ကောမာရီဗြဟ္မစရီယသီလ
21 January 2011
အရှင်ဘုရား
အိမ်ထောင်မရှိသော အပျို၊ လင်ကွာ တစ်ခုလပ်နှင့် မုဆိုးမများ ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ် ခံယူဖွယ်မလို၊ ခံယူ၍ မရ၊ ထို့ကြောင့် ငါးပါးသီလ ခံယူရာ၌ ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်နေရာမှာ အဗြဟ္မစရိယာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ထည့်ပြီး ကောမာရီဗြဟ္မစရီယသီလခံယူရမယ်လို့ ဆရာတော်တစ်ပါးက ဟောပြောပါသည်။ ထိုကောမာရီဗြဟ္မစရိယသီလ အကြောင်း ရှင်းလင်းအောင် ဖြေကြားတော်မူပါဘုရား။
ဒေါ်သန်းသန်းစိန်
သီရီမင်္ဂလာဈေး
ဤကောမာရီဗြဟ္မစရိယ သိက္ခာပုဒ်အကြောင်း ရေရေလည်လည် နားလည်ရန် ကာမေသု မိစ္ဆာစာရ သိက္ခာပုဒ်အကြောင်း ကို အထူးလေ့လာ မှတ်သားရန် လိုပေသည်။ ငါးပါးသီလတွင် တတိယမြောက် သိက္ခာပုဒ်မှာ ယင်း ကာမေသုမိစ္ဆာစာရ သိက္ခာပုဒ်ဖြစ်ပါသည်။ မိမိခင်ပွန်း၊ မိမိဇနီးတို့မှ တစ်ပါး တစ်ပါးအခြားသူနှင့် မှားမှားယွင်းယွင်း ဖောက်ဖောက်ပြန်ပြန် ကျင့်ခြင်းဟု ဆိုလိုပါ၏။ ဤ၌ ကာမဘုံသားများဖြစ်၍ မိမိ၏ တရားဝင် ဇနီးခင်ပွန်းချင်း လိင်ဆက်ဆံမှုမှာ မှားယွင်း ဖောက်ပြန်၍ ကျင့်ခြင်းမဟုတ်သဖြင့် အပြစ်မရှိဟု ဆိုနိုင်ပါ၏။
တရားဝင်မဟုတ်သော ယောင်္ကျား၊ မိန်းမတို့၏ ကျင့်ခြင်းကိုသာ ဖောက်ပြန်သော ကျင့်ခြင်းဟု ဆိုပါ၏။ ဥပမာ ယောက်ျားတို့အဖို့ မိမိဇနီး မဟုတ်သော မိန်းမ ပျို အို အားလုံးအား လိင်ဆက်ဆံမှုပြုလျှင် ကာမေသုမိစ္ဆာစာရ ဖြစ်၏။ မိန်းမတို့အဖို့ မိမိကာမပိုင်ရှိသူ( တရားဝင် လင်ယောက်ျားရှိသူ) ဖြစ်လျှင် မိမိ ကာမပိုင်ယောက်ျား၊ တရားဝင် လင်ယောက်ျားမှ တစ်ပါး ယောက်ျားအားလုံးနှင့် မဆက်ဆံရပေ။ ဆက်ဆံလျှင် ယောက်ျား၊ မိန်းမ နှစ်ဦးလုံးပင် ကာမေသုမိစ္ဆာစရာပုဒ်အရ အပြစ်ရှိတော့သည်။
ဤတွင် မိန်းမအနေဖြင့် ကာမပိုင်ရှိ၊ မရှိ ဟူသော စကားကို သတိပြုရမည်။ ကာမပိုင် မရှိသော အပျို၊ တစ်ခုလပ်၊ မုဆိုးမ တို့အဖို့ ဤနေရာ၌ ခြွင်းချက်ဖြစ်သည်။ ဤအကြောင်းကို ပိုမို၍ ရှင်းရှင်းလင်းလင်းသိနိုင်ရန် အဂမနိယ၀တ္ထုလာသော သွားလာမဆက်ဆံအပ်သော မိန်းမနှစ်ကျိပ်(၂၀) ကို သိထားရန် လိုပေသည်။
ယင်းမှာ
၁။ မာတုရက္ခိတ - အမိစောင့်ထိန်းသောမိန်းမ ( အပျိုစင်)။
၂။ ပိတုရက္ခိတ - အဖစောင့်ထိန်းသော မိန်းမ။
၃။ မာတာပိတုရက္ခိတ- မိဖနှစ်ပါးစောင့်ထိန်းသော မိန်းမ။
၎။ဘဂိနိရက္ခိတ- အစ်မ၊ ညီမ စောင့်ထိန်းသောမိန်းမ။
၅။ ဘာတုရက္ခိတ- မောင်ကြီး၊ မောင်ငယ် စောင့်ထိန်းသောမိန်းမ။
၆။ ဥာတိရက္ခိတ- ဆွေးမျိုးစောင့်ထိန်းသောမိန်းမ။
၇။ ဂေါတ္တရက္ခိ- အနွယ်(အသင်းအဖွဲ့) စောင့်ထိန်းသောမိန်းမ။
၈။ဓမ္မရက္ခိတ- တရား(ကျင့်သုံး) စောင့်ထိန်းသောမိန်းမ။
( ဤ ၈ ဦးကို သီးခြားမှတ်ပါ)
၉။ သာရက္ခ - လင်ရှိ( ထိမ်းမြားထားသောမိန်းမ)။
၁၀။ သပရိဒဏ္ဍ - မင်းဒဏ်ထား၍ အစောင့်အရှောက်ခံမိန်းမ။
၁၁။ ဓနက္ကီတ- ဥစ္စာဖြင့် ၀ယ်ထား၍ ပိုင်ရှင်ရှိသောမိန်းမ။
၁၂။ ဆန္ဒ၀ါသိနီ- နှစ်ဦးသဘာတူလက်ထပ်ထားသော မိန်းမ။ ( ခိုးရာလိုက်ပြေးသောမိန်းမ)
၁၃။ ဘောဂ၀ါသီနိ- စည်းစိမ်ပေး၍ တစ်ဦးတစ်ယောက်က အပိုင်ယူထားသောမိန်းမ။
၁၄။ ပဋ၀ါသိနီ- အ၀တ်အစားရ၍ မယားဖြစ်နေသောမိန်းမ။
၁၅။ သြဒပတ္တကိနီ- ရေခွက်၌လက်စုံချ၍ လက်ထပ်ထားသောမိန်းမ။
၁၆။ သြဘဋစုမ္ဗဋာ- ထင်းသည်၊ ဈေးသည် စသည်ကို တစ်ဦးတစ်ယောက်က ခေါင်းခုကို ချစေ၍( ရွက်ဆောင်သယ်ပိုးမှုမှ လွတ်စေ၍) အပိုင်ယူထားသောမိန်းမ။
၁၇။ ဓဇာဟဋာ- စစ်တိုက်ရာမှ သုံ့ပန်းအဖြစ် ဖမ်းယူလာသောမိန်းမ။
၁၈။ ကမ္မကာရီဘရိယာ- အိမ်မှုအလုပ်ကို မယားအဖြစ် အိမ်ရှင်က ယူထားသောမိန်းမ။
၁၉။ ဒါသီဘရိယာ- ကျွန်မကို သခင်က မယားပြုသောမိန်းမ။
၂၀။ မုဟုတ္တိက- တစ်ခဏမျှ ပေါင်းသင်းရန် ငှားထားသော မိန်းမ။
( ဤ ၁၂ မျိုးကို သီးခြားမှတ်ပါ)
၁ မှ ၈ အထိ ရှေးမိန်းမ ၈ ဦးမှာ ကာမပိုင်မရှိ တစ်နည်း မိမိကိုယ်ကို မိမိပိုင်သော အပျိုစင်များဖြစ်သည်။( တစ်ခုလပ်၊ မုဆိုးမ များလည်းပါသည်။ ဤ မိန်းမ ၈ ဦးမှာ မိမိကာမကို မိမိသာပိုင်သောကြောင့် ( တစ်နည်း ကာမပိုင် မရှိသောကြောင့်) ယောက်ျားတစ်ပါးနှင့် ဆက်ဆံခြင်းကြောင့် မိန်းမတို့၌ ကာမေသုမိစ္ဆာစာရမဖြစ်၊ အမိအဖစသော စောင့်ထိန်းသူတို့သည် ဘေးရန် အန္တရာယ်မထိ ပါးရန်သာ စောင့်ထိနးကြရခြင်းဖြစ်၍ ကာမကိုမပိုင်၊ ကိုယ့်ကာမကို ကိုယ်သာပိုင်၍ လွတ်လပ်ကြသူများဖြစ်သည်။
ယောက်ျားတို့မှာကား မိမိကာမပိုင်မယား မဟုတ်က မိန်းမ နှစ်ကျိပ်(၂၀) လုံး၌ပင် မဆက်ဆံရပေ။ ဆက်ဆံက ကာမေသု မိစ္ဆာစာရ ဖြစ်တော့သည်။
ထို့ကြောင့် ယောက်ျားတို့အဖို့ အပျိုစင်မိန်းမကိုဖြစ်စေ၊ လင်ရှိမယားကိုဖြစ်စေ မိမိနှင့်မဆိုင်သော မိန်းမတို့အား ဆက်ဆံပြစ်မှားလျှင် အပြစ်အတူတူပင် ဖြစ်သည်။ အပျိုစင်ဖြစ်၍လည်း အပြစ် မလျော့၊ လင်ရှိမယားဖြစ်၍လည်း အပြစ်မပို၊ ကာမေသုမိစ္ဆာစာရဖြစ်၍ ဤအပြစ်အတွက် ငရဲခံရတော့မည်မှာ သေချာလှပေသည်။
မိန်းမများအဖို့ကား နံပါတ် ၉ မှ ၂၀ အထိ ၁၂ ဦးမှာ ကာမပိုင်ရှိသူများဖြစ်၍ မိမိကာမပိုင်မှတစ်ပါး အခြားသော ယောက်ျားနှင့် ဆက်ဆံမိက ကာမေသု မိစ္ဆာစာရ ဖြစ်တော့သည်။ ငရဲမှ မလွတ်နိုင်။
ရှေး ၈ ဦးမှာကား မိမိကာမ မိမိပိုင်၍ ယောက်ျားတစ်ပါးနှင့် ဆက်ဆံခြင်းဖြင့် အပြစ်မရှိ၍ ဤအချိန်တွင် ကာမေသုမိစ္ဆာစရ သိက္ခာပုဒ်ကို ခံယူသော် လည်း မရရှိပေ။
သို့သော် အပြစ်မရှိဆို၍ လွန်ကျူးရမည်ဟု မဆိုလို၊ သံသရာအပြစ်မရှိသော်လည်း လောကပြစ်ကား အလွန်ဆိုးဝါးလှပါသည်။ ဂုဏ်သိက္ခာကင်း နစ်နာခြင်းက နစ်နာသောအဖြစ်သို့ ကျရောက်ရသဖြင့် မိမိကိုယ်ကို တန်ဖိုးထားလျက် ဟီရိသြတ္တပ္ပတရားပွားများ နေထိုင်သင့်ကြပေသည်။
အထူးတလည် ရှောင်ရှားမနေရသည့်အတူတူ ခရီးသွားဟန်လွှဲ ထူးထူးကဲကဲ သမာဒါန၀ိရတီသီလည်း ရကြအောင် ဖော်ပြပါ အပျိုစင်( တစ်ခုလပ်၊ မုဆိုးမ) တို့အဖို့ ကောမာရီဗြဟ္မစရိယသီလကို အစားထိုးစောင့်ရှောက်သင့်ပေသည်။ (အပျိုစင်ဘ၀ဖြင့် မရနိုင်ဘဲ အိမ်ထောင်ပြုသောအခါတွင်ကား ဤကောမာရီဗြဟ္မစရီယသီလကို ဖျက်၍ အဗြဟ္မစရိယ နေရာတွင် ကာမေသုမိစ္ဆာစရာ အစားထိုးကား မူလငါးပါးသီလအတိုင်း ခံယူသွားရမည် ဖြစ်ပေသည်။)
ကောမာရီဗြဟ္မစရိယသီလသည် ခေမာထေရီ၊ ဥပ္ပလ၀ဏ်ထေရီ စသော ရဟန္တာမကြီးများ နုစဉ်ဘ၀က စောင့်ရှောက်ခဲ့ကြသောသီလ ဖြစ်ပေသည်။ အထူးသဖြင့် မိမိတို့အပျိုစင်ဘ၀၌ ထိုသီလကို ခံယူစောင့်ရှောက်ကြရသဖြင့် လူသာဓုခေါ်၊ နတ်သာဓုခေါ် တော်ဝင်အပျိုစင်ကလေးအဖြစ်ဖြင့် အလိုလိုပင် သိဒ္ဓိမြောက်၍နေကာ မှည့်တစ်ပေါက်မစွန်း အချီးမွမ်းခံဘ၀ဖြင့် လှလှပပနေနိုင်သဖြင့် အိမ်ထောင်မရှိသူ အပျိုစင်တိုင်း၊ တစ်ခုလပ်၊ မုဆိုးမတိုင်း ကြိုးစားစောင့်ရှောက် သင့်ပါကြောင်း တိုက်တွန်းလိုပါသည်။
မြတ်သတိဝါဒီ မဂ္ဂဇင်း
အောက်တိုဘာလ၊ ၂၀၀၁ ခုနှစ်။

0 comments:
Post a Comment