* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Friday, January 21, 2011

စိပ္ပုတီးတန္ခိုး

ခေါင်းစည်းကို ဖတ်ကြည့်လိုက်ရုံနှင့် အချို့စာရှုသူများ၏ စိတ်ဝယ်မေးခွန်းတခုသည် ရုတ်တရက် ဝင်ရောက်သွားလိမ့်မည်ထင်ပါသည်။
စိပ်ပုတီးမှာ တန်ခိုးရှိနိုင်သလား။
စာရေးသူက ဤအကြောင်းအရာများကို တင်ပြချင်နေသည်မှာ ကြာပေပြီ။ သို့ရာတွင် အမြင် အကြား ပေါက်သူလိုလို၊ ထွက်ရပ်ပေါက်သူ ဝိဇ္ဇာလိုလို၊ ပလွှားဝါကြွားရာ ရောက်နေမည်ဖြစ်သဖြင့် မျိုသိပ်ထားခဲ့ပါသည်။ ယခုအခါတွင်ကား စိတ်ကူးတမျိုးပေါက်လာပြန်ပါသည်။ မိမိလိုပင် ယုံကြည် သူများ လက်တွေ့စမ်းသပ် လေ့လာနိုင်ရန် တင်ပြမည်ဟူ၍ဖြစ်သည်။ အမှန်အားဖြင့် ဗုဒ္ဓပိဋကတ်စာပေ၌ ''စိပ်ပုတီး''အကြောင်း မတွေ့ရပေ၊ အချို့ပညာရှင်များက စိပ်ပုတီးသည် ဟိန္ဒူယောဂီကြီးများခံမှ ဆင်းသက်လာသည်ဟုဆိုသည်။ ဟုတ်လောက်ပေသည်။ ရှေးက ကိုရင်သာမဏေများသည် ပုတီးစိပ်ရင် ပစ္စည်းလေးပါးကို ပစ္စဝေက္ခဏာ ဆင်ခြင်လေ့ရှိသဖြင့် ''ပုတီးစိပ်လေးပါး'' ဟုပင် အမည်တွင်လျက် ရှိသည်။ ကိုရင်ငယ်လေးများကိုတွေ့ရလျှင် ''ကိုရင်ပုတီးစိပ်ပြီးပြီလား''ဟုပင် မေးတတ်ကြသည်။ ယနေ့ ခေတ်တွင် ရဟန်းသာမဏေတို့သာမက ဗုဒ္ဓဘာသာဝင် သီတင်းသည်များပင် စိပ်ပုတီးကို ကိုင်တွယ် သုံးစွဲကြသည်။ စိပ်ပုတီးသည် သူတော်စင် သူတော်ကောင်းတို့၏ အဆောင်အယောင်တခုသဖွယ် ရပ်တည်နေပေ တော့သည်။
အချို့ပုတီးလုံးရေမှာ သုံးဆယ်နှစ်ကောဋ္ဌာသကိုရည်ရွယ်၍ သုံးဆယ့်နှစ်လုံးရှိသည်။ အချို့မှာ ဘုရားရှင်၏ တရာ့ရှစ်ကွက် စက်လက္ခဏာတော်ကိုရည်ရွယ်၍ တရာ့ရှစ်လုံးရှိသည်။ ရှေးခေတ်မြန်မာ လူမျိုးတို့သည် ဓာတ်ဖက်လိုက်စားကြသည်အားလျှော်စွာ တြင်းကြေ-နဝင်းကြေဓာတ်များကို လိုလား နှစ်သက်ကြသည်။ ၁ဝ၈-ကို ပေါင်းသော် ကိုးရ၍ တြင်းလည်းကြေ၊ နဝင်းလည်းကြေသည်။ ဣန္ဒာစရိယ ဓါတ်ကျမ်းစသော ထွက်ရပ်ပေါက်ကျမ်းများတွင်လည်း ဤ ၁ဝ၈-ကို ပြဒါးချုပ်ဆေး သတ်ဆေးအဖြစ် အရေးတကြီး ဖေါ်ပြခဲ့ကြသည်။ ထို့ကြောင့်ပင် စိပ်ပုတီး၌လည်း ၁ဝ၈-လုံး ထားရှိသုံးစွဲကြဟန်တူသည်။


စိပ်ပုတီးကို ဆရာတို့က ဂါထာမန္တန်စုက်ရာ၌ အရေအတွက်သိရန် အသုံးပြုကြသည်။ ဗုဒ္ဓဘာသာ ဝင်တို့က ဗုဒ္ဓ၏ဂုဏ်တော်တို့ကို ရွတ်ပွါးရာ၌ အသုံးပြုကြသည်။ တနည်းအားဖြင့် ''ပုတီး ဘယ်နှစ်ပတ် စိပ်မည်၊ ဘယ်နှစ်ခေါက် ရွတ်ပွားမည်''ဟု အဓိဋ္ဌာန်ပြုရန်အတွက် အသုံးပြုကြသည်။ ထို့ကြောင့်ပင် စိပ်ပုတီး၌ တန်ခိုးရှိနေရန်ကားအမှန်ပင် ခဲယဉ်းလှပေတော့သည်။ ''စိပ်ပုတီးတန်ခိုး''ဆိုသည်မှာ စင်စစ် တင်စားခြင်းမျှသာဖြစ်၏။ စိပ်ပုတီးဖြင့် မှတ်သား၍ (အဓိဋ္ဌာန်ပြုကာ) ဂုဏ်တော်တို့ကို ရွတ်ပွားခြင်း ကြောင့်သာလျှင် ရရှိလာသော တန်ခိုးဖြစ်ပါသည်။
နွေရာသီ၏ အလွန်ပူအိုက်လှသော နေ့တနေ့တွင်ဖြစ်သည်။ ပူအိုက်လွန်းသဖြင့် အိပ်မပျော်တိုင်း ဂုဏ်တော်များကို ပုတီးစိပ်နေမိသည်။ ထိုစဉ် အရှေ့ဣစ္ဆာသယချောင်မှ ''ဆရာအေးကြီး''ရောက်လာရာ စာရေးသူကို စူးစိုက်စွာကြည့်လျက် မေးခွန်းတခုထုတ်လိုက်ပါသည်။
''အရှင်ဘုရား ပုတီးဝါသနာပါသလား''
''ဆိုပါတော့''
''ဒီလိုဆို တပည့်တော် နည်းကောင်းတခုပေးပါရစေ''
''ဒကာကြီးပေးလဲ မှတ်သားရတာပေါ့''
ထိုအခါ ဆရာအေးကြီးက သူ၏ပတီးစိပ်နည်းကို ပေးပါသည်။ အမှန်အားဖြင့် ပုတီးစိပ်နည်း တို့မည်သည် တနည်းမဟုတ် တနည်း ဘုရားရှင်၏ဂုဏ်တော်များနှင့် ဆက်နွယ်နေသည်သာဖြစ်သည်။ ''အရှင်အရဟံ ပုတီးစိပ်နည်း''စသည်ကို စံထိုးကြည့်ပါ။ ပုတီးစေ့လေးများကို တလုံးပြီးတလုံး လှိမ့်ချ လျှက် ဘုရားရှင်ဂုဏ်တော်တို့ကို ရွတ်ပွားနေခြင်းမှာ သမထပွားခြင်းတမျိုးပင် ဖြစ်သည်။ ဗုဒ္ဓါနုဿတိ အာရုံကိုစိုက်၍ စိတ်၌ထုံခြင်းတမျိုးပင် ဖြစ်ပါသည်။ တန်ခိုးရှင်ဖြစ်တော်မူသော ဗုဒ္ဓ၏ဂုဏ်တော်တို့ကို ထုတ်ဖေါ်ရွတ်ပွါးနေလျှင် အဘယ်မှာ စွမ်းရည်သတ္တိ မတက်ဘဲ ရှိချိမ့်မည်နည်း။
''ဒါ-ဆားထုံးဆရာတော်ကြီးရဲ့နည်းပါဘဲ၊ ဒီနည်းအတိုင်း အဓိဋ္ဌာန်ပြီး စိပ်သွားမည်ဆိုရင် အရှင် ဘုရား မနောပေါက်လာတာကို ကိုယ်တိုင်သိရှိလာပါလိမ့်မယ်ဘုရား''
စာရေးသူဝမ်းပန်းတသာပင် မှတ်သားထားလိုက်ပါသည်။ အစတွင် မိမိ၏သက်စေ့မျှသာ အဓိဋ္ဌာန် ၍ စိပ်သည်။ ဂုဏ်တော်များ ကျေညက်အောင်ရရှိလာမှသာလျှင် ပုတီးတပတ်၊ မအိပ်ချင်သည့်အခါ ပုတီးသုံးပတ်စိပ်သည်။ ခရီးသွားရင်းလည်း နှုတ်မှ တတွတ်တွတ်ပွါး၍ လိုက်ပါသွားတတ်၏။ ပုတီးစိပ် နည်းကို မရွတ်ပွါးမိလျှင်လည်း ဂုဏ်တော်တမျိုးမျိုး၊ သို့မဟုတ် သမ္ဗုဒ္ဓေဂါထာ သို့မဟုတ် သဗ္ဗသိဒ္ဓိ ဂါထာကို ရွတ်ပွါး၍ သွားတတ်သည်မှာ အလေ့အကျင့်တခုလို ဖြစ်နေပါ၏။
စာရေးသူ ပုတီးစိပ်နေသည်မှာ စိတ်ငြိမ်ရန်ဟူသော ရည်ရွယ်ချက်တခုသာ ထားပါသည်။ မည်သည့် အကျိုးတရားများ ဖြစ်ထွန်းလာလိမ့်မည်ဟူသော မြှော်လင့်ချက်မထားပါ။ ဆရာကြီးက ''မနောပေါက်တာကို ကိုယ်တိုင်သိရပါလိမ့်မည်''ဟု လျှောက်သွားသော်လည်း မနောပေါက်လိုသည့် ဆန္ဒဖြင့် စိပ်နေသည် မဟုတ်ပါ။ ဘုရားရှင်၏ ဂုဏ်တော်များဖြစ်သည့် ဘုရားရှင်၏ဂုဏ်တော်တို့ကို ရွတ်ပွါးနေခြင်းသည် ကောင်းသည်ဟူသော ခံယူချက်ဖြင့်သာ စိပ်ခဲ့ခြင်းဖြစ်ပါသည်။
အဓိဋ္ဌာန်၍ မှန်မှန်စိပ်လာရာ ထူးခြားချက်များကို အမှန်ပင်တွေ့ရသည်။ တခါသော် စာရေးသူ သည် သူငယ်ချင်းတယောက်နှင့်အတူ ဆားတောင်မှ စစ်ကိုင်းသို့ပြန်ရန် ကားစောင့်နေ၏။ ရန်အောင် မန်းကားကြီးတစင်းသည် ထိုးရောက်လာ၏။ ကားမောင်းသူက ရပ်တန့်ပေးသဖြင့် ကားပေါ်တက်ကြရာ ''ဟာ...ဆားအိတ်ပါတယ် မတင်နိုင်ဘူး။ ဆင်း-ဆင်း''ဟုဆိုကာ ကားစပယ်ရာက မောင်းချခဲ့သဖြင့် မလိုက်ရတော့ပေ။ ဆားအိတ်မှာ ကြီးလှသည်မဟုတ်ပါ။ လေးငါးခြောက်ပိဿာမျှသာ ရှိပါလိမ့်မည်။
စာရေးသူတို့မှာ အောင့်သက်သက်နှင့် နောက်ကားအလာကို စောင့်ကြရပြန်ပါ၏။ နောက်မှ ရောက်လာသည့်ကားက ရှောရှောရှူရှူတင်သဖြင့် စစ်ကိုင်းဘက်သို့ လိုက်ပါခွင့်ရခဲ့ကြ၏။ စစ်ကိုင်းမြို့ အဝင် ရွာထောင်စစ်တပ်အနီးသို့ ရောက်လာသောအခါ အံ့သြထိတ်လန့်ဘွယ် မြင်ကွင်းတရပ်ကို တွေ့ကြရပါတော့သည်။ ရန်အောင် မန်းကားကြီးတစင်းသည် လမ်းဘေးရှိ ကုက္ကိုပင်ကြီးတပင်ကို ဝင်၍ ''အောင်း''ထားခြင်းပင်တည်း။ ကုက္ကိုပင်ကြီးကို အရှိန်အဟုတ်ပြင်းစွာဖြင့် ဝင်၍ဆောင့်ထားသည်ဖြစ်ရာ ကား၏ခေါင်းပိုင်းသည် ရှုံ့တွစုတ်ပြတ် နေလေ၏။ စာရေးသူသည် မှတ်မှတ်ရရပင် ကား၏နံပတ်ကို လှမ်းကြည့်လိုက်ရာ စာရေးသူတို့ကို ရိုင်းပြစွာ နှင်ချထားခဲ့သည့်ကားကြီးဖြစ်နေလေသတည်း။
တခါကမူ စာရေးသူသည် ဝက်လက်မြို့နယ် ဝက်တက်ရွဲရွာကလေးသို့ တရားသွားရောက်ဟော ရသည်။ ညတရားဟောပြီး နောက်တနေ့နံနက်ပါ ဆက်၍ ဟောပေးပါရန် လျှောက်ထားသဖြင့် နံနက် ၁ဝ-နာရီလောက်မှ ပြန်လာခွင့်ရခဲ့သည်။ ဝက်လက်မှ လှတော၊ လှတောမှ စစ်ကိုင်းသို့ ကားအဆင့်ဆင့်စီး၍ ပြန်ရမည်ဖြစ်လေသည်။ ဝက်လက်နှင့်လှတော ကားလမ်းမှာလည်း ကြမ်းတမ်းလှသည်ဖြစ်ရာ၊ ပြောရပါလျှင် အုတ်ခဲ့မျိုသွားတောင် အစာကြေနိုင်သည့် လမ်းမျိုး ဖြစ်ပါသည်။ လှတောလမ်းကိုတွေးလျက် ကျောချမ်းလျက်ရှိပါ၏။
မီးရထားဖြင့် လိုက်သွားရန်ကား အချိန်မဟုတ်၊ နံနက်စောစော ၄-နာရီခန့်ကပင် မြစ်ကြီးနား ရထားသည် မန္တလေးဘက်ဆီသို့ ခုတ်မောင်းသွားပြီ ဖြစ်ပါ၏။ စာရေးသူ၏စိတ်ထဲတွင် ''ယခုအချိန်များ ကုန်တွဲသစ်တွဲများဆွဲသည့် ကြားရထားတစင်းစင်းလာခဲ့သော် ကောင်းလေစွ''ဟု အကြံဖြစ်မိသည်။ ဆရာကြီးပေးသည့် ပုတီးစိပ်နည်းကိုလည်း နှုတ်မှတီးတိုးရွတ်လျက် ဝက်လက်မြို့တွင်းသို့ ဝင်ရောက်ခဲ့ သည်။ ရုံးနှင့်ရဲဌာနအနီးမှဖြတ်၍လျှောက်လာရာ မီးရထားသံလမ်းသို့ပင် ချဉ်းကပ်မိပြီဖြစ်၏။
ထိုစဉ် မြောက်စူးစူးအရပ်မှ တဂျုံးဂျုံးအော်သံပေးလျှက် ကြားရထားကြီးတစင်းသည် ပြေးဝင်လာ လေတော့၏။ အထိန်းရအသိမ်းရခက်သည့် ကျွဲနက်ကြီးတကောင်ပမာ တရှူးရှူးတရှဲရှဲဖြင့် ဘူတာရုံ အတွင်းသို့ ထိုးဆိုက်လာလေတော့သည်။ စာရေးသူ့ရင်တွင် ကြည်နူးမှု၊ အံ့သြမှုတို့သည် ရောထွေး သွားကြလေသည်။ မိမိ၏စိတ်အလိုဆန္ဒအတိုင်းပင် ဖြစ်ပေါ်လာသဖြင့် ဆရာကြီးပြောသည့် ''မနောပေါက်သည်''ဆိုသည်မှာ ဒါများပင်လောဟု မယုံတဝက်ယုံတဝက်ဖြင့် မတင်မကျပင် လက်ခံ လိုက်မိပါသည်။ တိုက်ဆိုင်မှုဆိုသည်မှာလည်း တခါတရံ ဤသို့ပင် ဖြစ်နိုင်သေးသည် မဟုတ်ပါလော။
စဥ့်ကူမြို့နယ် ခမ်းပါးရွာလေးသို့ ရောက်ရှိသွားသောအခါတွင်ကား စမ်းသပ်ကြည့်ရန် အခွင့်ကြုံခဲ့သည်။ ရင်းနှီးသော သူငယ်ချင်းမိတ်ဆွေ ရဟန်းတော်လေးတပါးက ပင့်သွားသဖြင့် အလှူပွဲ တခုတွင် ညတရားဟောရသည်။ ဒါနနှင့်စပ်၍သိုင်းသိုင်း ဝိုင်းဝိုင်းချဲ့ထွင်လျက် ''အကိတ္တိဇာတ်''ကို ဟော ပါသည်။ အလှူကလည်း ရိုးရိုးလှူရန်အပြင် အပိုမဲများဖောက်၍ လှူဒါန်းရန်စီစဉ်ထားသည်။ ညတရား ဟောပြီးသောအခါ စာရေးသူစဉ်းစားမိသည်။ ဒါနအကျိုးတရားတို့ကို သိုင်းသိုင်းဝိုင်းဝိုင်း ဟောခဲ့သည်။ မဲဖောက်လှူသည့်အခါ ညံ့သည့်မဲများပေါက်လာလျှင် ဒါနမျိုးစေ့ ညံ့ဖျင်းရာကျ၍ အဟောနှင့်အပြော မညီဘဲ ရှက်ဖွယ်ရာဖြစ်လိမ့်မည်ဟု တွေးမိသည်။
သို့ဖြစ်၍ ဤတကြိမ်တွင် ''မနောပေါက်သည်''ဟူသော ပုတီးစိပ်နည်းကို စမ်းကြည့်ဦးမည်ဟု အကြံဖြစ်လာသည်။ ထို့ကြောင့် သက်စေ့အဓိဋ္ဌာန်၍ ပုတီးစိပ်သည်၊ မဲကောင်းပေါက်ရန် ဆန္ဒပြုလိုက် ပါသည်။ မဲဖောက်လှူဒါန်း သည့်အခါတွင် အမှန်ပင်နံပါတ်တစ်က ထွက်လာပါသည်။ နံပါတ်တစ်မဲကား ဝတ္ထုငွေ ၁ဝဝ-ကျပ်ဖြစ်သတည်း။ သည်တချီတွင်ကား ကိုယ်တွေ့ကြုံ ယုံရပြီဟု ဆိုရပေတော့၏။
အလားတူပင် ပုဂံသို့ ဘုရားဖူးသွားရတော့မည်ဆိုလျှင် အိပ်မက်ထဲတွင်ကြိုတင်၍ ပုဂံသို့ရောက်ရှိ နေခြင်း၊ အင်းလေးသို့ သွားရတော့မည်ဆိုလျှင် အိပ်မက်ထဲ၌ အင်းလေးသို့ အကြိမ်ကြိမ်ရောက်ရှိ နေခြင်းစသော အခြားအံ့သြဘွယ်ရာ တို့ကိုလည်း ကြုံတွေ့ရပါသည်။ ရှေးဖြစ်မည့် အတိတ်နိမိတ်များကို ကြိုတင်၍သိမြင်နှင့်သည်။ စာရှည်လျားမည်ဖြစ်၍ အကျယ်မရေးတော့ပါ၊ ဆရာကြီးပေးသည့် ပုတီးစိပ်နည်းမှာ---
''ဣတိပိ သော ဘဂဝါ အရဟံ၊
အရဟံ ဝတ သော ဘဂဝါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊
အရဟံ မေ သုခံ ဒေတု၊
အရဟံ မေ သီသေ တိဋ္ဌတု'' ဖြစ်ပါသည်။
၆-ပုဒ်လုံးဆုံးမှ ပုတီးစေ့တလုံးချရန်ဖြစ်သည်။ မိမိစိတ် မိမိတတ်နိုင်သလောက် အဓိဋ္ဌာန်၍ စိပ်ရ ပါမည်။ ပုတီးစေ့လေးများကို တလုံးပြီးတလုံး လှိမ့်ချလျက် ဘုရားရှင်၏ ဂုဏ်တော်တို့ကို ရွတ်ပွားခြင်း သည် သမထပွားခြင်း တမျိုးပင် ဖြစ်သည်ဟု အထက်၌ဆိုခဲ့ပြီ။ သမထတရား ဝိပဿနာတရား တို့မည်သည် အဟောလွယ် အပြောလွယ် အရေးလွယ်သလောက် တကယ်အကျင့်ခက်လှသည်။ ထို့ကြောင့် အချိန်မှန်မှန်ထား၍ သမာဓိအား ကောင်းလာအောင် ရွတ်ပွားဘို့ကား မလွယ်ကူလှပေ။ သမာဓိအား သန်သန်ဖြင့် အချိန်မှန်ထား၍ ကြီုးစားပွားများ အားထုတ်သွားပါက မနောပေါက်ရုံမျှမက ''စေတလုံးပိုင် တန်ခိုးရှင်''ကဲ့သို့ အရာရာ သိဒ္ဓိပြီးမြောက်၍ အမှန်ပင် ခရီးရောက်လိမ့်မည် ဖြစ်ပါသည်။

အရှင်မဟောသဓပဏ္ဍိတ
၁၃၃၈ ခုနှစ်၊ ၀ါဆိုလဆန်း (၈) ရက်

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP