* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 21, 2011

အင်ဒိုခရီးစဉ် (၃)


ဂျာကာတာအပြည်ပြည်ဆိုင်ရာလေဆိပ်ကို
၁၀နာရီ မိနစ် ၅၀ မှာဆိုက်ရောက်ပြီး ၁၁ နာရီ ၁၅ မိနစ်ခန့်မှာ
လာကြိုနေတဲ့ ဒေါ်ဇင်မာဝင်းနဲ့ ကားဆရာကိုတွေ့ပါတယ်။

နေ့ဆွမ်းစားချိန်ဖြစ်နေလို့ လေဆိပ်ထဲက ထွက်ထွက်ချင်း
ကားပတ်ကင်းနဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စားသောက်ဆိုင်မှာ
နေ့ဆွမ်းစားဖြစ်ပါတယ်။

ဒေါ်ဇင်မာဝင်းက စားဖွယ် သောက်ဖွယ်တွေကို မှာပါတယ်။
ဆွမ်းထမင်း၊ ဘဲကင်၊ အင်ဒိုနီးရှားဟင်းသုံးလေးမျိုး၊
ပြီးတော့ ဆက်ကပ်လှူဒါန်းပါတယ်။

ဒီကပ်လှူဒါန်းခြင်းကိစ္စကလဲ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ
ဗုဒ္ဓဘာသာဝင်ဒကာ ဒကာမတွေအတွက် မထူးဆန်းပေမဲ့
ဗုဒ္ဓဘာသာနဲ့ သိပ်ပြီးမရင်းနှီးသေးတဲ့သူတွေ၊ ဗုဒ္ဓဘာသာဝင်မဟုတ်သူတွေအတွက်
အတော်ထူးဆန်းတဲ့လုပ်ရပ်ပဲ။

သောကြာနေ့ညတိုင်း စာလာသင်နေတဲ့တရုတ်မကြီးတစ်ယောက်ရှိတယ်။
နဂိုက သူ ဗုဒ္ဓဘာသာအကြောင်း ဘာမှ မသိဘူး။
ဘုရား၊ တရား၊ သံဃာဆိုတာကိုတောင် မကြားဘူးဘူး။
မိမိ မလေးရှားရောက်ပြီး သုံးလလောက်အကြာမှာ
ကျောင်းရောက်လာပြီး စပ်စုတယ်။
ဘာလို့ သင်္ကန်းဝတ်ထားတာလဲ၊ ဘာလုပ်လဲ၊
ဗုဒ္ဓဘာသာဆိုတာဘာလဲ စသဖြင့်။

ဒီလို လဲ ပေါင်းများစွာကို ဖြေကြားပေးရင်း
တဖြေးဖြေးဗုဒ္ဓဘာသာသဘောတရားကို သိလာကာ
ဗုဒ္ဓဘာသာဝင်တို့လုပ်တဲ့အလုပ်ကို လုပ်လာတယ်။

တစ်နေ့ ဆွမ်းပင့်ကပ်တယ်။
စားဖွယ်သောက်ဖွယ်တွေကို စားပွဲပေါ်မှာ ပြင်ဆင်ပေးပြီး
စားဖို့ (ဘုဉ်းပေးဘို့) ပြောပါတယ်။
ဒို့က ဒီလိုစားပွဲပေါ်တင်ပေးထားရုံလေးနဲ့ စားလို့ မရသေးကြောင်း၊
စားပွဲ သို့မဟုတ် စားဖွယ်ဟင်းလျှာတွေကို မြှောက်ပြီးကပ်ရအုံးမည်ဖြစ်ကြောင်း
ပြောပြပါတယ်။

အိုး၊ အဆင်သင့်ခူးခပ်ထည့်ပေးထားပြီဘဲ၊ မလိုပါဘူး၊ နှိုက်သာ စားလိုက်ပါတော့လို့
ပြန်လည်လျှောက်ထားဘူးပါတယ်။

ဂျာကာတာလေဆိပ် စားသောက်ဆိုင်မှာ ထုံးစံအတိုင်း ဒေါ်ဇင်မာဝင်းက
စားပွဲပေါ်က ဆွမ်း၊ ဆွမ်းဟင်းတို့ကို ကပ်ပါတယ်။

ဆွမ်းကပ်တာနဲ့ပတ်သက်လို့ ရဟန်းသံဃာတော်များ
ဆွမ်းဘုန်းပေးနေစဉ် အမြဲလိုလို ကြားနေရတဲ့စကားကတော့
“ဟဲ့၊ ဟင်းခွက်တွေ သွားမကိုင်နဲ့၊ စားပွဲ သွားမထိနဲ့၊
ကပ်ပြီးသွားပြီ၊ အကပ်ပျက်လိမ့်မယ်” ဆိုတာတွေပါဘဲ။

တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ ကပ်ပြီးလဲ ကိုင်ကောင်းပါတယ်။
ဘုန်းကြီးက ကပ်ပြီးသား ဆွမ်း၊ ဆွမ်းဟင်းတွေကို ပြန်မစွန့်မချင်း
(ပြန်မပေးမချင်း) ကိုင်ကောင်းပါတယ်။

ဒါနဲ့စပ်လို့ မဟာဂန္ဓာရုံဆရာတော်ကြီး ရေးထားတဲ့
အခြေခံဗုဒ္ဓဘာသာသင်တန်းထဲက သိဖွယ် မှတ်သားဖွယ်ကို
ကူးပြီး ဖော်ပြလိုက်ပါတယ်။

အကပ်မြောက်ကြောင်း အင်္ဂါငါးပါး
အစားအသောက် တစ်စုံတစ်ရာကို အကပ်ခံလျှင်
၁။ ကပ်သူက ကပ်မည့်စားဖွယ်သောက်ဖွယ်ကို အကပ်ခံသောရဟန်းဆီသို့ ညွတ်ခြင်း၊ ရှေးရှု ဆောင်ခြင်း။
၂။ ကပ်သူသည် အကပ်ခံသူ၏ နှစ်တောင့်ထွာအတွင်း၌ ရှိနေခြင်း။
၃။ အစားအသောက်ထည့်သောဗန်း၊ ဗန်းတင်ထားသောခုံစသည်နှင့်တကွ စားသောက်ဖွယ်သည် အလည်အလတ်စားရှိသော ယောက်ကျားတစ်ယောက် မြှောက်ချီးနိုင်လောက်သည်ထက် ပိုမလေးခြင်း။
၎။ ကပ်သူက ကိုယ်အင်္ဂါတစ်ခုခုဖြင့်ဖြစ်စေ၊ ကိုယ်အင်္ဂါနှင့်ထိစပ်နေသော ဇွန်း၊ ပန်းကန်စသည်ဖြင့် ဖြစ်စေ နှစ်တောင့်ထွာအတွင်း၌နေလျက် ပစ်လွှတ်၍ဖြစ်စေ ပေးခြင်း။
၅။ အကပ်ခံသောရဟန်းက ကိုယ်အင်္ဂါတစ်ခုခုဖြင့်ဖြစ်စေ၊ ကိုယ်အင်္ဂါနှင့်ထိစပ်နေသော သပိတ်၊ ပန်းကန်၊ ခုံစသည် တစ်ခုခုဖြင့်ဖြစ်စေ ခံယူခြင်း။
ဤအင်္ဂါငါးပါးနှင့်ပြည့်စုံမှ အစားအသောက်အကပ်မြောက်သည်။

ယခုကာလ သတိပြုဖို့လိုသည်မှာ ကပ်သူက အကပ်ခံသူ၏ နှစ်တောင့်ထွာအတွင်းသို့ ရောက်လောက် အောင် အနီးသို့လာ၍ ကပ်ရမည်။

မမြှောက်နိုင်လျှင် (မြှောက်နိုင် မမြှောက်နိုင် သံသယဖြစ်ဖွယ်ရှိလျှင်) စားပွဲလိုက် မြှောက်မကပ်ဘဲ တစ်ခွက်စီ ကပ်ရမည်။

သို့မဟုတ် ဆွမ်းပန်းကန်၊ ဟင်းပန်းကန်တချို့ကို ခဏချထား၍ စားပွဲလိုက်ကပ်ပြီးမှ ချထားသောပန်းကန်တို့ကို စားပွဲပေါ်တင်၍ ကပ်ရမည်။

သို့မဟုတ် ဆွမ်းပန်းကန် ဟင်းပန်းကန်များကို မတင်သေးဘဲ စားပွဲခုံချည်းသက်သက် ကပ်ပြီးမှ ဆွမ်း ဆွမ်းပန်းကန်များကို စားပွဲပေါ်တင်၍ ကပ်ရမည်။

ယာဂုအိုးကြီးကို မချီမ နိုင်သောကိုရင်က အိုးကြီးကို မြေကြီးနှင့် ပွတ်လှိမ့်ယူလာပြီးလျှင် ရဟန်း၏လက်နှင့် ထိစေခြင်းဖြင့် အကပ်မြောက်ကြောင်းကို အဋ္ဌကထာဆရာဖွင့်ပြထားသည်။ (၀ိ၊ဋ္ဌ၊ ၃၊ ၁၁၅)

ထို့ကြောင့် အကပ်ခံသည့် ၀တ္ထုတည်ရာမှ မကြွသော်လည်း ရှေးရှုညွတ်လျက် အကပ်ခံသောရဟန်း၏ လက်သို့ရောက်လျှင် အကပ်မြောက်သည်။ သို့ဖြစ်ရာ စားပွဲခင်း၊ ကြမ်းမှလွတ်အောင် မ ဖို့ မလိုကြောင်း သတိပြုသင့်သည်။
အထူးသတိထားရန်

အကပ်ခံထားသော စားဖွယ်သောက်ဖွယ်တို့ကို မစားလိုတော့၍ လူသာမဏေတစ်ဦးဦးအား စွန့်လိုက်မှ ပေးလိုက်မှ အကပ်ပျက်သည်။ မစွန့်သေး မပေးသေးလျှင် လူ သာမဏေများ ထိုစားဖွယ်ကို ထိသော်ကိုင်သော်လည်း အကပ်မပျက်။ ထိကောင်း ကိုင်ကောင်း၏။

ဆွမ်းဘုန်းပေးပြီး လက်၊ ပါးစပ်စသည်ဆေးဘို့ ဘေစင် (Basin) ကို ပြပါတယ်။
ကျောင်းရောက်မှ အကုန်သန့်စင်မယ်ပြောတော့
ကျောင်းကို ညနေမှ ရောက်မှာဖြစ်ကြောင်း၊
အခု ဂျာကာတာမြို့ထဲက လည်စရာ ပတ်စရာနေရာတွေကို
လိုက်ပြမည်ဖြစ်ကြောင်း ပြောပါတယ်။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP