မင်္ဂလာရှိသော ငြိမ်းချမ်းမှုသင့်အတွက် ဖြစ်ပါစေ
International Course ရယ်လို့ အမည် တပ်ထား တဲ့ ကျွန်မ တက်ရောက်ခဲ့တဲ့ သင်တန်းလေးဟာ Developing Countries များရဲ့ International ဖြစ်လေတော့ Europe, USA တို့ ကပညာရှင်တွေများစွာပါဝင် ၊ အစွမ်းပြလေ့ရှိ တဲ့ တခြားသင်တန်းတွေနဲ့ တမူကွဲပြားကာ နွေးထွေးပျော်ရွှင်စရာ ဖြစ်ခဲ့ပါတယ်..။ အာဖရိက တိုက်သားများ တစ်ဝက်ခန့် ပါလို့ သူတို့ရဲ့ ရိုးရိုးသား သား ၊ ပေါ့ပေါ့ပါးပါး ခံယူတတ်တာတွေ ကြောင့်လို့လည်း ဆိုနိုင်ပါသေးတယ်..။
အစ္စရေးနိုင်ငံ မှ .. အမျိုးသမီး ဝန်ကြီး ချုပ် ဖြစ်ခဲ့ သူ Golda Meir ရဲ့ စိတ်ကူး စိတ်သန်း တွေကအစပြုပြီး MASHAV ဆိုတဲ့ အစီအစဉ်လေးကစတင်ပေါ်ပေါက်လာခဲ့ရပါတယ်..။ ဘာသာရေးကြောင့်၊စီးပွားရေးကြောင့် လူမျိုး ရေးကြောင့်၊ နိုင်ငံရေးကြောင့် …. ဆိုတဲ့အမျိုးမျိုးသော ကြောင့်…..များစွာနဲ့ ဂျူးလူမျိုးတွေဟာ…Antisemitism ဆိုတဲ့ ဂျူးဆန့်ကျင်ရေး..အမြစ်ဖြုတ် သုတ်သင်ရေးဆိုတဲ့ အညှိုးတကြီး နှိပ်ကွပ်မှုတွေကို ရင်နင့် သည်းထန်စွာ ခံစား ခဲ့ရတယ်.. ။ ကလေး ငယ် တစ်သန်းခွဲအပါအဝင် ကမ္ဘာ့နေရာအနှံ့ အပြား က ဂျူးတွေ ၆သန်းကျော် အသတ်ခံခဲ့ရတဲ့ Holocaust ရာဇဝင် ဟာ သူတို့ကို မပြောနဲ့ လျှပ်တပြက် ခံစားမိတဲ့ ကျွန်မတို့ နှလုံးသားကိုပါ ခြောက်ခြားစေခဲ့ရပါတယ်..။
နိုင်ငံတကာ…မိတ်ဆွေများစွာ ရဲ့ မေတ္တာကို လိုလားတောင့်တတယ်..သူတို့မှာရှိတဲ့ပညာကိုပေးမယ်..သူတို့ ကအစစအရာရာတာဝန်ယူမယ်..ဆိုပြီး မိတ်ဆွေနိုင်ငံ တွေကိုဖိတ်ခေါ်ဘို့..အပြန်အလှန်သင်ယူကြဘို့ MASHAV (Israeli’s Agency of International Development Corporation) များကို စ..တင်ခဲ့တာ ဖြစ်ပါတယ်..။ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဋ္ဌာနရဲ့ ဧည့်သည်တော်များရယ် လို့လည်းဆက်ဆံ ပေးပါတယ်..။ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန နဲ့အတူ လက်ခံသင်ကြားပေးမဲ့ တက္ကသိုလ် တစ်ခုနဲ့ ပူးတွဲပြီး လည်းစီစဉ် ပါတယ်..။
စားရေး၊သောက်ရေးနေရေး ထိုင်ရေးက အစပြုပြီး ဆေးကုသရေး ၊အပြင် စိတ်နှလုံးရွှင်လန်းအောင်လုပ်ပေးခဲ့တဲ့ သင်တန်း ဆင်းပွဲကတော့ကျွန်မ အတွက် အနည်းငယ် ထူးဆန်း နေခဲ့ပါတယ်..။
Ensuring Food Safety in Times of Global Change FS10, Hebrew University of Jerusalem ရဲ့ သင်တန်းဆင်းပွဲ အခမ်းအနား ကို အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ သံတမန်များ အဖွဲ့ ရဲ့ ကိုယ်စားလှယ် အနေနဲ့တက်ရောက်ခဲ့သူက အစ္စရေး နိုင်ငံဆိုင်ရာ ၊မြန်မာ နိုင်ငံသံရုံးမှ ပထမ အတွင်းဝန် ဦးချစ်ဝင်း ဖြစ်နေခဲ့ တာ ဟာ မြန်မာ ဖြစ်တဲ့ကျွန်မ အတွက် ဂုဏ်ယူစရာ တစ်ခုတိုးခဲ့ပါတယ်..။
သင်တန်းဆင်းပွဲနဲ့ လိုက်ဖက် တဲ့..မိန့်ခွန်းကို တည်ကြည် သွက်လက်စွာ ပြောဆိုနိုင်ခဲ့ တဲ့အပြင် ၊ ခန့်ညား တဲ့ဥပဓိရုပ်ကြောင့် လည်း နိုင်ငံတကာ သူငယ်ချင်း များရဲ့ ချီးကျူးမှု ကို ဦးချစ်ဝင်း ကိုယ်စား ကျွန်မ က အကြိမ်များစွာ လက်ခံ ပေးနေခဲ့ရပါတယ်..။
မလှမပ…ခက်တာက… ကျွန်မသာ ဖြစ်လို့နေခဲ့တယ်..။ သင်တန်းဆင်း လက်မှတ်ပေးတဲ့ အစီအစဉ်က နိုင်ငံအလိုက် သီချင်းတွေကို ဖွင့်ပေး ပြီး သင်တန်းသားတွေက တီးလုံးသီချင်းအလိုက် ထွက်ကပြီး လက်ခံရယူပေးခဲ့ရပါတယ်..။ နိုင်ငံတကာယဉ်ကျေးမှု ဖလှယ် ပွဲ သဘောမျိုးလေးမို့ နှစ်သက်ပျော်ရွှင်စရာ မမေ့နိုင်စရာ ဖန်တီးပေး ပေမဲ့လည်း မက တတ်သောကျွန်မ ကတော့ဆောင်းတွင်းကြီးမှာ ချွေးပျံလို့ သာနေပါတယ်..။
ဒါကိုရိပ်မိတဲ့ ဦးချစ်ဝင်း က… စားပွဲ ပေါ်က လက်သုတ်ပုဝါ အဝါနုလေးကို ယူပြီး ၊ လက်နှစ်ဘက်နဲ့ ကိုင်နည်း ကိုပါ သင်ပေးပြီး ကချင်အမျိုးသမီး တွေ ကသလို လက်ကို လှုပ်ပေး လိုက်ပေတော့လို့ အကြံပေး တာ ဟာ ကျွန်မ အတွက် မဟာ ထွက်ပေါက်ကြီး ပါပဲ..။
သူတို့ က ဘယ်ကဘယ်လို ရှာထားတဲ့သီချင်းတွေလည်းတော့ မသိပါဘူး..။မြနန္ဒာ သို့မဟုတ် သင်္ကြန်သီချင်း တစ်ခုခု ဖွင့်မယ်လို့ မျှော်လင့်ထားပေးမဲ့ တကယ် ထွက် လာတဲ့တေးသံက တော့..ကျွန်မတို့ရွာမှာ လေ..အလှူတွေက ပေါ.. ဆိုတဲ့သီချင်း ဖြစ်နေလေတော့…တစ်ခါမှ မကြားဘူးသလို..မနောအက နဲ့ လက်သုတ်ပဝါအက ပေါင်းစပ် လိုက်တာဟာဖြင့် နိုင်ငံတကာ က အက Expert တွေကြား မှာ တော့ သံတမန်တော်သလောက်..သင်တန်းသူလျှော် တယ်လို့ ယူဆလေမှာ အသေအချာပါပဲ..။
ကျွန်မ နဲ့ အတူသင်တန်းဆင်းခဲ့တဲ့မြန်မာ UNICEF မှ ဆရာ U Terence Kadoe ကတော့ တီးလုံး နဲ့ အလိုက် ကတတ်ပေလို့ တော်သေးတာပေါ့လေ..။ သင်တန်းဆင်းလက်မှတ် ၊ အစ္စရေးနိုင်ငံအကြောင်းရေးထားတဲ့စာအုပ်၊ Shalom Club အသင်းဝင်တံဆိပ် နဲ့ အတူ Hebrew University ရဲ့ အမှတ်တရ လက်ဆောင် ကို တစ်ဦးချင်းတန်းစီကာ ပေးအပ်ကြတာ မို့ တကယ် ပဲ ကျေးဇူးတင်စိတ် ဖြစ်တည်ခဲ့ရပါတယ်..။
ဘာပဲဖြစ်ဖြစ်ပေါ့..ကျွန်မကတော့ MASHAV ALUMNI တစ်ယောက် ဖြစ်ခဲ့ ပြီဖြစ် သလို..SHALOM CLUB ရဲ့ အသင်းဝင်တစ်ယောက် လည်းဖြစ်ခဲ့ရပါပြီ..။ SHALOM ဆိုတာကတော့ အစ္စရေးလို မင်္ဂလာရှိသောငြိမ်းချမ်းမှု ဖြစ်ပါစေလို့ အချင်းချင်းနှုတ်ဆက်တဲ့စကားလေးပါ..။ အခုဆို အစ္စရေးပြန် တဲ့ နိုင်ငံတကာပညာရှင်ပေါင်း တစ်သိန်း နှစ်သောင်းကျော် ရှိနေခဲ့ပါပြီ..။
အစ္စရေး နိုင်ငံ ကိုလည်ပတ် တက်ရောက်ပြီး တိုင်း သူတို့ တောင်းဆိုတတ်တာ လေးကတော့ သူတို့ကောင်းကြောင်းလေး ပြောပေးပါတဲ့..။ သည်တောင်းဆိုချက်ကလေးဟာ ကြေကွဲ သောနှလုံးသား များမှ ထွက်ပေါ်လာတာဆိုတာ ကျွန်မ အများကြီးနားလည်ရပါတယ်..။
ရေတစ်ခွက် တိုက်ဘူးသူ စကားတစ်ခွန်းနဲ့ကူညီဘူးသူ..ဖြစ်ခဲ့ရင်တောင် ကျေးဇူး ရှိတဲ့ ခင်ပွန်း ဆိုတဲ့ စာရင်း ထဲ မှာ ထည့်သွင်းဘို့ ကျေးဇူးတော်ရှင် မြတ်စွာဘုရားဟောကြားတော်မူခဲ့ဘူးတာမို့… ဒီကိုမလာခင်ကတည်း က ကျေးဇူးဆပ်အစီအစဉ် အဖြစ် ကျွန်မ စီစဉ်ခဲ့ပါတယ်..။
အဲဒါကတော့…ကျွန်မ ပူဇော် နေဆဲ ပဋ္ဌာန ပါဠိ တော် အတွဲအမှတ် ၃ နှင့်၎ ကို ဆီမီးပူဇော်ကာ ရွတ်ဆို ပူဇော်ပြီး Holy Land မှ နတ်ဒေဝတာများကို မေတ္တာပို့ သအမျှ ဝေဘို့ ပါပဲ..။ တကယ်လည်း လှိုက်လှဲတဲ့..ခိုင်မြဲနက်ရှိုင်းတဲ့မေတ္တာ ဖြစ်တာမို့…နောက် ထပ် Holocaust History ကို ဖန်တီးမဲ့ ခေတ်သစ် Adolf Hitler တစ်ဦး မပေါ်ပေါက်လာစေဘို့ အကြောင်း ဆုတောင်းနေမိပါတော့တယ်..။
မေတ္တာဖြင့်
သစ္စာအလင်း

0 comments:
Post a Comment