* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Tuesday, December 7, 2010

မိထွေး(ဒွေး)တော် ဂေါတမီ (သို့) ကျနော်တို့အားလုံးရဲ့ အမေ

(၁)

As the beloved mother died seven days after his birth, Mahā Pajāpati Gotami, her younger sister, who was also married to the King, adopted the child, entrusting her own son, Nanda, to the care of the nurses.

ချစ်လှစွာသော မွေးသမိခင်ဟာ (ဘုရားလောင်း သိဒ္ဓတ္ထမင်းသားလေး) သူ့ကိုမွေးဖွားသန့်စင်ပြီး ခုနှစ်မြောက်သောနေ့၌ ကွယ်လွန်တယ်ဆိုလျှင်ပဲ ဘုရင်သုဒ္ဓေါဒနကိုပင် လက်ထပ်ထားတဲ့ (ဘုရင်သုဒ္ဓေါဒနရဲ့ မိဘုရားတဖြစ်လဲ) ညီမတော် မဟာပဇာပတိဂေါတမီဟာ မိမိရင်မှဖြစ်သော သားရင်း နန္ဒမင်းသာလေးကို နို့ထိန်း(နာနီ)တွေထံကို အပ်နှံပြီးနောက် လောင်းတော် မင်းသားလေးအား (မိခင်ရင်းနှင့်မခြား စောင့်ရှောက်ရန်) မွေးစားတော်မူ၏။

The Buddha and his teaching စာအုပ်ထဲက ဘုရားရှင်နဲ့ပတ်သက်တဲ့ ဗုဒ္ဓ၀င်ဇာတ်ဝင်ခန်းလေးတစ်ခုက စာသားလေးပါ။ (ကြီးကြီးကျယ်ကျယ် အင်္ဂလိပ်လိုတွေ ဖတ်နေတယ်လို့တော့ မထင်လိုက်ကြပါနဲ့။ တက်လို့မဟုတ်ပါ။ (စာ)ငတ်လို့ဖတ်မိခြင်းပါ)။

(၂)

ရင်ကိုငြိမိတဲ့ အတွေးလေးများကို ခံစားမိလို့ပါ။ အဓိက စိတ်ဝင်စားမိတာက မဟာပဇာမတိဂေါတမီ။ သူမဟာ မိဒွေးတော်ဂေါတမီဆိုတဲ့အမည်နဲ့ ပိဋကတ်စာမျက်နှာတွေမှာ ထင်ရှားပါတယ်။ မြန်မာ စကားမှာတော့ မိဒွေးဆိုတာ အဖေဖြစ်သူရဲ့ နောက်ယူထားတဲ့ ဇနီးမယား။ (ဒါကို ဗီလိန်ဇာတ်ကောင်းအဖြစ်နဲ့လဲ ရုပ်ရှင်တွေမှာ အသက်သွင်းတာလဲ တွေ့ဖူးပါတယ်)။

မဟာပဇာပတိဂေါတမီကတော့ အဖေရဲ့ နောက်ယူထားတဲ့ မိဘုရားတစ်ပါး (မိန်းမငယ်ဖြစ်ပေမဲ့) ဗီလိန်ဇာတ်ကောင် တစ်ယောက်မဟုတ်ခဲ့ပါဘူး။ သူမရဲ့သားရင်းကို နို့ထိန်းတွေဆီ အပ်နှံထားနိုင်တဲ့ လေးစားလောက်တဲ့ပါရမီကို မိခင်တိုင်းသဘော ပေါက်နိုင်မှာပါ။ ဘယ်မိခင်မဆို သားအရင်းကိုပဲချစ်ကြ မြတ်နိုးကြမှာပါ။ သမိုင်းကတောင်းဆိုလို့သာ သူမဟာ အလောင်းတော်လေးကို ရင်ဝယ်သားကဲ့သို့ ပိုက်ထွေးခဲ့ရတာပါ။ သူမဟာ လူသားအားလုံးအတွက် စံပြမိခင်နေရာကို (နှလုံးသားနဲ့ရင်းပြီး) တာဝန်ကြီးကြီးယူလိုက်ရတာပါ။

အလောင်းတော်လေးရဲ့ မိခင်ရင်း မဟာမာယာ(မယ်တော်မာယာ) ကွယ်လွန်တဲ့အချိန်ဟာ ခုနှစ်ရက်သားလေးဆိုတော့ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့ ကလေးတစ်ယောက်ဟာ မိခင်နှင့်မခြားပြုစု စောင့်ရှောက်သူလိုတာ အမှန်ပါပဲ။ လူသားတစ်ယောက်အနေနဲ့ မွေးဖွားလာတဲ့ အလောင်းတော်ဟာ ဘယ်လောက်ပင် ပါရမီရင့်ရင့် စောင့်ရှောက်သူနဲ့ဝေးရင် လူသားတစ်ယောက်လိုပဲ ဒုက္ခတွေ့နိုင်တယ်ဆိုတာ လက်ခံမိပါတယ်။ သားရင်းနန္ဒမင်းသားလေးနဲ့ အလောင်းတော်ဟာ တစ်ရက်တည်း မွေးဖွားခဲ့ပေမဲ့ လူသားဆန်ဆန်ပဲ (ပါရမီဆန်ဆန်ပဲ) သူမဟာ သားရင်းကို စွန့်လွတ်ခဲ့ရသူပါ။

(၃)

အချိန်တန်အရွယ်ရောက်လို့ အိမ်ထောင်ရက်သားကျ၊ နောက် လောကကိုငြီးငွေ့ပြီး တောထွက်၊ သစ္စာလေးပါကို ကိုယ်တိုင်သိမြင်ပြီးနောက် ဝေနေယျတွေကို မသေရာလမ်းကို ညွှန်ပြနိုင်မဲ့ အလောင်းတော်ကိုမွေးစား ပြုစုလိုက်ခြင်းအားဖြင့် လောကသားတွေကို ကယ်တင်လိုက်နိုင်တာပါပဲ။ ဒီအတွက် ပိဋကတ်စာ မျက်နှာတွေမှာ သူမဟာ အထူးတစ်နေရာရခဲ့တာပါ။

သူမဟာ ဘုရားရှင်ကို ချစ်လွန်းလို့ အဖိုးအနဂ္ဃထိုက်တန်တဲ့ သင်္ကန်းတော်ကိုလှူတော့လဲ သူမရဲ့အနစ်နာခံမှုတွေကို အောက်မေ့မိတဲ့ဘုရားရှင်ဟာ ငါ့ကိုလှူမည့်အစား “သံဃေ ဂေါတမီ ဒေဟိ၊ သံဃေ ဒိန္နံ မဟပ္ဖလံ၊ ဒိန္နေ သံဃဿ ဂေါတမီ” လို့ သံဃာတော်တွေကိုလှူရင် အကျိုးကျေးဇူး ပိုများကြောင်းဟောရင်း သံဃာ့အဖွဲ့အစည်းမည်မျှ အကျိုးကြီးကြောင်းကိုလဲ ဖြစ်ပေါ်စေခဲ့သူပါ။

နောက် အမျိုးသမီးအခွင့်အရေးအတွက် ဘုရားရှင်ထံချဉ်းကပ်ပြီး ရဟန်းပြုခွင့်ရဖို့ သနားခံခဲ့ရင်း အမျိုးသမီးထုရဲ့ စံပြခေါင်းဆောင်လဲ ဖြစ်ခဲ့သေးတယ်။ ဘိက္ခုသံဃာ၊ ဘိက္ခုနီသံဃာတို့ရဲ့ ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဗုဒ္ဓ၀င်မှာစံတင်လောက်တဲ့ သူမရဲ့ အနစ်နာခံချက် စွမ်းဆောင်ချက် များစွာတို့ဟာ တသသဖြစ်စရာပါ။

(၄)

သူမဟာ ဘုရားရှင်ရဲ့မိခင်ဖြစ်သလို သစ္စာလေးပါးရဲ့မိခင်လည်းဖြစ်တယ်။ နန္ဒမင်းသားလေးရဲ့ မိခင်ဖြစ်သလို ကပိလ၀တ်ပြည်သားတွေရဲ့ မိခင်လည်းဖြစ်တယ်။ ကပိလ၀တ်ပြည်ကြီးရဲ့ မိခင်ဖြစ်သလို့ ဗုဒ္ဓသာသနာတော်ရဲ့ မိခင်လည်းဖြစ်တယ်။ အရှင်မဟာမောဂ္ဂလာန်ရဲ့ မိခင်ဖြစ်သလို အရှင်သာရိပုတြာရဲ့ မိခင်းလည်းဖြစ်တယ်။ သံဃာအားလုံးရဲ့ မိခင်ဖြစ်သလို ဘုရင်သုဒ္ဓေါဒနရဲ့ မိခင်လည်းဖြစ်တယ်။ အနာထပိဏ်ရဲ့မိခင်ဖြစ်သလို ၀ိသာခါရဲ့မိခင်လည်းဖြစ်တယ်။

ရဟန္တာအပေါင်းရဲ့မိခင်ဖြစ်သလို့ ပုထုဇဉ်ရဟန်းတွေရဲ့မိခင်လည်းဖြစ်တယ်။ သာဝတ္ထိ၊ ရာဇဂြိုဟ်နိုင်ငံတွေရဲ့ မိခင်ဖြစ်သလို တိုင်းသူပြည်သားတွေရဲ့ မိခင်လည်းဖြစ်တယ်။ ဗိမ္ဗိသာရရဲ့မိခင်းဖြစ်သလို့ ဆေးဆရာဇီဝကရဲ့ မိခင်လည်းဖြစ်တယ်။ လောကီရဲ့မိခင်ဖြစ်သလို လောကုတ္တရာရဲ့မိခင်လည်းဖြစ်တယ်။


တကယ်တော့ မိဒွေးတော်ဂေါတမီဟာ ကျနော်တို့အားလုံးရဲ့မိခင်ဖြစ်တယ်။


0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP