*မပိုင်သည့်အရေး*
ဒီပိုစ်လေးကို စာရေးဆရာ ချစ်စံဝင်း ရေးသားသည့် “ဤခရီးနီးသလား” စာအုပ်ကို ကျွန်တော် ဖတ်ရင်းနဲ့ အဲဒီစာအုပ်ထဲမှာပါသည့် မပိုင်သည့်အရေး ခေါင်းစဉ်အောက်က မြတ်စွာဘုရားရှင် လက်ထက်တော်က သေခြင်းတရားကို မသိသေးသည့် ကုန်သည်တစ်ယောက်အကြောင်းကို ပြန်လည်ကူးပြီး ဖော်ပြလိုက်ခြင်း ဖြစ်ပါတယ်။
“အကြင်ကုန်သည် အမျိုးသား၏ ခရီးဆုံးသည် နီးပါပြီလော”
“သာဝတ္တိသို့ ၀င်ရန် မြစ်တစ်ခုသာ ခြားတော့၏။ ကျွန်ုပ်တို့၏ ခရီးဆုံးက မဝေးတော့ပါပြီ။ သို့သော် ကျွန်ုပ်တို့သည် ခရီးပန်းလှပေပြီ။ ယခုညတွင် ဤမြစ်တစ်ဖက်ကမ်းတွင်ပင် အိပ်စက်၍ ခရီးတစ်ထောက် နားကြရမည်။ နံနက်မိုးသောက်သောအခါတွင်မှသာ သာဝတ္တိမြို့သို့ ၀င်ကြွတော့အံ့”
တစ်ခါက ကုန်သည်တစ်ဦးသည် ဝေးလံသော အရပ်မှ အ၀တ်အထည်များကို လှည်းငါးရာဖြင့် တင်ဆောင်၍ သာဝတ္တိမြို့ အနီးသို့ ရောက်ရှိလာသည်။ သာဝတ္ထိမြို့သို့ဝင်ရန် မြစ်တစ်ခုသာ ခြားနေတော့၏။ ထိုအခါ ကုန်သည်အမျိုးသားသည် ငါတို့ လာခဲ့ရသော ခရီးကလည်း ဝေးလံလှသည်။ အားလုံးသော လှည်းသမားတို့သည်လည်း ခရီးပန်းလာကြသည်။ ထို့ကြောင့် ယခု မြစ်တစ်ဖက်ကမ်းတွင်သာ ခရီးတစ်ထောက်နား၍ နက်ဖြန်တွင်မှ မြစ်ကိုကူး၍ သာဝတ္ထိမြို့တွင်းသို့ ၀င်တော့အံ့ဟု စိတ်ကူးကာ မြစ်ကမ်းနဖူးတွင်ပင် လှည်းငါးရာကို ဖြုတ်စေ၍ နားနေလိုက်ကြ၏။
ထိုနေ့ ညဦးယံသို့ ရောက်သောအခါ မိုးကြီးသည်းထန်စွာ ရွာတော့သည်။ မိုးကြီးရွာသွန်းမှုကြောင့် မြစ်တစ်ခုလုံးသည် ရေအလျဉ်ဖြင့် ဖုံးအုပ်ကာ ပြည့်လျှံသွားတော့သည်။ ရေများသည် ခုနှစ်ရက်တိုင်တိုင်ပင် လျော့ကျသည်ဟူ၍ မရှိဘဲ ပြည့်လျှံ၍သာ နေတော့၏။ ထို့ကြောင့် ကုန်သည် အမျိုးသားသည် တစ်ဖက်ကမ်းသို့ မကူးနိုင်ဘဲ ရှိတော့သည်။
မြစ်တစ်ဖက်ကမ်းသို့ သာဝတ္ထိမြို့အတွင်း၌ကား နက္ခတ်ပွဲသဘင်ကို ခုနှစ်ရက်တိုင်တိုင် ခြိမ့်ခြိမ့်သဲ ကျင်းပလျက်ရှိ၏။ မြစ်ရေလည်း ခုနှစ်ရက်တိုင်တိုင် မကျဘဲရှိပေရာ ကုန်သည် အမျိုးသားသည် မည်သို့မျှ တစ်ဖက်ကမ်းသို့ မကူးနိုင်ဘဲ ရှိခဲ့၏။ ထို့ကြောင့် သာဝတ္ထိမြို့ နက္ခတ်ပွဲသဘင်၌ အ၀တ်အထည်များ ရောင်းချရန် အားခဲ၍ လာခဲ့သော ကိစ္စမှာလည်း မအောင်မမြင် ဖြစ်ခဲ့ရတော့သည်။
ကုန်သည် အမျိုးသားသည် အထည်ရောင်းချရန် ကိစ္စ မအောင်မြင်ဖြစ်ရသည်ကို မည်သို့ ပြုလုပ်ရမည့်အကြောင်း စဉ်းစားရာမှ “ငါသည် ဝေးလံသော ခရီးကို ဖြတ်ကျော်၍ လာခဲ့ရသည်။ ယခု ပစ္စည်းများ မရောင်းရ၍ ပြန်တော့အံ့ဟုဆိုလျှင် အပြန်ခရီးသည်ပင် အတော်ကြာဦးမည်။ ထို့ကြောင့် ဤအ၀တ်အထည်များကို ဤနေရာ၌ပင် စတည်းချ၍ နွေမိုးဆောင်း ရောင်းချတော့မည်။ အ၀တ်အထည်များ ကုန်မှပင် ငါပြန်တော့မည်” ဟု ဆုံးဖြတ်ချက် ချလိုက်လေသည်။
ထိုသို့ ကုန်သည်က ဆုံးဖြတ်ချက် ချနေချိန်တွင် မြတ်စွာဘုရားသည် ထိုနေရာသို့ ဆွမ်းခံကြွရင်း ရောက်ရှိလာရာ ကုန်သည်၏ အကြံကို သိတော်မူ၍ မြတ်စွာဘုရားသည် ပြုံးတော်မူလေ၏။ ထိုအခါ မြတ်စွာဘုရား၏ နောက်ပါးမှ ခစားလျက်ရှိသော အရှင်အာနန္ဒာက မြတ်စွာဘုရား ပြုံးတော်မူရခြင်း အကြောင်းရင်းကို လျှောက်မေးသောအခါ မြတ်စွာဘုရားက-
“အာနန္ဒာ သင်သည် ဟိုကုန်သည်ကို တွေ့သည် မဟုတ်ပါလား” ဟုမေးလေ၏။
“တွေ့ပါတယ် မြတ်စွာဘုရား”
“ဤကုန်သည် အမျိုးသားသည် သူသေရမည့်ရက်ကို သူမသိသဖြင့် ဤနေရာ၌ပင် သူ့ကုန်များကို တစ်နှစ်ပတ်လုံး ရောင်းချရန် စိတ်ကူးဆုံးဖြတ်၍နေ၍ ငါပြုံးရသည်”
“မြတ်စွာဘုရား ထိုသူ၏ အသက်အန္တရာယ်သည် အလွန်ပင် နီးကပ်နေပါပြီလားဘုရား”
“ချစ်သား အာနန္ဒာ ကုန်သည်၏ အသက်အန္တရာယ်သည် အလွန်မှ နီးကပ်လျက်ရှိသည်။ ကုန်သည်၏ အသက်သည် ခုနှစ်ရက်စာသာ ကြွင်းကျန်နေတော့သည်။ ဤနေ့မှ ခုနှစ်ရက်မြောက်သောနေ့တွင် ဤကုန်သည် သည် သေမင်း၏ ခံတွင်းသို့ သက်ဆင်းရလိမ့်မည်ဖြစ်သည်။”
မြတ်စွာဘုရားသည် ဤသို့ မိန့်တော်မူပြီး သေခြင်းတရားကိုလည်း အောက်ပါအတိုင်း ဆင်ခြင် နှလုံးသွင်းတော်မူ၏။
ပြုဖွယ်ကိစ္စဟူသမျှကို ယနေ့ပင် ပြုလုပ်အားထုတ်သင့်သည်။ သေမည့်ရက်ကို မည်သူမျှ ဧကန်ပိုင်ပိုင် မသိနိုင်၊ စစ်သည်အင်အား မြောက်မြားလှသော သေမင်းနှင့် အချိန်းအချက် ဆိုသည်မရှိ။ ထို့ကြောင့် ပြုဖွယ်ကိစ္စဟူသမျှကို နေ့ရောညဉ့်ပါ မပျင်းမရိ အားထုတ်သင့်၏။ ထိုသို့ အားထုတ်သူအတွက် နေ့ရက်ဟူသမျှသည် ကောင်းမြတ်သည်သာ ဖြစ်၏။
မြတ်စွာဘုရားသည် ဤသို့ နှလုံးသွင်း ဆင်ခြင်ပြီးသည်ရှိသော် အရှင်အာနန္ဒာက ဆက်လက်၍-
“မြတ်စွာဘုရား၊ ထိုသူအား သွားရောက် ပြောကြားရပါမည်လား ဘုရား” ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားက-
“အာနန္ဒာ၊ သင်နှင့် အကျွမ်းဝင်လျှင် သွား၍ပြောကြားချေ” ဟု မိန့်ကြားတော်မူရင် အရှင်အာနန္ဒာသည် လှည်းများစခန်းချရာသို့ သွားရောက်၍ ဆွမ်းရပ်တော်မူ၏။
ထိုအခါ ကုန်သည် အမျိုးသားသည်လည်း မထေရ်မြတ်အား စားသောက်ဖွယ်ရာတို့ဖြင့် ပြုစုလုပ်ကျွေးလေ၏။ ထိုစဉ် အရှင်အာနန္ဒာက-
“ဒါယကာ ကုန်သည်၊ သင်သည် ဤအရပ်၌ မည်မျှကြာကြာ နေဦးမည်နည်း” ဟုမေးသောအခါ ကုန်သည်က-
“အရှင်ဘုရား၊ တပည့်တော်သည် ဝေးလံသောခရီးမှ လာရပါသည်။ လာရခြင်းအကြောင်းရင်းမှာ သာဝတ္ထိမြို့၏ နက္ခတ်ပွဲသဘင်၌ တပည့်တော်ပါလာသော အထည်များကို ရောင်းချရန်ဖြစ်ပါသည်။ သို့သော်လည်း မြစ်ရေကြီးမှုကြောင့် သာဝတ္ထိမြို့၏ နက္ခတ်ပွဲသဘင်ကို မမီခဲ့တော့ပါ။ ယခုအခါ နက္ခတ်ပွဲသဘင်လဲ ပြီးခဲ့ပြီ ဖြစ်၍ ပြန်ရဦးမည်ဆိုပါက အချိန်များ အလွန်မတန် ကြာညောင်းပါဦးမည်။ ထို့ကြောင့် တစ်နှစ်ပတ်လုံး ဤအရပ်တွင်ပင်နေ၍ ဤအထည်များကို ရောင်းချရန် စိတ်ကူးဆုံးဖြတ်ထားကြောင်းပါ ဘုရား” လျှောက်ထားလေ၏။
“အသင် ဒါယကာ ကုန်သည်၊ အသက်အန္တရာယ်ဟူသည် သိနိုင်ခဲသော အရာဖြစ်၏။ ထို့ကြောင့် ဤကိစ္စအား မမေ့မလျော့ သတိထားရန် လိုအပ်ပေသည်။”
ထိုသို့ အရှင်အာနန္ဒာက မြွတ်ကြားတော်မူသောအခါ ကုန်သည် အမျိုးသားသည် စိုးရိမ်မှု ဖြစ်လာသောကြောင့်-
“အရှင်ဘုရား၊ တပည့်တော်တွင် အသက်အန္တရာယ် ရှိနေ၍ မိန့်ကြားတော်မူခြင်းပါလော” ဟု လျှောက်ထားလေသည်။
“မှန်ပေသည် ဒါယကာ၊ သင်၏ အသက်သည် ခုနှစ်ရက်စာမျှသာ ကြွင်းကျန်တော့၍ ဤကိစ္စကို မမေ့မလျော့ သတိပြုသင့်ပြီ ဖြစ်သည် ဒါယကာ”
အရှင်အာနန္ဒာ၏ မြွတ်ကြားချက်ကို ကြားသောအခါ ကုန်သည်လည်း ကြီးစွာသော ထိတ်လန့်ခြင်းဖြစ်၍ မြတ်စွာဘုရား အမှူးပြုသော ရဟန်းသံဃာတို့ကို ထိုအရပ်သို့ ပင့်ဖိတ်၍ ခုနှစ်ရက်ပတ်လုံး အလှူကြီးကို ပေးလှူကာ အနုမောဒနာ ပြုလေ၏။
မြတ်စွာဘုရားသည်လည်း “ ဒါယကာ၊ အမြော်အမြင် ပညာရှိသူသည် ဤနေရာတွင်ပင် နွေ၊ မိုး၊ ဆောင်း နေမည်၊ ဤကိစ္စကို ပြုဦးမည်၊ ဤသို့ချည်း စိတ်ကူးနေရန် မသင့်၊ မိမိ၏ အသက်အန္တရာယ် သေခြင်းတရားကိုလည်း အစဉ်ထည့်သွင်းစဉ်းစားရန် လိုအပ်လှသည်” ဟု မိန့်ကြားတော်မူလျှင် ကုန်သည်ဒါယကာ အမျိုးသားလည်း တရားတော်၏ အဆုံးတွင် သောတာပန် တည်လေသည် ဟုဆို၏။
ထို့နောက် ကုန်သည် ဒါယကာသည် မြတ်စွာဘုရားနှင့် သံဃာတော်တို့အား လိုက်လံပို့ဆောင်လေ၏။ ထို့နောက် မိမိနေရာ မြစ်ကမ်းသို့ ပြန်လည်ရောက်ရှိသောအခါ “ခေါင်းမူးလှသည်” ဟု ဆိုကာ အိပ်ရာထက်၌ လှဲအိပ်လိုက်စဉ်ပင် ကွယ်လွန်၍ တုသိတာ ဘုံဗိမာန်၌ တည်လေ၏။
----------------------------------------------------------------------------------------
အထက်ပါ တရားတော်ထဲမှ ကုန်သည် သည် မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ် အခွင့်အခါကောင်းနဲ့ ကြုံဆုံရ၍သာ သေရမည့် ရက်ကို ကြိုတင်သိ၍ မြတ်စွာဘုရားရှင် အမှူးပြုသည့် သံဃာတော်များကို အလှူကြီးပေးလှူကာ မြတ်စွာဘုရားရှင် တရားတော်ကို နားကြားပြီး သောတာပန် တည်ခဲ့ခြင်းဖြစ်ပါတယ်။ ဘုရား၊ ရဟန္တာမှတပါး သေပြီးသည့်နောက် အခြားဘာဖြစ်မည်ကို မည်သူမျှ ကြိုတင်မသိနိုင်တဲ့ ကျွန်တော်တို့လို သူတွေအတွက်တော့ ကြိုတင် ပြင်ဆင် ထားခြင်းမရှိလျှင် ဘယ်ဘုံ၊ ဘယ်ဘ၀ ဘယ်ကမ်းကို ဆိုက်ပြီး ရှည်လျားလှတဲ့ ဘ၀ သံသရာကြီးကို မျောနေမလဲ မသိဘူး။ သေခြင်းတရားကို မည်သူမျှ ရင်ဆိုင် အံတုလို့ မရနိုင်ပါဘူး။ သေခြင်းတရားသည် အသက် အရွယ် ဆင်းရဲချမ်းသာ ဘွဲ့ထူး ရာထူး စည်းစိမ် ဥစ္စာ ဆိုပြီး အဆင့်အတန်း မခွဲခြားဘဲ ကွေးသောလက် မဆန့်မီ ဆန့်သောလက် မကွေးမီ ရောက်ရှိလာနိုင်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အလွန်ချစ်လှစွာသော သားနှင့်သမီး၊ ဆရာနှင့်တပည့်၊ ခင်ပွန်းနှင့်ဇနီး၊ ညီအကိုမောင်နှမများ၊ မိတ်ဆွေသူငယ်ချင်းများ တစ်ယောက်နှင့်တစ်ယောက် အသက်မက ချစ်ကြပါသော်လည်း အိုခြင်း၊ နာခြင်း၊ သေခြင်း ကိုတော့ မည်သူမျှ ကိုယ်စားဝင်၍ “သူ့ကိုယ်စား၊ ကျွန်တော်/မ အသေစားခံပါမည်လို့” ပြောလို့လည်းမရပါဘူး။
ခန္ဓာကြီးကို ပိုင်ဆိုင် နေသမျှ ကာလပတ်လုံး အိုခြင်း၊ နာခြင်း၊ သေခြင်း တရားတွေကို ရင်ဆိုင်နေရမှာဘဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တတွေ ကွန်ပူတာ ရှေ့မှာ ထိုင်ပြီး စာတွေကို ရိုက်နေ၊ ဖတ်နေရင်းတောင် မျက်စိတွေ၊ လက်တွေ၊ ညောင်းညာကိုက်ခဲလာပြီး ခန္ဓာကိုယ်ကြီးက နာခြင်း သဘောတွေကို ပြလာတယ်။ စာဖတ်သူကိုယ်တိုင် ဒီပိုစ်လေးကို ဖတ်ရင်းနဲ့ ဆင်ခြင် ကြည့်လိုက်ပါ။ မျက်လုံးက ဘယ်လိုနေလဲလို့။ ကျွန်တော်ကိုယ်တိုင် မျက်စိနာရင်းနဲ့ ရေးနေတဲ့အတွက် ပိုပြီး သိသာပါတယ်ခင်ဗျာ။ ကိုယ်ကိုကိုယ်တော့ အသက်မကြီးသေးပါဘူး လို့ ထင်မိတာပါဘဲ၊ ဒါပေမယ့် နာခြင်း သဘောကို ခံစားလာရတယ်။ ထို့ကြောင့် ကျွန်တော်တို့အားလုံးသည် အသက်အရွယ် အချိန်အခါ မရွေး မအိုမီ၊ မနာမီ၊ မသေမီ သက်သာအောင် ကြိုတင်ပြင်ဆင် ထားမှသာ အသေလှပြီး လာခြင်းကောင်းသောသူ ဖြစ်မည်ဖြစ်ကြောင်း ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။
အားလုံးသော ဓမ္မမိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
တောသားလေး

0 comments:
Post a Comment