* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Saturday, January 22, 2011

ဘာတွေက မညီတာလဲ ဘယ်လိုညှိရမလဲ

ဘုန်းဘုန်းဘုရား

ရိုသေစွာလျှောက်ထားအပ်ပါသည်ဘုရား

လူမှာ သဒ္ဓါတရားဖြစ်ဖို့ အရမ်းအရေးကြီးသလို ဒီသဒ္ဓါ လွန်ပြန်တော့လည်း တဏှာကျွန်ပြန်ဖြစ်တယ်ဆို အဲဒါလေးကို သေသေချာချာလေး သိချင်လို့ပါဘုရား။ ထိပ်ဆုံးကနေ အောက်ဆုံးကိုပြန်ကျသွားတော့ ဘာတွေက မညီတာလဲ ဘာတွေနဲ့ ညှိရမလဲဆိုတာနဲ့ ဘယ်လို သာဓကတွေ ရှိခဲ့သလဲ ဆိုတာ သိချင်ပါတယ် ဘုရား။

မကြည်ပြာ(စင်္ကာပူ)

ဟုတ်ပါတယ် ဒကမလေးရေ.. သဒ္ဓါတရားဖြစ်ဖို့ အရေးကြီးသလို သဒ္ဓါလွန်လို့ကွန့်တာ သဒ္ဓါလွန်လို့ တဏှာဖြစ် တတ်တယ်ဆိုတာ ဟုတ်ပါတယ်။
သဒ္ဓါဖြစ်ဖို့ အရမ်းအရေးကြီးပါတယ်။ ယုံကြည်မှု လို့ခေါ်တဲ့သဒ္ဓါတရား မရှိရင် ဒီလူဟာ ကောင်းတာလုပ်လုပ် မကောင်းတာဘဲ လုပ်လုပ် ဘာမှမထူးပါဘူးကွာ..ဆိုတဲ့ စိတ်ဝင်သွားပါမယ်။ ဒီလိုစိတ်ဝင်သွားရင် မကောင်းတာမှန်သမျှ မလုပ်ရဲတာ မရှိတော့ပါဘူး။ မကောင်းတာမှန်သမျှ လက်ရဲ ဇက်ရဲ လုပ်လာတဲ့ ဒီလူမှာ မကောင်းမှုတွေ ဆက်တိုက်ဖြစ်ဖို့ပဲ ရှိပါတော့တယ်၊မကောင်းမှုတွေဆက်တိုက်လုပ်ရင် အကုသိုလ်တွေ တပုံတပင်နဲ့ အပါယ်ငရဲကို တန်းသွားရပါလိမ့်မယ်။ ဒါကြောင့် သဒ္ဓါတရားဖြစ်ဖို့အရေးကြီးပါတယ်။

သဒ္ဓါတရားဖြစ်ဖို့ ဘာတွေလုပ်ရမလဲဆိုရင်

၁။ ကြည်လင်အေးချမ်းတဲ့စိတ်နဲ့သူတစ်ပါးကို လှူဒါန်းပါ၊ကူညီပါ(စိတ်မကြည် မလင်မဖြစ်ရပါဘူး)၊

၂။ကိုယ်ကျင့်တရားကောင်းအောင် စောင့်ထိန်းပါ၊

၃။ယုံကြည်ချက်အားလျော်တဲ့ ဥပုသ်သီလ စောင့်ထိန်းပါ၊

၎။ဂုဏ်တော်ပွားပါ တရားထိုင်ပါ(အဘိ၊ဋ္ဌ၊၁၊၁၆၂)-ဒါဆိုရင် ကိုယ့်ရဲ့ သဒ္ဓါတရားတွေ ပြန်ဖြစ်လာပါလိမ့်မယ်၊ တိုးတက်လာပါလိမ့်မယ်။

သဒ္ဓါလွန်ရင် ကွန့်-တဲ့၊ သဒ္ဓါလွန်လို့ တဏှာဖြစ်ခဲ့တာတွေ ဘုရားလက်ထက်မှာရော ယနေ့ခေတ်မှာပါ ရှိခဲ့ ရှိနေပါတယ်၊ သူ့နာမည်က သုပဗ္ဗာ.တဲ့၊ သံဃာတော်တွေကို သိပ်ကြည်ညိုပါတယ်၊ ကြည်ညိုလွန်း သဒ္ဓါဖြစ်လွန်းတော့..သူစဉ်းစားတာက..သံဃာတော်တွေကို ဒကာ ဒကာမတွေက လှူနေတဲ့ပစ္စည်းတွေ အများကြီးပဲ၊ မလှူတာ တစ်ခုပဲရှိတယ်၊ လူများတွေ မလှူတဲ့ အဲဒီအလှူကို လှူရင် အမြတ်ဆုံးဒါန ဖြစ်လိမ့်မယ်လို့ တွေးပြီး သံဃာတော်များကို မေထုန်အလှူ လှူတယ်၊ (ပါ။၁။နှာ၄၉) ၊ဘုရားရှင်က သံဃာတော်များအတွက် စည်းကမ်းချမှတ်ရသလို သုပဗ္ဗာရဲ့ သဒ္ဓါတရားကိုလဲ အကျိုးမရှိတဲ့ သဒ္ဓါတရားလို့ မိန့်တော်မူပါတယ်။ ပုဂံခေတ်မှာ ပန်းဦးဆက်ရတဲ့ လုပ်ရပ်ကလဲ သဒ္ဓါလွန်တဲ့ ပြယုဂ်တစ်ခုလို့ ပြောနိုင်ပါမယ်။

ဟုတ်ပါတယ်။ ဒါကြောင့် ဟန်ချက်ညီတဲ့ သဒ္ဓါတရား ငြိမ်းချမ်းမှုရှိတဲ့သဒ္ဓါ၊ ပြတ်သားတဲ့ သဒ္ဓါတရားဖြစ်ဖို့ ပညာနဲ့ ညှိရပါမယ်။ သဒ္ဓါတရား အားကောင်းပြီး ပညာမပါရင်လဲ တလွဲဖြစ်တတ်တယ်။ နည်းလမ်းမကျဖြစ်လိမ့်မယ်၊ ခုတ်ရာတခြား ရှရာတခြား ဖြစ်ပါလိမ့်မယ်၊ ပညာအားကောင်းပြီး သဒ္ဓါတရားမပါရင်လဲ ဘာကိုမှ မယုံကြည်တော့ပဲ လူချော်ကြီး ဖြစ်သွားပြန်ပါတယ်။ မြန်မာပြည်မှာထင်ရှားခဲ့တဲ့ လူသေလူဖြစ်ဝါဒ ကို လေ့လာနိုင်ပါတယ်။ ပညာပဲဦးစားပေးပြီး ယုံကြည်မှု သဒ္ဓါတရားမရှိတော့.. ဘုရားဟောတဲ့ နတ်ပြည်ခြောက်ထပ် ဗြဟ္မာပြည် ၂၀ ဆိုတာ မရှိဘူး..လူသေရင် လူပဲပြန်ဖြစ်မယ်..တိရိစ္ဆာန် နတ် ဗြဟ္မာ ဆိုတာ မဖြစ်နိုင်ဘူး၊ သုံးဆယ့်တစ်ဘုံဆိုတာ မရှိနိုင်ဘူးတွေ ဖြစ်ကုန်ပါတော့တယ်။

ဒါကြောင့် မကြည်ပြာရေ.. သဒ္ဓါတရားကို ပညာနဲ့ ညှိပါ၊ ပညာကိုလဲ သဒ္ဓါနဲ့တိုင်းတာပါ သဒ္ဓါ ပညာမျှတဲ့ ဘ၀ဟာ ငြိမ်းချမ်းသာယာပါလိမ့်မယ်လို့ ဖြေလိုက်ပါရစေ။

ယုံကြည်မှု သဒ္ဓါတရားကလဲ အဆင့်လေးဆင့်ရှိပါသေးတယ်. ဘုရားလောင်းတွေရဲ့ ယုံချက် အာဂမသဒ္ဓါ၊တရားထူးရပြီးတဲ့ အရိယာပုဂ္ဂိုလ်များရဲ့ အဓိဂမသဒ္ဓါ၊ ရတနာသုံးပါးအပေါ်မှာ တကယ့်ကို သက်ဝင်ယုံကြည်တဲ့ ဩကပ္ပနသဒ္ဓါနဲ့ ရတနာသုံးပါးအပေါ်မှာ အစဉ်အလာယုံကြည်တဲ့ ပသာဒသဒ္ဓါဆိုပြီး လေးမျိုးရှိသလို ပညာမှာလဲ သူ့အဆင့်နဲ့သူရှိတယ်ဆိုတာကိုပါ ပူးတွဲမှတ်ထားစေချင်ပါတယ်။

သဒ္ဓါ ပညာ ဟန်ချက်ညီညီဖြင့် အတ္တဟိတ ပရဟိတ.ကို ဆက်လက် လုပ်ဆောင်နိုင်ပါစေ။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP