လွမ်းမောမိသည့်နေ့ရက်လေးများ အပိုင်း(၅)
Sunday, 05 December 2010 17:43 |
Written by Administrator | PDF | | Print | | E-mail

အရှင်နိပုဏာလင်္ကာရ(ဗာရာဏသီ)
နောက်တစ်ရက်မှာ စောစောလေးထပြီး နီပေါနိုင်ငံဘက်မှာရှိတဲ့ လုမ္ဗိနီကို ခရီးဆက် ကြပါတယ်။ နေ့ဆွမ်းအမှီ ရောက်တယ်လို့ ပြောကြတဲ့ အတွက် ဆွမ်းကို ထုပ်မယူ ဖြစ်တော့ပါဘူး၊ အိန္ဒိယ နယ်စပ်ကို ရောက်တော့ တော်တော်ကြီးတဲ့ ကျွန်းတောကြီးကို ဖြတ်ကြရတယ်၊ မျောက်တွေကလည်း ပေါမှပေါပဲ။ ကားရပ်ပြီး အစားအစာ ကျွေးရင် လူကို အန္တရာယ်ပြု တတ်တယ်လို့ သိရတဲ့အတွက် ကားပေါ်ကနေပဲ ငှက်ပျောသီးတွေ ပစ်ကျွေးကြတယ်။
နီပေါ အိန္ဒိယနယ်စပ် ဖြတ်ကျော်ခ အဖြစ် အသွားအပြန် အိန္ဒိယ ရှုပီး (၂၀၀၀)ပေးရတယ်၊ လုမ္ဗိနီမှာရှိတဲ့ မြန်မာကျောင်းကို နေ့ဆွမ်းအမှီပဲ ရောက်ရှိတယ်၊ နေ့ဆွမ်းစားအပြီး ခဏနားကာ ကပိလ၀တ္ထုမြို့တော်ဟောင်း နေရာကို သွားရောက် လေ့လာကြတယ်၊ မြို့တော်ဟောင်းနေရာဟာ လုမ္ဗိနီမှ အနောက်မြောက်(၁၀)မိုင်ခန့် ဝေးပြီး တောကျကာ လူပြတ်ပါတယ်၊ တစ်ခါတစ်ရံ လုယက်တတ်တယ်လို့ သိရပါတယ်၊ ဒါကြောင့် မိမိတို့လိုပဲ private လာရောက်ကြတဲ့ စင်္ကာပူက မအေးတို့ အဖွဲ့နှင့် အတူ သွားရောက်ကြပါတယ်၊ ဒီနေရာဟာ ဒီနေ့ခေတ်မှာတော့ နီပေါနိုင်ငံ တောလိဝှါမြို့နယ်မှာ တည်ရှိပြီး ပဒရီးယားလို့ ခေါ်ကြပါတယ်။
ကပိလရသေ့ရဲ့ သင်္ကန်းကျောင်းနေရာမှာ တည်ထားတဲ့ မြို့တော် ဖြစ်တာမို့ ကပိလ၀တ္ထုမြို့လို့ အမည်တွင်တာပါ၊ မြတ်စွာဘုရားရဲ့ ဖခမည်းတော် သုဒ္ဓေါဓနမင်းကြီး နန်းစိုက်ခဲ့ပြီး ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဒေ၀ဒဟတိုင်းသူ ယသော်ဓရာ နှင့် လက်ဆက်ကာ ၁၆-နှစ်သားမှ ၂၉- နှစ်သားအထိ ထီးနန်းစည်းစိမ် စံစားခဲ့တဲ့ မြို့တော် ဖြစ်ပါတယ်။ ၀ိဋဋူဘမင်းသား ဘုရင်ဖြစ်လာတဲ့အခါ ကျွန်မသားလို့ စော်ကားခံရတာကို ရန်ငြိုးထားပြီး အမျိုးဖြုတ် သတ်ဖြတ်နှိမ်နှင်းခဲ့တာမို့ သာကီဝင်မင်းမျိုး ပျောက်ခါနီး အထိ ဖြစ်ခဲ့ရတာပါ။
မြို့တော်ဟောင်းနေရာမှာ ဗောဓိပင် သစ်ပင်ကြီးတွေ ကြီးကြီး မားမားတွေ မြင်တွေ့ရပါတယ်၊ ဒီအပြင် အနောက်ဘက် ဂိတ်နေရာ နန်းတော်ဟောင်းနေရာ ဘုရားအလောင်းတော်တောထွတ်ခဲ့တဲ့ အရှေ့ တံခါးမုခ်တို့ကိုလည်း မြင်တွေ့ ရပါတယ်။ တောထဲမှာ ဖြစ်နေပေမဲ့ ရှေးဟောင်း အမွေအနှစ် နေရာအဖြစ် နီပေါအစိုးရက တန်ဖိုးထားကာ သိမ်းဆည်းထားပုံ ရှိပါတယ်။
မြို့တော်ဟောင်းနေရာမှ တဆင့် ဖခင် သုဒ္ဓေါဓနမင်းကြီးနဲ့ ဆွေတော် မျိုးတော်များ ဆောက်လုပ် လှူန်းခဲ့တဲ့ နိဂြောဓာရုံကျောင်းနေရာကို လေ့လာ ကြတယ်၊ နိဂြောဓ သာကီဝင် မင်းသားရဲ့ ဥယျာဉ်နေရာမှာ ဆောက်လုပ်ခဲ့တဲ့ ကျောင်းဖြစ်တာမို့ နိဂြောဓာရုံကျောင်းလို့ အမည်တွင်ခြင်းပါ၊ ဘုရားရှင်ဟာ မာန်မာန ကြီးမားလှကြတဲ့ သာကီဝင်မင်းမျိုးတို့ရဲ့ မာန်မာနကို ကျစေ လိုတဲ့အတွက် တန်ခိုးပြဋိဟာ ပြတော်မူပြီး စိုစေသူကို စိုစေပြီး မစိုစေသူကို လုံးဝ မစိုစေတဲ့ ပေါက္ခရ၀ဿမိုး ရွားသွန်းဖြိုးစေကာ ဒီကျောင်းတော်မှာပဲ ဝေဿန္တရာဇာတ်ကို ဟောတော်မူခဲ့ပါတယ်။
ဒီကျောင်းတော်မှာ ဘုရားရှင် (၁၅)၀ါမြောက် ၀ါကပ်တော်မူခဲ့တယ်၊ ညီတော်နန္ဒနှင့် သားတော် ရာဟုလာတို့ ရဟန်းပြုခဲ့ကြတယ်၊ တရားဒေသနာ များစွာကို ဟောကြားခဲ့ပါတယ်။ အရင်က ဖြစ်ရပ်ပေါင်းစုံခဲ့တဲ့ ကျောင်းတော် ကြီးဟာ ယနေ့ချိန်မှာတော့ ကျောင်းဆောင် ဟောင်းတစ်ဆောင်ပဲ တွေ့ရ ပါတယ်၊ ကျောင်းဝိုင်း တစ်ဝိုင်းလုံး သရက်ပင်တွေ ဝေေ၀ဆာဆာနှင့် သာသာ ယာယာရှိလှပါတယ်။
နိဂြောဓာရုံ ကျောင်းတော်ကနေ ဘုရားလောင်း မွေးဖွားရာ လုမ္ဗိနီကို သွားရောက်ကြပါတယ်၊ လုမ္ဗိနီ ရောက်တော့ မှောင်ရိပ်ပျိုးနေပါပြီ၊ ဦးစွာ ဘုရားလောင်း မွေးဖွားရာ အဆောက်အဦး အတွင်းက ခြေတော်ရာနှင့် အင်ကြင်းပင် ပေါက်ရာ နေရာတို့ကို ဖူးမြှင်ကြပါတယ်၊ အသောကမင်းကြီး နန်းစံနှစ် အနှစ်(၂၀) မှာ စိုက်ထူခဲ့တဲ့ ကျောင်းတိုင်ကြီးကိုလည်း တွေ့ရပါတယ်။ လက်ရှိကျောက်တိုင်မှာ ကျိုးနေတဲ့အတွက် ၁၀-ပေခန့်ပဲ မြင့်ကြရတော့တာပါ၊ စိုက်ထူတုံးက တိုင်ထိပ်မှာ မြင်းရုပ်ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ကျောက်တိုင်အနီး ဘုရားအလောင်းတော် ဖွားလျှင်ဖွားခြင်း ခြေခုနှစ်လှမ်း ကြွလှမ်းတဲ့ အထိမ်းအမှတ်အဖြစ် တည်ထားတဲ့ စေတီအုပ်ခုံ လေးဆူကိုတွေ့ရပါတယ်။
မယ်တော် မာယာရေကန်ကလည်း ကြည်လင်လှပါတယ်၊ ဘုရား အလောင်းတော် ဖွားမြင်တဲ့အခါ ကောင်းကင်ယံမှ ရေပူ ရေအေး စမ်းနှစ်သွယ် စီဆင်းလာပြီး မယ်တော်နှင့် သားတော်ကို ရေသပ္ပါယ်ကာ သန့်ရှင်းစင်ကြယ် နွေးထွေး စေခဲ့ပါတယ်။ အဲဒီရေတွေ စီးဆင်းကျလာ မှုကြောင့် ဒီရေကန် ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်၊ ပတ်လည် ၀န်းကျင်မှာလည်း ကျောင်းတော်ရာ ဟောင်းများ စေတီငယ် အုပ်ခုံများစွာကို ဖူးမြှင်ရပါတယ်။
ဒီလုမ္ဗိနီဥယျာဉ်ဟာ လွန်ခဲ့တဲ့ နှစ် ၂၅၀၀-ကျော်က အင်ကြင်းပင်တွေနဲ့ ဝေဆာ နေခဲ့တဲ့နေရာပါ။ ကပိလ၀တ်နှင့် ဒေ၀ဒဟ တိုင်းပြည် နှစ်ခု အကြား တည်ရှိပါတယ်၊ မာယာဒေ၀ီ မိဘုရားကြီးဟာ ကိုယ်ဝန် အရင့်အမာနှင့် ဒေ၀ဒဟပြည် ဆွေတော် မျိုးတော် များအထံ အသွား လမ်းခရီးအကြားက ဒီလုမ္ဗိနီသာမော အင်ကြင်းတောမှာ ဘုရား အလောင်းတော်ကို မွေးဖွားခဲ့တာဖြစ်ပါတယ်။ အချိန်အားဖြင့် မဟာ သက္ကရာဇ် ၆၈-ခုနှစ်(ဘီစီ-၆၂၃) ကဆုန်လပြည့် သောကြာနေ့ဖြစ်ပါတယ်။
ဘုရားဖူးကြ မှတ်တမ်းတင် ကြအပြီးမှာတော့ အတော်ကို မှောင်နေပါပြီ၊ တည်ခိုမဲ့ မြန်မာကျောင်းနှင့်လည်း သိပ်မဝေးတာမို့ ဘုရားဈေးတန်းကို လှည့်လည်ကာ လက်ဆောင်လေးတွေ ၀ယ်ဖြစ်ကြတယ်၊ လရောင်လဲ ရှိနေတာကြောင့် အပြန်မှာ စကား တပြောပြောနဲ့ ပြန်လာဖြစ်ကြတယ်။ မြန်မာကျောင်း အနီးမှာ တည်ထားပူဇော်တဲ့ လောကမဏိ စူဠာစေတီ တော်ကိုလည်း ဖူးမျှော်ဖြစ်ခဲ့ကြတယ်၊ မနက်စောစော ခရီးဆက်ရ အုံးမှာမို့ စောစောပဲ အိပ်ရာဝင်ဖြစ်တယ်။
နောက်တစ်ရက် မနက် ငါးနာရီလောက် ထကြပြီး မိမိနဲ့ ဦးကုဏ်တို့ဟာ နေ့ဆွမ်းအတွက် ဆွမ်းချိုင့် စီစဉ်ကြတယ်။ ဒီနေ့လည်း အချိန် အတော်ကြာ မောင်းရမဲ့ ခရီးလမ်းးပါ၊ လုမ္ဗိနီကနေ သာဝတ္ထိကို ဆက်ရမှာပါ။ နံနက်၇-နာရီလောက်မှာ လုမ္ဗိနီကနေ စတင် ထွတ်ခွါပါတယ်၊ ၀န်းကျင်တစ်ခု လုံးလည်း ဆီးနှင်းတွေ လွှမ်းခြုံထားဆဲပါ။ အဆင်တပြေပဲ နီပေါဂိတ်ကို ဖြတ်ကျော်ပြီး အိန္ဒိယထဲကို ၀င်ခဲ့ကြတယ်၊ တစ်ခါတစ်ရံ နီပေါလမ်းဟာ ပြဿနာများပြီး တစ်နေကုန် လမ်းပိတ်တတ်လို့ ဘုရားဖူးတွေ စောင့်ကြရ တတ်ပါတယ်။
လမ်းဘေး တစ်လျှောက် လယ်ကွင်းတွေ ယာခင်းတွေ စိမ်းစိမ်း စို့စို့မို့ ကြည့်ရတာ မျက်စိပသာဒ ဖြစ်လှပါတယ်၊ စိတ်ကိုလည်း လန်းဆန်း ကြည်နူးစေပါတယ်။ မတူညီတဲ့ ဓလေ့တွေက လမ်းဘေးမှာ စားသောက်ဆိုင် ကြီးကြီး မားမားမရှိတာ၊ အပေါ့အလေး စွန့်ဖို့ သီးသန့်နေရာ မရှိတာတွေက ဘုရားဖူးခ ရီးသည်တွေအတွက် စိတ်အနှောက် အယှက်ဖြစ်စေပါတယ်။ ကားကလည်း အရှိန်နဲ့ မောင်းလာလိုက်တာ ၁၀-နာရီတောင်ခွဲခဲ့ပါပြီ၊ မစ္စတာIan က နေ့ဆွမ်းအတွက် အချိန်ကို သတိ ပေးပါတယ်၊ ဒါနဲ့ လမ်းဘေး ကားရပ်နားပြီး ဆွမ်းစားလို့ ကောင်းမဲ့နေရာကို ကားပေါ်ကနေပဲ မောင်းရင်း ရှာရင်း ရှာကြပါတယ်။ နေရာကို မတွေ့နိုင်အောင်ပါပဲ၊ သစ်ပင်တွေပေါပြီး အုပ်အုပ်မှိုင်းမှိုင်း နေရာတွေဆိုရင်လဲ မစင်ပုံတွေ များလွန်းတဲ့အတွက် အဆင်မပြေပါဘူး။ မြန်မာနိုင်ငံလိုသာဆိုရင် အိန္ဒိယမှာ စိမ်းစိမ်းစိုစိုနဲ့ အနားယူဖို့ ကောင်းတဲ့ နေရာတွေ သိပ်ကိုပေါတာပါ။
အချိန်ကလဲ ၁၁-နာရီကျော်လာပြီမို့ အရိပ်ကျိုးတိုး ကျဲတဲရှိတဲ့ သစ်ပင်တန်း လေးရဲ့အောက်မှာ ဆွမ်းစားဖို့ ဆုံးဖြတ်ကြပါတယ်။ ရွာနှင့်လဲ တော်တော်ဝေးတဲ့နေရာပါ၊ သတင်းစာတွေ ချခင်းကာ ဆွမ်းဟင်းတွေ ပြင်ဆင်ပြီး စားဖို့ အဆင်သင့်ဖြစ်နေမှ ဦးကုဏ်က သတိပေးပါတယ်။ ကြည့်လိုက်တော့ အန္တရာယ်တွေက မလွတ်ပြန်ပါဘူး၊ ပြင်ဆင်ပြီးပြီဆိုတော့ ဖြစ်သလိုပဲ စားလိုက်ကြပါတယ်။ ဦးသိရိန်က အရယ်အသွမ်း လေးတွေနဲ့ မှတ်တမ်းတင်သလို ဒေါ်အိကလည်း တဟားဟားရယ်ပါတယ်၊ ကောင်းမဲ့ ထင်တဲ့ လွတ်မယ်ထင်တဲ့ နေရာရွေးလိုက်ကာမှ မစင်ပုံတွေ ရှိနေပြန်တော့ မိမိမှာ ငိုရမလို ရယ်ရမလို ပါပဲ။ တူညီခဲ့ကြတာကတော့ အားလုံး အဆာပြေ လောက်ပဲ ထမင်းစားနိုင်ကြတာပါ။
ဆက်လက်ဖေါ်ပြပေးသွားပါမည်။
2010-ခု၊ဒီဇင်ဘာလ ၅-ရက်၊ တနင်္ဂနွေနေ့။
မေတ္တာဥယျာဉ်

0 comments:
Post a Comment