောကစကားပုံတွေနဲ့ ကိုယ်အပြစ်နဲ့ကိုယ် ဖော့တွေးခဲ့ဖူးပါတယ်။ အရှင်သာရိပုတ္တရာနဲ့ အပြုအမူကို ဖတ်ပြီးကျောထဲချမ်းစိမ်းသွားတာတော့အမှန်ပါပဲ

ဆရာတော်ရဝေနွယ် (အင်းမ)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP