* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊ * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

* သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ၊     * သဗ္ဗရသံ ဓမ္မရသော ဇိနာတိ။

နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ။ နမော ဝိမုတ္တာနံ၊ နမော ဝိမုတ္တိယာ။

ဘုရားရှင်တို့အား ရှိခိုးပါ၏။
ဘုရားရှင်တို့၏ မဂ်ဉာဏ် ဖိုလ်ဉာဏ်အား ရှိခိုးပါ၏။
ကိလေသာတို့မှ လွတ်မြောက်တော်မူကြသော ဘုရားရှင်တို့အား ရှိခိုးပါ၏။
ထိုဘုရားရှင်တို့၏ ဝိမုတ္တိငါးပါးအား ရှိခိုးပါ၏။

Sunday, December 19, 2010

လင်္ကာမြေမှာတစ်နှစ်တာ (အပိုင်း ၁)

Saturday, 18 December 2010 18:34

ထိုနေ့က သူတို့၏မျက်နှာများသည် ပြုံးယောင်သန်းနေကြသော်လည်း ရွှင်လန်းသည်ဟုတော့ မဆိုနိုင်ပါ။ မနက် အရုဏ်တက်သည်မှစ၍ ရောက်လာနေကြသော မုန့်ပဲသရေစာအမျိုးမျိုးတို့သည် နေ့ဆွမ်းလာပို့သူတို့နှင့်အပြိုင် ရောက်လာနေကြဆဲ။ ကျောင်းသားကိုရင်များထံ မုန့်ချိုင့်များကို ပေးထားခဲ့ပြီးလျှင် ဘုရားရှင်ကိုဦးချ၊ တဘက်ကလေးကို အသာမပြီး မိမိရှေ့မှောက်သို့ရောက်ရောက်လာကြပါသည်။

"ဒီနေ့ မလိခသင်္ဘောနဲ့ ကြွမှာလားဘုရား"

"ဘယ်နှစ်နှစ်ကြာမှာပါလဲဘုရား"

"မြန်မြန်ပြန်ခဲ့ပါဘုရား" -စသော မေးမြန်းလျှောက်ထားသံတို့ကို မနားတမ်း ဖြေကြားပေးနေခဲ့ရပါသည်။

စာရေးသူ၏ မနီးမဝေးရှိ ကျောင်းဒကာကြီးများ၏ ရေနွေးဝိုင်းသည်လည်း အတော်စည်ကားနေသည်ကို တွေ့မြင်ရ ပါသည်။ နောက်ထပ်နောက်ထပ် အသစ်အသစ် ရောက်ရောက်လာသော ဒကာ/ဒကာမများနှင့် စာရေးသူတို့ အပြန်အလှန် နှုတ်ဆက်မေးမြန်းနေကြသည်ကို နားစွင့်ထောင်လိုက်ကြ၊ ရေနွေးကလေးသောက်လိုက်ကြ၊ မုန့်ကလေးများစားလိုက်ကြဖြင့် အတော်ကို ဟန်ကျနေကြပါသည်။ အခြားတစ်ဘက်တွင်လည်း ကျောင်းဒကာကြီး များဝိုင်းနှင့်အပြိုင် လှဖေဘတို့ လူလတ်ပိုင်း ရေနွေးကြမ်းဝိုင်းသည်လည်း အတော်ပင်စည်ကားနေခဲ့ပါသည်။

"ဆရာတော် စာသင်ကြွမှာက ဘယ်ကိုတဲ့လဲ လှဖေဘရဲ့"

"သီရိလင်္ကာကိုတဲ့ဟ၊ မင်း ခုမှ ရွာကိုပြန်ရောက်လာတာလား မောင်ရ"

"အင်းလေ၊ ဆရာတော် ဒီနေ့ကြွမယ်ကြားလို့ အလုပ်ကလေးတွေအသာထားပြီး ပြေးလာခဲ့တာဟ၊ ညနေပြန်သွားရဦးမယ်"

"မင်း ခုလို မြစ်ထဲ ချောင်းထဲမှာ လုပ်ကိုင်စားသောက်နေရတာ ပင်ပန်းပါတယ်ကွာ၊ ဆရာတော်နောက်က လိုက်သွားပါလား မောင်ရ"

"အေး၊ လိုက်တော့လိုက်ချင်သား၊ အိမ်ကဟာကြီးကို ဘယ်သူနဲ့ထားခဲ့ရမှာတုန်းဟ၊ မဖြစ်ပါဘူးကွာ"

"ဟားဟားဟား"

တောဓလေ့သည် အတော်ချစ်ခင်စရာကောင်းလှပါ၏။ ဝမ်းရေးအတွက် ပင်ပင်ပန်းပန်းရှာဖွေစားသောက်နေကြ ရလင့်ကစား ရယ်စရာမောစရာကလေးများဖြင့် အချင်းချင်းစကြနောက်ကြရင်း ဘဝအမောကို ဖြေဖျောက်တတ် ကြ၏။ တစ်ယောက်ကိုတစ်ယောက် ကူညီဖေးမ ယိုင်းပင်းတတ်ကြ၏။ သည်ဒကာ/ဒကာတွေကို ခဏတာခွဲခွါ၍ ပညာရေးအတွက် ခရီးထွက်ရပေဦးမည်။ လှဖေဘတို့ ဝိုင်းမှအသံကို နားစွင့်အတွေးပွါးနေမိခိုက် တုန်ရီသော်လည်း

ပီသကြည်မြသောအသံဖြင့် "ဦးဇင်း..ဦးဇင်း.." ဟုခေါ်လိုက်သံက နားထဲသို့ တိုးဝင်လာ၏။

"အော်-အဘောင်ချေ" (စာရေးသူတို့ဒေသ၌ အဘွား၏ညီမကို အဘောင်ချေ ဟုခေါ်ပါသည်။)

"ဦးဇင်း ဘယ်လောက်ကြာမှာလဲ ဘုရား"

"အင်း..၊ တစ်နှစ်လောက်တော့ ကြာမှာပေါ့၊ ကျန်းမာရေးဂရုစိုက်ပါနော်၊ ဦးဇင်းပြန်ရောက်အောင် စောင့်နေနော်"

"ဦးဇင်းပဲ ဟောထားတယ်လေ၊ ဘယ်နေ့သေမယ်ဆိုတာကို ဘယ်သူသိနိုင်မှာတဲ့လဲ"

"အင်း..၊ ဟုတ်တော့လဲ ဟုတ်ပါရဲ့၊ ဒါပေမယ့် ဦးဇင်းပြန်ရောက်အောင်တော့ စောင့်ပါနော်၊ သေမသွားနဲ့ဦး၊ သေမင်းလာခေါ်ရင်လည်း ဦးဇင်းက သူပြန်ရောက်အောင် စောင့်ပါလို့ မှာခဲ့တယ်လို့ တောင်းပန်ထားပေါ့"

"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ စောင့်ပါမယ်၊ ဦးဇင်းလည်း ကျန်းမာရေးကို ဂရုစိုက်ပါနော်"

"စိတ်ချပါ အဘောင်ချေ"

"ပြန်လာခဲ့နော်"

"ပြန်ခဲ့မှာပေါ့"

"ငါ့မြေးဦးဇင်း သွားလေရာ လာလေရာမှာ ခလုပ်မထိ ဆူးမငြိဘဲ လိုရာခရီးပေါက်မြောက် အောင်မြင်ပါစေ၊ ပေး၍ မကုန် လှူ၍မခမ်း အလိုရှိသလို လှူဒါန်းနိုင်ပါစေ၊ ကျန်းမာချမ်းသာ လိုရာဆန္ဒ ပြည့်ဝပါစေ...."

"ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ အဘောင်ချေ"

(အဘောင်ချေ ဒေါ်ဖြူနုချေ)

Grand_Mom

ဤကားအဘောင်ချေလက်သုံး နိဂုံးချုပ်စကားဖြစ်ပါ၏။ လက်အုပ်ကလေး တချီချီဖြင့် ဆုပေးစကားရွတ်ဆို ဦးချလေ့ရှိ၏။ "ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ အဘောင်ချေ" ဟု စာရေးသူက ပြန်ပြောလိုက်လျှင် သဘောကျ ကြေနပ်သောအပြုံးဖြင့် ပြုံးနေလေ့ရှိ၏။ အဘောင်ချေသည် သည်ရွာတွင် အသက်အကြီးဆုံးစာရင်းဝင်ဖြစ်၏။ အသက် (၈၀)ကျော်ပြီဖြစ်၏။ အသက်(၈၀) ကျော်ပြီဆိုသော်လည်း ဘုန်းကြီးကျောင်းသို့ အရောက်လာနိုင်သေး၏။

အပတ်စဉ် ဥပုသ်စောင့်၏။ ရွာထဲက သာရေးနာရေးမှန်သမျှ အရောက်သွားကာ ကူညီဖေးမလေ့ရှိ၏။ နေ့စဉ် ဘုရား ရှိခိုး၊ တရားအားထုတ်၊ မေတ္တာပို့ အမျှဝေလေ့ရှိ၏။ တစ်ရွာလုံးက အဘွားအရင်းသဖွယ် ချစ်ခင်လေးစားမြတ်နိုး ခံရ သူပေတည်း။

ရေနွေးကြမ်းဝိုင်းမှ ကျောင်းဒကာကြီးများ အနားသို့ရောက်လာကြ၏။ အရေးကြီးစကား လျှောက်ထားချင်ကြပုံ ရပါသည်။ အတန်ကြာ ခေါင်းချင်းရိုက်နေကြသည်ကိုလည်း လှမ်းမြင်ခဲ့လိုက်မိပါသည်။

"ဆရာတော်၊ တကယ်တော့ ဒီနှစ်သီတင်းကျွတ်ရင် ဒီကျောင်းကြီးကို ဖြိုဖျက်ပြီး ကျောင်းသစ်ဆောက်မလို့ စီမံ ထားကြတာပါဘုရား၊ ဆရာတော်လည်းသိပါတယ်။ ခုက ဆရာတော်လည်း စာသင်ကြွမယ်ဆိုတော့ တပည့်တော် တို့ အနေနဲ့ မတားသာပါဘုရား။ သို့သော်လည်း တပည့်တော်တို့ ရပ်သူရွာသားများကိုယ်စား လျှောက်ထားလိုတာ -ကတော့ စာမေးပွဲပြီးရင်ပြန်ခဲ့ပါဘုရား။ ဒီကျောင်းကိုပြန်လည် တည်ဆောက်မယ့် အရေးရယ်၊ မနှစ်ကမှ တည်ထားဖြစ်ခဲ့ကြတဲ့ စေတီတော်မှာ လိုအပ်တာတွေ ဆောက်လုပ်ရမယ့် အရေးရယ်မှာ ဆရာတော်ဦးဆောင်ပါမှ အဆင်ပြေပါလိမ့်မယ်ဘုရား။

"အင်း အင်း..၊ ပြန်ခဲ့မှာပါ၊ သို့သော်လည်း ဦးဇင်းမရှိတဲ့ ကြားကာလမှာ စွမ်းနိုင်ကြရင်လည်း စွမ်းနိုင်သမျှ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်းနှုင်းနဲ့ ဆောင်ရွက်ထားလိုက်ကြပါ။"

"တင်ပါ့ဘုရား၊ ဒီစကားကြားရတာနဲ့တင် အားရှိကြပါပြီ၊ စကားမစပ်...ဆရာတော်မရှိခင် ကာလမှာ ဒီကျောင်းမှာ ဘယ်ဆရာတော် သီတင်းသုံးမှာပါလဲ ဘုရား"

မှန်၏။ သည်မေးခွန်းသည်ကား သူတို့အတွက် တကယ့်အရေး မမေးမဖြစ်သော မေးခွန်းပေတည်း။ ဗုဒ္ဓဘာသာဝင် များ နေထိုင်သောရွာမှန်လျှင် ရွာကြီးသည်ဖြစ်စေ၊ သေးသည်ဖြစ်စေ၊ ရွာဦးထိပ်တွင် ဘုန်းတော်ကြီးကျောင်း တစ်ကျောင်းနှင့် ရပ်ရွာ၏ လောကီစီးပွါး လောကုတ္တရာစီးပွါးတို့ကို ဟောကြားညွှန်ပြပေးနိုင်မည့် ကျောင်းထိုင် ပုဂ္ဂိုလ်တစ်ပါးကို အလိုရှိကြမြဲသာဖြစ်ပါ၏။ (မွေးသည်မှ သေသည့်တိုင်အောင် ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့၏ ဓလေ့ ရိုးရာ ထုံးတမ်းအစဉ်အလာတို့သည် ဆရာနှင့်ဒကာ ညီညာဖြဖြ လက်တွဲဆောင်ရွက်ကြခြင်းဖြင့်သာ အောင်မြင် ပြီးမြောက်နိုင်သည် မဟုတ်ပါလော။)

"အင်း...၊ ကျောင်းထိုင်ဘုန်းကြီးအတွက်က ဦးဇင်းသူငယ်ချင်းတစ်ပါးကို လျှောက်ထားပါတယ်၊ သူကလည်း တစ်မိုးတစ်ဝါတော့ နေပေးပါ့မယ်လို့ ကတိပေးထားတယ်။ အဲဒီအတွက်ကတော့ဖြင့် မပူပါနဲ့။ အကယ်၍ အကြောင်းတစ်စုံတစ်ခုကြောင့် သူမလာဖြစ်ရင်လည်း ဆရာတော်ကြီးတွေ စီစဉ်ပေးပါလိမ့်မယ်၊ ဟိုတစ်နေ့ ကတည်းက ဆရာတော်ကြီးတွေကို သွားကန်တော့ရင်း လျှောက်ထားခဲ့ပြီးပါပြီ။ "

(မှတ်ချက်။ ။ စာရေးသူတို့ဒေသ၌ များသောအားဖြင့် ဘုန်းတော်ကြီးကျောင်းအတော်များများသည် ဂဏသံဃိက ဖြစ်ကြပေရာ ကျောင်းတစ်ကျောင်း၌ ကျောင်းထိုင်ဘုန်းကြီးပြတ်လပ်လျှင် ဆိုင်ရာဂိုဏ်းသံဃာတော်များက ရွေးချယ်စိစစ်၍ ကျောင်းထိုင်အသစ် တင်မြှောက်လေ့ ရှိကြပါသည်။)

(ကျွန်းဦးရှင်ပင် စေတီတော်)

ဤသို့ဖြင့် နေ့ဆွမ်းဘုန်းပေးအပြီးတွင် ဘုရားရှင်ကိုကန်တော့၍ သင်္ဘောဆိပ်ရှိရာသို့ ထွက်လာခဲ့ကြပါသည်။ ခြေလျင်လျှောက်လာခဲ့ကြပြီး လမ်းတွင် "အဝီတောင်" ပေါ်သို့တက်ကာ "ကျွန်းဦးရှင်ပင်စေတီတော်" ကို ဖူးမြှော်ကြပါသည်။ (အဆိုပါစေတီတော်ကို ရမ်းဗြဲကျွန်း၊ ရမ်းဗြဲမြို့သို့ ရေလမ်းခရီးဖြင့်လာခဲ့ပါလျှင် သင်္ဘောဆိပ်သို့ မရောက်မီ "တန်းချောင်း" (ရမ်းဗြဲမြို့ကိုဖြတ်သန်းစီးဆင်းပြီး မြစ်နှင့်ဆက်နေသောချောင်းဖြစ်ပါသည်) နံဘေးတွင် ကြည်ညိုဖွယ်ရာ ဖူးတွေ့နိုင်ပါသည်။) လိုက်ပို့သူများနှင့်အတူ နေပူပူအောက်တွင် အမှတ်တရ ဓာတ်ပုံရိုက်ကြ ပါသည်။ တောင်ပေါ်သို့မတက်ပဲ တောင်အောက်မှ ကျန်ခဲ့သူများလည်းအများပင်ရှိပါသေးသည်။

(လိုက်ပို့သူဒကာ/ဒကာမများနှင့်အမှတ်တရ)

သင်္ဘောဆိပ်တွင် စောင့်ဆိုင်းနေကြစဉ် မလိခအမြန်ယာဉ်ဆိုက်ရောက်လာပါသည်။ ဒကာ/ဒကာမများလည်း ကန်တော့ကြ၊ နှုတ်ဆက်စကားဆိုကြနှင့် ဆူညံသွားပါ၏။ ဤသို့ဖြင့် အားလုံးကိုလက်ပြနှုတ်ဆက်ရင်း သီရိလင်္ကာမှာ တစ်နှစ်တာပညာရေးခရီးအတွက် သင်္ဘောပေါ်သို့လှမ်းတက်လိုက်ပါတော့၏။

(မလိခ အမြန်ယာဉ်)

(အပိုင်း (၂) ဆက်ရေးပါမည်) အရှင်ဝိသာရဒ (ရမ္မာဝတီ)

Last Updated on Saturday, 18 December 2010 22:15

0 comments:

လာလည်ကြသူများ

ဤဘလော့ဂ်၏ ရည်ရွယ်ချက်

ယခုအခါ ကမ္ဘာတလွှားတွင်ရှိနေကြသော ဓမ္မဘလော့ဂ်ဂါများသည် နေ့ စဉ်နှင့် အမျှ အင်တာနက် စာမျက်နှာများ ပေါ်တွင် ဓမ္မနှင့်သက်ဆိုင်သော အကြောင်းအရာ အမျိုးမျိုးကို ပို့ စ်များရေးတင်လျက် ရှိနေကြပါသည်။

ဘလော့ဂ်ဂါများမှ မိမိတို့ ၏ကိုယ်ပိုင် စာမျက်နှာများမှတဆင့် ရေးတင်နေကြသဖြင့် ဖတ်ရှုလေ့လာသူများအတွက် နေရာများစွာသို့  သွားရောက် ဖတ်ရှုနေကြရပါသည်။

ထို့ ကြောင့် စာဖတ်သူများ အချိန်ကုန်သက်သာစေရန်နှင့် မိမိတို့  ဖတ်ရှုလိုရာကို လွယ်လင့်တကူ ရှာဖွေနိုင်ရန် နေ့ စဉ်ရေးသား နေကြသော အကြောင်းအရာများကို တနေရာတည်းတွင် စုစည်းပေးလိုသော ရည်ရွယ်ချက်ဖြင့် ဤဘလော့ဂ်ကို စီစဉ်လိုက်ခြင်းဖြစ်ပါသည်။

ပြောချင်တာများရှိရင် ရေးပေးထားခဲ့ပါ

မြန်မာပြက္ခဒိန်

မြန်မာပြက္ခဒိန်
www.burmeseclassic.com မှ ကူးယူဖော်ပြပါသည်။

  © Blogger templates The Professional Template by Ourblogtemplates.com 2008

Back to TOP