* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 19, 2010

အနာထပိဏ် သူဌေးကတော်ကြီး၏ နာမည် ဘယ်လိုခေါ်သလဲ

အနာထပိဏ် သူဌေးကတော်ကြီး၏ နာမည် ဘယ်လိုခေါ်သလဲ

ဒကာ။ ။ ဆရာတော်တို့တရားဟောတဲ့အခါ သာဝတ္ထိပြည် ဇေတ၀န်ကျောင်း ဒကာ အနာထပိဏ်သူဌေးကြီးက ဘယ်သို့ဘယ်ညာ စသည်ဖြင့် သူဌေးကြီးအကြောင်း ဂုဏ်ပုဒ်တွေချည်း ထုတ်ထုတ် ဟောသွားကြတာပဲ။ ပြီးတော့ အနာထပိဏ်သူဌေးကြီး၏သား ကာလ သတို့သားတို့အကြောင်း၊ သူဌေးကြီး၏ သမီးတော် စူဠသုဘဒ္ဒါတို့ , မဟာသုဘဒ္ဒါတို့ အကြောင်းကိုသာ ဟော ဟော သွားကြတာပဲ၊ သူဌေးကတော်ကြီးရဲ့ အကြောင်းတော့ မဟောကြလို့ နာမည်ကိုတောင်မှ မသိကြရဘူး၊ ဒါ့ကြောင့် သူဌေးကတော်ကြီးရဲ့နာမည်ကို မေးရတာပါ ဆရာတော်။
ဆရာ။ ။ အော်….ဒါကတော့ တရားကြောဒေသနာ ရေစီးကြောင်းထဲ ၀င်လာတဲ့အခါမျိုးမှာသာ ဟောကြတာပါလေ၊ ကဲ…နားထောင်။
အနာထပိဏ်သူဌေးကြီး ဇေတ၀န်ကျောင်းတော်ကြီးကို အသုံးအဆောင် အားလုံး အပြည့်အစုံနှင့်တကွ ဆောက်လုပ်ပြီးလို့ မြတ်စွာဘုရားသခင်အား ကျောင်းတော်တင်ပွဲကြီး ဆင်နွှဲ ပေးလှူကြရန်အတွက် သံဃာတော်ပေါင်းများစွာနဲ့ ပင့်ဆောင်တော်မူလာတဲ့ အခန်းမှာ…..
(၁) ပသေနဒီ ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီးသည် ခမည်းတော် ကောသလမင်းကြီး၏ ခွင့်ပြုချက်အရ အခြံအရံ သတို့သမီးငါးရာနှင့်အတူ ရေပြည့်အိုး ပန်းနံ့သာ စသည်တို့ စွဲကိုင်ကာ မြတ်ဘုရားထံ လမ်းခရီးက ကြိုဆို၍ ကျောင်းတော်သို့ ပင့်ဆောင်ရန်အတွက် ရိုသေစွာ ရှိခိုးကြလျက် ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်ပြီး သင့်လျော်ရာ နေရာက ရပ်တည်နေကြစဉ် မြတ်စွာဘုရားက သုမနာမင်းသမီးအား တရားဟောတော်မူလိုက်ရာ သုမနာမင်းသမီးနှင့်တကွ အခြံအရံ သတို့သမီးငါးရာတို့ပါ သောတာပတ္တိမဂ်ဖိုလ် ရကြ၍ သောတာပန်တွေ ဖြစ်သွားကြတယ်တဲ့။
ဒါတင်မကသေးဘူး၊ ကြိုဆိုရေးအဖွဲ့များဖြစ်ကြတဲ့ အခြား သတို့သမီးငါးရာတို့လည်း သောတာပန်တွေ ဖြစ်သွားကြပြန်တယ်တဲ့၊ ထို့အတူပဲ အခြား မာတုဂါမ အမျိုးသမီးငါးရာတို့လည်း သောတာပတ္တိဖိုလ်၌ တည်ကြပြန်ကုန်တယ်တဲ့၊ သူတို့လိုပဲ ဥပါသကာ ဒါယကာ ယောက်ျားငါးရာတို့ဟာလည်း သောတာပတ္တိဖိုလ်၌ တည်နေကြပြန်ကုန်၏ တဲ့။
ကဲ…မြတ်စွာဘုရားသခင် ဇေတ၀န်ကျောင်းတော်သို့ မရောက်သေးမီ လမ်းခရီးအကြားမှာပင် ကောသလမင်းကြီး၏ သမီးတော် သုမနာမင်းသမီးနှင့်အတူ သောတာပန် အရိယာပေါင်း နှစ်ထောင် ကျွတ်တမ်းဝင်သွားကြပြီ၊ အဲဒီ အရိယာ နှစ်ထောင်တို့ဟာ မြတ်စွာဘုရားသခင်၏ ရှေ့တော်မှနေရာယူကာ တန်းစီပြီး ကျောင်းတော်သို့ လိုက်ပို့ကြတယ် တဲ့။
(၂) အဲသည်နောက်မှ အနာထပိဏ်သူဌေးကြီးက မိမိ၏သားကိုလည်း အခြားသူဌေးသား ငါးရာတို့နှင့်အတူတကွ အဆင်းအရောင် ငါးမျိုးရှိသော အ၀တ်တန်ဆာတို့ကို တင့်တယ်စွာဝတ်ဆင်စေကာ တောက်ပပြောင်လင်း အရောင်တလက်လက် ထွက်နေသော အလံတံခွန် ငါးရာတို့ကို ကိုင်ဆောင်ကာ လိုက်ပါပို့ဆောင်စေတယ်တဲ့။
(၃) အဲသည်နောက်က အနာထပိဏ်သူဌေးကြီး၏ သမီးများဖြစ်ကြတဲ့ စူဠ သုဘဒ္ဒါ, မဟာသုဘဒ္ဒါတို့နှင့်အတူ အခြံအရံ သူဌေးသမီးပေါင်း ငါးရာတို့က ရေပြည့်အိုးများ ရွက်ဆောင်ကာ လိုက်ပါ ပို့ဆောင်ကြတယ်တဲ့။
(၄) အဲသည် သူဌေးသမီးပေါင်း ငါးရာတို့ နောက်ကမှ အနာထပိဏ်သူဌေးကတော်ကြီးဖြစ်တဲ့ ပုညလက္ခဏဒေ၀ီကလည်း ရတနာမျိုးစုံတို့ဖြင့် ဆင်ယင် ထုံးဖွဲ့ ၀တ်ဆင်ကာ အဖော်သူဌေးကတော် ငါးရာတို့နှင့်အတူ နံ့သာရေမွှေးတို့နဲ့ ပြည့်လျှံကြိုင်လှိုင်နေသော ရွှေခွက်တွေကို ပိုက်ကာ ပိုက်ကာ မြတ်စွာဘုရားသခင်အား ဇေတ၀န်ကျောင်းတော်သို့ လိုက်ပါပို့ဆောင်ကြတယ်တဲ့။
(၅) ယင်းတို့အားလုံးရဲ့နောက်ကမှ အနာထပိဏ်သူဌေးကြီးက အကောင်းဆုံးသစ်လွင် တောက်ပဆုံးသော သူဌေးဝတ်စုံတို့ကို ၀တ်ဆင်လျက် အခြားသူဌေးပေါင်း ငါးရာတို့လည်း အသစ်စက်စက်ဖြစ်သော သူဌေးဝတ်စုံတို့ကို ၀တ်ဆင်ကြကာ အတူတကွ မြတ်စွာဘုရားသခင်အား ၀ပ်တွားရိုသေစွာ ခရီးဦးကြိုဆို ပင့်ဆောင်လာကြတယ်တဲ့။
မြတ်စွာဘုရားသခင်သည် ယင်းဖော်ပြပါအတိုင်း ပင့်ဆောင်သူ ဥပါသကာ, ဥပါသိကာ ပရိသတ်တို့ကို ရှေ့ကထားပြီး ရဟန်းတော်ပေါင်း များစွာတို့ကိုခြံရံကာ ကိုယ်တော်မြတ်၏ အသားတော်မှ ၀ါရွှေသော ရောင်ခြည်တော်တို့ကို ထွက်စေလျက် အထူးထူးသော တောသစ်ပင်တို့ကို ရွှေရည်ဖြင့် ဆမ်းဖြန်းလိမ်းကျံ၍ ထားသကဲ့သို့ အတုမရှိတင့်တယ်သော မြတ်စွာဘုရား၏ အသရေတော်ဖြင့် ဇေတ၀န်ကျောင်းတိုက်တော်သို့ ၀င်ကြွတော်မူလေသည် တဲ့။
ကဲ…..အဲဒီ ဇေတ၀န်ကျောင်းတော်ကြီး ပေးလှူပွဲ တရားတော်ထဲမှာ အနာထပိဏ်သူဌေးကတော်ကြီးလည်း ပါပါတယ်၊ သူဌေးကတော်ကြီးရဲ့နာမည်က (ပုညလက္ခဏဒေ၀ီ)တဲ့၊ ရှင်းပြီလား။
ဒကာ။ ။ ခုမှပဲ အနာထပိဏ်သူဌေးကတော်ကြီးရဲ့ နာမည်ကို ရှင်းလင်းသေချာစွာ သိရတော့တယ် ဆရာတော်၊ ကျောင်းတော်တက်ခန်း တရားကလည်း ကောင်းလိုက်တာ ဘုရား။

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP