* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 19, 2010

၂၀၁၀ နဲ့ ပုံရိပ်ဟောင်းများ…

( ဒီစာမျက်နှာနဲ့ ဝေးနေခဲ့တာ တော်တော်ကြာပါပြီ၊ တတောဝင် တတောထွက်နဲ့ တောဘုန်းကြီးလေးဖြစ်နေခဲ့ရတော့ အင်တာနက်ဆိုတာ ကြားဖူးရုံပါပဲ။ အခုမှပဲ မနက်တာကြာပြီဖြစ်တဲ့ အင်တာနက်ဆိုတာကို စပြီး နက်ဖြစ်ပါတော့တယ်။ မိမိစာမျက်နှာကို ပုံမှန်လာရောက်ခဲကြတဲ့ ဓမ္မမိတ်ဆွေများကိုလဲ ကျေးဇူးအထူးတင်ပါတယ်။)

၂၀၁၀ မေလ (၁၉)ရက်နေ့က စလို့ သီရိလင်္ကာကနေ စတင်ထွက်ခွါခဲ့တယ်။ စင်္ကာပူ မလေး အိန္ဒိယ ထိုင်း ကမ္ဘောဒီးယား နိုင်ငံတွေကိုသွားပြီး ဧပြီ (၂၄)မှာ မြန်မာကို ပြန်ရောက်ခဲ့တယ်။
(ထိုင်းခရီးစဉ်အတွက် ရွာဦးကျောင်းဆရာတော်နဲ့ မယမင်းတို့က အစစ အရာရာ ကူညီပေးပြီး ကမ္ဘောဒီးယား ခရီးစဉ်အတွက် စည်သူ--နန်းနန်း တို့က လိုလေသေးမရှိ ကူညီပေးခဲ့ကြတယ်၊ ကျေးဇူးအထူးတင်ပါကြောင်း ဒီနေရာကနေ ပြောပါရစေ) ရန်ကုန်လေဆိပ်ရောက်လို့ လက်ချိုးရေတွက် ကြည့်လိုက်တဲ့အချိန်မှာ ရန်ကုန်ကနေ ထွက်ခဲ့တာ (၃) နှစ်တင်းတင်း ပြည့်တဲ့နေ့ဖြစ်နေတယ်။

ရန်ကုန်ကတော့ မီနီမားကတ်ကြီးတွေ တိုးတက်နေတယ်။ လမ်းတွေလဲ မဆိုစလောက် တိုးတက်လာတယ်။ မီးပျက်နေဆဲ၊ ဓာတ်ဆီကား တွေတန်းစီနေရဆဲ၊ မီတာ တက္ကစီတွေ နာမည်ခံ သက်သက်ပါပဲ။ အရင်ကလိုပဲ တောင်းနေကြတုန်း။ လူငယ်တွေ ကိုယ့်ကျင့်တရား အားနည်းနေတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ လမ်းပျောက်တဲ့ လူငယ်တော်တော်များများကိုလဲ တွေ့နေရတယ်။ တိုင်းပြည်အတွက် ၀မ်းနည်းစရာလို့ ပြောနိုင်မယ်ထင်တယ်။ လူငယ်တချို့ကတော့ ပြည်ပထွက်ဖို့ ကြိုးစားကြရင်း သူတို့ဘ၀အတွက် တိုးတက်ဖို့ အခွင့်အလမ်းတွေကို ကြိုးစားရှာဖွေနေကြတယ်။ တချို့အသိုင်းအ၀ိုင်းကတော့ လူကွယ်ရာမှာ တကယ့်ကို တရားရှာနေကြတယ်။ နာမည်ကြီးဖို့ လူကြားကောင်းဖို့ လူအများ လေးစာခံရဖို့ဆိုတဲ့ စိတ်မရှိဘဲ ရိုးရိုးသားသား တရားအလုပ်ကို ကြိုးစားနေကြတဲ့ လူတစ်စုကိုလဲ တွေ့ခဲ့တယ်

ရန်ကုန်ရောက်တဲ့နေ့မှာပဲ ရွှေတိဂုံစေတီတော်၊ မဟာဝိဇယစေတီတော်နဲ့ ဆူးလေစေတီတော်တွေကို ဖူးမြော်ခဲ့တယ်။ အားလုံးပုံမှန်ပါပဲ။ လာသမျှလူတွေကို အငြိမ်းဓာတ်တွေ ဖြန့်ဝေနေဆဲပါ။( စိတ်ထဲရှိတဲ့အတိုင်း ပြောရရင်တော့ မြန်မာပြည်ရဲ့ အထင်ကရ ဆူးလေစေတီတော်မှာ နတ်ကွန်း နတ်နန်းတွေ ဆောက်ထားတာကိုတော့ သဘောမကျမိခဲ့တာ အမှန်ပါ။ (နောက်ထပ်တည်ထားတဲ့ နေပြည်တော်က စေတီတွေမှာ အဲဒါမျိုးတွေ မတွေ့ရဘူး၊
ဒါလေးတော့ သဘောကျမိတယ်)

ရန်ကုန်ကနေ ကျိုက်ထီးရိုးစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့တယ်။ ကျိုက်ထီးရိုးစေတီတော်ကို ဖူးမြော်ရတော့ စိတ်ထဲမှာ ကြည်နူးနေတယ်။ ဘယ်နေရာရောက်ရောက် ဘုရားကိုယ်ပွား စေတီ ရုပ်ပွားတွေကတော့ လူသားအားလုံးကို တပြေးညီ ငြိမ်းချမ်းမှုတွေ ပေးနေတယ်။ ထူးထူးခြားခြား ကျိုက်ထီးရိုးမှာ သတိထားမိတာ တစ်ခုကတော့ အရင်က ဘုရားလာသူတွေ အခမဲ့တည်းခိုနိုင်တဲ့ ဓမ္မာရုံတွေက Guest House တွေဖြစ်နေတယ်။ တခန်းကို တည တစ်သောင်း တစ်သောင်းခွဲပေးရတယ်။ Guest House တွေရဲ့ အ၀င်ဝမှာ သိန်း ၂၉၀ ဖြင့် လေလံဆွဲထားပါသည် ဆိုတဲ့ စာတန်းတွေလဲ တွေ့ခဲ့ရတယ်။ ဘုရားရော ဘုရားဓမ္မာရုံပါ မကျန် လေလံပေးပြီး ရောင်းစားနေကြသလားလို့ တွေးနေခဲ့တယ်၊(သေချာတော့ မသိပါဘူး)။

အဲဒီကတဆင့် မော်လမြိုင်၊ မုဒုံ သံဖြူဇရပ် ကျိုက်ထိုမြို့တွေကို ခရီးဆက်ခဲ့တယ်။ ကျိုက်ခမီရေလည်ဘုရား နဲ့ စက်စဲကမ်းခြေတွေကိုလည်း ရောက်ခဲ့သေးတယ်။ မွန်ပြည်နယ်တ၀ိုက်မှာတော့ ရိုးသားတဲ့ တိုင်းရင်းသား တိုင်းရင်းသူတွေကို မြင်တွေ့နေရဆဲပါ၊ ဦးဇင်း ဘာလေးကတော့ ၀ယ်မထိဘူး(၀ယ်မရဘူး)၊ ဘယ်နေရာကို သွားမထိဘူး(သွားမရဘူး)..စသည်ဖြင့် ပြုလုပ်လို့မရတဲ့နေရာတွေမှာ မထိဘူး မထိဘူးနဲ့ ထည့်ပြောတတ်တဲ့ မွန်တို့ရိုးရာ ရာမညဓလေ့ကိုတွေ့ရတော့ စိတ်ကြည်နူးမိတာတော့ အမှန်ပါ၊

သံဖြူဇရပ်ကို ရောက်တုန်း ဟံသာဝတီဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလဲ သွားရောက်လေ့လာခဲ့သေးတယ်. ကလေးငယ် ကိုးဆယ်ကျော် ဆရာ ဆရာမ ၂၀ ကျော်နဲ့ တပိုင်တနိုင် ပရဟိတလုပ်နေကြတာ၊တကယ့်ကို အားကျ ကြည်ညိုစရာပါ။(မေတ္တာရှင် ရွှေပြည်သာမှ ဟံသာဝတီ ဘက ကျောင်းက ဆရာ ဆရာမများအတွက် လစာငွေ ပုံမှန်ထောက်ပံ့ပေးပါတယ်။) လေ ပရဟိတ သမားများနဲ့ နှိုင်းစာရင် လက်တွေ့ကျတဲ့ ပရဟိတသမားများကို ဦးညွတ် ဂုဏ်ပြုကြိုဆိုရမယ်မဟုတ်လား၊ မိမိနဲ့ ဂျူး ပူ တင်တို့အဖွဲ့က တရက်စာ ဆွမ်းအလှူငွေ လှူဖြစ်ခဲ့ပါသေးတယ်။ အောက်မြန်မာပြည် ခရီးစဉ်မှာ ဖ၀ါးနောက်က မခွါလိုက်ပါခဲ့ကြသူတွေကတော့ ဂျူး ပူ တင် တို့ သုံးယောက်ပါ။


ဆက်ပါအုံးမည်…

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP