* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 7, 2010

"ပညာလိုသော်"

တစ်နေ့က စာရေးသူရဲ့ ရင်းနှီးကျွမ်းဝင်သိပ်မဟုတ်တဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အကြောင်းအရာလေးတစ်ခုကို ဆွေးနွှေးကြရင်း နားလည်မှု့လေး လွဲချော်ပြီး သူ့ဘက်က တုန့်ပြန်တဲ့ စကားလေးကို ပြန်အမှတ်ရမိတာကြောင့် ဒီစာလေးကို ရေးဖြစ်လိုက်မိတာပါ။ အကြောင်းအရာဘာလဲဆိုတာတော့ မပြောတော့ပါဘူး။

စာရေးသူရဲ့ အကြံပေးမှု့လေးကို သူက နားလည်မှု့လွဲပြီး သူပြောလိုက်တာက “လူတွေကလေ အကြံပေးတာကို သဘောကျတယ်။ ဆရာလုပ်တာကိုတော့ မုန်းတယ် သဘောမကျဘူးတဲ့။” ဒီ စကားဆိုလေးနဲ့ ပညာသားပါပါ စာရေးသူကို မုန်းတယ် ပြောလိုက်တာလို့ ထင်မိပါတယ်။ တကယ်တော့ ဆရာလုပ်ချင်တဲ့ စိတ်နဲ့ ပြောပြလိုက်တာမဟုတ်ပေမယ့် သိထားတာလေးကို နားလည်စေချင်တဲ့ စိတ်လေးနဲ့ နားလည်အောင်ပဲ ပြောပြလိုက်မိခဲ့တာ အမှန်ပါ။

စာရေးသူအနေနဲ့တော့ ဆရာလုပ်တဲ့သူက ပညာရှိတစ်ယောက်ဖြစ်နေမယ်ဆိုရင် လောကအကျိုး၊ ကိုယ့်အကျိုး၊ သူတစ်ပါး အကျိုးကို ကောင်းကျိုးဖြစ်ထွန်းစေမယ့် အရာတစ်ခုကို အကြံပေးခြင်းအမှု့ပြုကာ စာရေးသူကို ဆရာလာလုပ်တယ်ဆိုရင် သိပ်ကိုကျေနပ်ပျော်ရွှင်စွာ သူ့ရဲ့ ဆရာလုပ်ခြင်းကို လက်ခံပြီး လိုက်နာ လုပ်ဆောင်လိုက်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အသိပညာလည်းရမယ်၊ လောကအတွက်၊ မိမိ သူတစ်ပါး နှစ်ဦးသားအတွက် ကောင်းကျိုးဖြစ်ပေါ်စေလို့ပါပဲ။ အသိပညာ အတတ်ပညာ ဗဟုသုတဆိုတာ လောကမှာ သိပ်ကို လိုအပ်ပါတယ်။ ဒါကြောင့်လည်း…………

လောကလူသားတို့ အနေနဲ့ “လောကလည်း မဖျင်းစေနဲ့ ဓမ္မလည်း မယွင်းစေနဲ့” ဆိုတဲ့ ဆိုရိုးစကားလေးရှိတာကြောင့် လောက အရေး မဖျင်းစေဖို့အတွက် အသိပညာ များကို တတ်မြောက်အောင် ငယ်စဉ်ကလေးဘ၀ သိတတ်စ အချိန်ကတည်းက အတန်းကျောင်းမှာတစ်မျိုး၊ ရွာဦးကျောင်းဆရာတော်များဆီမှာ တစ်ဖုံ သင်ယူခဲ့ကြရပါတယ်။ အတန်းကျောင်းပညာက လောကမဖျင်းစေဖို့အတွက် သင်ပေးကြသလို၊ ရွာဦးကျေင်းဆရာတော်များကလည်း လောကရော ဓမ္မပါ မဖျင်း၊ မယွင်းစေဖို့အတွက် သင်ပေးတော်မှုကြပါတယ်။
ကိုယ့်သားသမီးကို ပညာမတတ် ငတုံးငအ တစ်ယောက် ဘယ်မိဘကမှ မဖြစ်စေချင်သလို၊ ထိုသို့သော ငတုံးငအ လို သူမျိုး ဘယ်သားသမီး၊ ဘယ်လူမျိုးများမှ မဖြစ်ချင်ကြဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့်လည်း ပညာတွေ သင်ယူနေခဲ့ကြပြီး ယခုထက်တိုင်အောင်လည်း သင်ယူနေကြဆဲပါ။ ဘ၀မဆုံးသေးသရွေ့တော့ သင်စရာများကို သင်ယူချင်တဲ့စိတ်ကလေးနဲ့၊ ရိုသေလေးစား မြတ်နိုးတတ်တဲ့ စိတ်ကလေးများနဲ့ တတ်မြောက်ချင်တဲ့ စိတ်ကလေးများနဲ့၊ ပညာလိုလားတဲ့ စိတ်ကလေးများနဲ သင်နေကြရဦးမှာပါ။
ဒီလိုသင်ယူတဲ့အခါမှာ ကိုယ့်ထက်တတ်သိတဲ့ ပညာရှိသူတော်ကောင်းများထံ နည်းနာခံပြီး သင်ယူရပါမယ်။ မသိရင်မေးကြရပါမယ်။ ပြောကြားလာတဲ့အခါမှာလည်း နာယူလွယ် ဖြစ်ရပါမယ်။ ဒါကြောင့် မင်္ဂလသုတ်တော်မှာလည်း ဗုဒ္ဓမြတ်စွာက “ပဏ္ဍိတာနဉ္စ သေ၀နာ၊ ပညာရှိသူတော်ကောင်းကို မှီဝဲပါ” ပညာရှိသူတော်ကောင်းကို မှီဝဲပြီးတော့ “ဂါရဝေါစ ရိုရိုသေသေဆက်ဆံ ပြောဆိုနေထိုင်ပါ” ရိုသေစွာနေထိုင်ပြီးတော့ “နိဝါတောစ= မိမိကိုယ်ကို မောက်မာမမှု့ မာန ထောင်လွှားခြင်း မပြုပါနဲ့ ” “သောဝစဿတာ=ပညာရှိသူတော်ကောင်းတို့ရဲ့ ဆုံးမစကားကို နာယူလွယ်သူအဖြစ်ဖြင့် နေထိုင်ပြီး နာခံမှတ်မှတ်သားပါ၊” “ဗာဟုဿစ္စဉ္စ=အကြားအမြင် ဗဟုသုတများစွာကို ရအောင် နာခံမှတ်သား သင်ယူပါ၊ အကြားအမြင် ဗဟုသုတများသူဖြစ်အောင် ကျင့်ပါ။” ဒါတွေဟာ အကျိုးရှိတဲ့ မင်္ဂလာတရားတော်တွေပဲလို့ ဟောကြားထားတော်မှုခဲ့တာပါ။
ဒီမင်္ဂလာတရားတော်တွေနဲ့ ပြည့်စုံနေပါမှလည်း အသိပညာများကို ရရှိနိုင်ပါမယ်။ နောက်ပြီး………….
သုဿုသာ လဘတေ ပညံ၊သုဿုသာ=ပညာရှိတို့ စကားကို ရိုသေလေးမြတ်စွာ နာခံမှ၊ ပညံ=အသိပညာ အလိမ္မာကို၊ လဘတေ=ရတတ်၏။ ဒါကြောင့် ပညာရှိသူတော်ကောင်း အာစရိယ များကို မဆည်းကပ်ဘဲနဲ့၊ ပညာရှိသူတော်ကောင်း အာစရိယများရဲ့ နည်းနာဆုံးမသွန်သင်မှု့ကို ရိုသေစွာ မခံယူဘဲနဲ့တော့ အသိပညာ ဗဟုသုတဆိုတာကို ဘယ်တော့မှ မရနိုင်ပါဘူး။ ဒါဟာ ဗုဒ္ဓမြတ်စွာရဲ့ စကားတော်ပါ။
ဆရာသမားများထံ နည်းနာခံပြီး နာယူမှတ်သားလိုက်နာတဲ့သူများကိုလည်း ဘုရားအစရှိတဲ့ ပညာရှိသူတော်ကောင်းများက နှစ်သက်ကြသလို တောင့်တမိကြပါတယ်။ အဲဒီလို နာယူမှတ်သား ဆုံးမခြင်းကို နာခံတဲ့ ဂုဏ်နဲ့ ပြည့်စုံတဲ့ သူမျိုးကိုဆိုရင် လူသားအားလုံး နှစ်သက်မြတ်နိုး ချစ်ခင်တတ်ကြပါတယ်။
တစ်ခါက မြတ်ဗုဒ္ဓက ဆုံးမခြင်းကို ဆိုလွယ် နားထောင်လွယ်သောဂုဏ်၊ အဆုံးအမကို ရိုသေစွာ နာခံလေ့ရှိသောဂုဏ်နဲ့ ပြည့်စုံပြီး အရှင်သာရိပုတ္တရာရဲ့ အဆုံးအမတိုင်း လိုက်နာကျင့်ကြံပြီး ရဟန္တာအဖြစ်ကို ရရှိသွားသော ရာဓအမည်ရှိတဲ့ မထေရ်ကို လက်ခံရရှိထားတဲ့ အရှင်သာရိပုတ္တရာကို “ချစ်သား သာရိပုတ္တရာ ဒီလို ရာဓကဲ့သို့သော သဒ္ဓိဝိဟာရိက တပည့်ကောင်းတို့ကို သင်ချစ်သား ရပါမှု အဘယ်မျှသော တပည့်ကောင်းတို့ကို သင်ချစ်သား လက်ခံနိုင်ပါသလဲ” လို့ မေးမြန်းလျောက်ထားတော့ “ဘုန်းတော်နေ၀န်းထွန်းတောက်ပတော်မှုသော မြတ်စွာဘုရား ရာဓရဟန်းကဲ့သို့သော ဆုံးမလွယ်သော သဒ္ဓိဝိဟာရိက တပည့်ကောင်းကို ရပါမှု ရသလောက်ပင် တပည့်တော် လက်ခံပါမည် ဘုရား ”လို့ အရှင်သာရိပုတ္တတရာရဲ့ ပြန်လျှောက်ထားတော်မှုပါတာကို ကြည်ညို သတိပြုမိမယ်ဆိုရင် နားလည်နိုင်ပါတယ်။ ဒီတော့ မြတ်စွာဘုရားက “ရဟန်းတို့ ထိုရာဓရဟန်း ကဲ့သို ဆုံးမ နာယူလွယ်တဲ့သူများ ဖြစ်အောင်ကျင့်ကြ၊ အပြစ်ဒေါသကို ဖော်ပြပြီး ဆုံးမအပ်သောသူဖြစ်ပေမယ့်လည်း ထိုသို့ဆုံးမသော ဆရာတို့အပေါ်မှာ အမျက်မထွက်ရ၊ အဆုံးအမ သြ၀ါဒပေးသော ဆရာကို ရတနာ ရွှေအိုးကို ညွှန်ပြသော မိတ်ဆွေကောင်းကဲသို့ပင် မှတ်ယူကြ။” လို့ ဟောကြားတော်မှုပါတယ်။
အဲဒီလို ပညာရှိသူတော်ကောင်းများကို ဆည်းကပ်လို့၊ ပညာရှိသူတော်ကောင်း အာစရိယများရဲ့ ဆုံးမပြောဆိုမှု့ကို လိုက်နာလို့ မကောင်းကျိုးတရားများ ဘယ်တော့မှ မရရှိနိုင်ပါဘူး။ ကောင်းကျိုးတရားများပဲ ရရှိမှာ အသေအချာပါ။ ဒီနေရာမှာ မြတ်ဗုဒ္ဓရဲ့ အလွန်မှတ်သားစရာကောင်းပြီး လိုက်နာကျင့်ကြံဖို့ကောင်းတဲ့ စကားတော်တစ်ခုကို (ဓမ္မပဒအဋ္ဌကထာ၊ ပဏ္ဍိတ၀ဂ်။ ရာဓတ္ထေရ ၀တ္ထု) မှာဟေားထားတာလေးကို ကြည်ညိုကြည့်ရအောင်ပါ။
နိဓီနံဝ ပ၀တ္တာရံ၊ ယံ ပေဿ ၀ဇ္ဇဒဿိနံ၊ နိဂ္ဂယှဝါဒိ မေဓာဝီ၊တာဒိသံ ပဏ္ဍိတံ ဘဇေ၊ တာဒိသံ ဘာဇမာနဿ၊ သေယျော ဟောတိ န ပါပိယော။”
“မိမိရဲ့ အပြစ်ကို ဖော်ပြ နှိမ့်ချ ဆုံးမလေ့ရှိသော ထိုသို့သဘောရှိသော ပညာရှိကို မြှပ်ထားသော ရွှေအိုးကို ပြောကြားလာသူကဲ့သို့ ထင်မှတ်ရှု့ကြည့်၍ ဆည်းကပ်ရာ၏။ ထိုသို့သဘောရှိသော ပညာရှိကို ဆည်းကပ်သောသူအား မြတ်၏။ မယုတ်ညံ့ပေ။”
ထိုသို့သော ပညာရှိသူတော်ကောင်းများထံမှ ဟောပြသွန်သင်ဆုံးမမှု့ကို လိုက်နာကျင့်ကြံပါမှ ဘ၀ချမ်းသာခြင်းများနဲ့ ပြည့်စုံပြီး ဆင်းရဲလွတ်ကင်းရာ ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့ ဘ၀လွတ်မြောက်မှု့ကိုပါ ရရှိအောင်၊ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်လို့ပါပဲ။
ဒါကြောင့် မိမိရဲ့ အပြစ်ကို ဖော်ပြနှိမ့်ချ ဆုံးမလေ့ရှိတဲ့ ပညာရှိ အာစရိယများကိုသော်မှ ရွှေအိုးကို ညွှန်ပြပေးတဲ့ သူတွေပဲလို့ သဘောထားပြီး ဆည်းကပ်ရင် မြတ်ပါတယ်။ ကောင်းကျိုးတရားတွေ ရရှိမယ်ဆိုရင် အပြစ်မဟုတ်တဲ့ ကောင်းမြတ်တဲ့ အကြံပေးမှု့မျိုးကို ပေးတတ်တဲ့ ပညာရှိ သူတော်ကောင်း အာစရိယများကို ထိုနည်းတူ သဘောထား ဆည်းကပ်လိုက်မယ်ဆိုရင် များပြားလှတဲ့ ကောင်းကျိုးတရားများကို အခုဘ၀တင်မဟုတ်ပါဘူး သံသရာ တစ်လျောက် လျှောက်လှမ်းနေသမျှကာလတိုင်းမှာပါ ရရှိနိုင်ပါလိမ့်မယ်။ နောက်ဆုံး ဗုဒ္ဓဘာသာတို့ရဲ့ ပန်းတိုင် နိဗ္ဗာန်ထိအောင်ကို အကျိုးပြုပေးပါလိမ့်မယ်။ တစ်ခုသတိထားရမှာက အယောနိသော မနသိကာရ= နှလုံးသွင်းမှားခြင်းအမှု့ကို မပြုမိဖို့ မတွေးမိဖို့နဲ့ မာန်မာန မမောက်မာဖို့ အရေးကြီးပါတယ်။ ဒီလို နှလုံးသွင်းမှား၊ မာန်မာန ထားရှိလိုက်မယ်ဆိုရင် အခုဘ၀တွင်မက သံသရာတစ်လျောက်မှာပါ အဆုံးရှုးံကြီးများစွာကိုပဲ သင်ပိုင်ဆိုင်ရမှာ သေချာပြီး ကောင်းမြတ်တဲ့ အကျိုးရလာဒ်များနဲ့ ထာဝရ ဝေးသွားမှာဖြစ်လို့ပါ။
စာချစ်သူအားလုံး အသိပညာများကို ပိုင်ဆိုင် ရရှိပြီး ပန်းတိုင် နိဗ္ဗာန်ကို အမြန်ရောက်ရှိနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။
(ဥယျာဉ်မှုးလေး)

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP